“သစ်တွေ အလွန်အကျွံခုတ်ခဲ့တာကြောင့် ကျနော်တို့ ဒေါနတောင်တန်းက အခုဆိုရင် တောင်ခေါင်းတုံးလိုဖြစ်နေပြီ” ဟု မြဝတီမြို့မှ ကုန်သည်တဦးဖြစ်သည့် ဦးအောင်မျိုးက ထိုင်းမြန်မာနယ်စပ်အနီး ကရင်ပြည်နယ်အတွင်းမှ ဒေါနတောင်တန်းကြီးကို ညွှန်ပြရင်း ပြောသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားဝင်ဖြတ်သန်း သွားလာခွင့်ရှိသည့် နေရာ ၅ ခုအနက် ထိုင်းနိုင်ငံမှ နယ်စပ်မြို့တမြို့ဖြစ်သည့် မဲဆောက်နှင့် ဘေးချင်းကပ်နေသော ထိုနေရာတွင် တချိန်က တရားမဝင် သစ်ခိုးထုတ်မှုများဖြင့် အလွန်စည်ကားနေခဲ့ပြီး ယခုမရှိတော့ခြင်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးသမားများကြောင့်တော့ မဟုတ်ဟု ဦးအောင်မျိုးက ဆိုသည်။
“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကဆိုရင် ဒီနယ်စပ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံကို တရားမဝင်သစ်တွေ အများကြီး ပို့ခဲ့ကြတယ်။ အခုအချိန်မှာတော့ ဒေါနတောင်တွေပေါ်မှာ သစ်ပင်နည်းနည်းပဲ ကျန်တော့တယ်” ဟု သူကပြောသည်။
မြောက်မှ တောင်သို့ ကီလိုမီတာ ၃၅၀ ခန့်ရှည် လျားသည့် ဒေါနတောင်တန်းသည် မြဝတီနှင့် ကော့ကရိတ် မြို့နယ်များကို ၂ ပိုင်း ပိုင်းထားပြီး ထိုင်းနိုင်ငံအနောက်ပိုင်း ကုန်းမြင့်ဒေသများအစွန်သို့ မရောက်မီ နိမ့်ဆင်းပျောက်ကွယ်သွားသည်။ ယခင်က ဒေါနတောင်တန်းပေါ်တွင် မြန်မာနိုင်ငံမှ ထင်ရှား၍ တန်ဖိုးကြီးသော ကျွန်းသစ် အပါအဝင် သစ်တော များ ထူထပ်များပြားစွာ ရှိခဲ့သည်။
သို့သော်လည်း ဦးအောင်မျိုး ပြောခဲ့သလိုပင် ဆယ်စုနှစ်တခုကျော်မျှ ကာလအတွင်းတွင် တရားဝင် သစ်ထုတ်လုပ်မှုနှင့် တရားမဝင် ထုတ်လုပ်မှုတို့ ပေါင်းစပ်၍ သစ်တောများကို ပြောင်စင်အောင် ခုတ်ယူခဲ့ကြကြောင်းကို ကုလသမဂ္ဂ၏ စာရင်းဇယား များတွင်လည်း အခိုင်အမာ ဖော်ပြထားသည်ကို တွေ့ရသည်။
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က မြန်မာနိုင်ငံ၌ ၂၀၁၀ မှ ၂၀၁၅ အတွင်းတွင် သစ်တောပြုန်းတီးမှုက ပျမ်းမျှ တနှစ်လျှင် ၁ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး သစ်တောဖုံးလွှမ်းမှုက ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်ဟုပြောသည်။ လွန်ခဲ့သော ၁၅ နှစ်အထိ မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှု ရာခိုင်နှုန်းက ၆၅ ရာခိုင်နှုန်း ရှိခဲ့သည်ဟု လည်းသိရသည်။
မူဝါဒချမှတ်သူများက မြန်မာနိုင်ငံ၏ သစ်တော များ နည်းပါးလာသည်ကို ဒီတိုင်းထိုင်ကြည့်မနေခဲ့ပါ။ ပြီးခဲ့သည့် ဧပြီလကစ၍ နိုင်ငံခြားသို့ သစ်အလုံး လိုက်တင်ပို့ခြင်းကို တားမြစ်ပိတ်ပင်ခဲ့ပြီး နိုင်ငံအတွင်းတွင် တန်ဖိုးမြင့် ကုန်ချောထည်အဖြစ်ပြုလုပ်ပြီးမှသာ တင်ပို့ရန်သတ်မှတ်ခဲ့ပါသည်။ ထိုသို့တားမြစ်ခဲ့သော်လည်း တရားမဝင်တင်ပို့မှုက ဆက်လက်တည်ရှိနေခဲ့ ကြောင်း အစိုးရက အဆက်မပြတ်ဖမ်းဆီးရမိနေသော အမှုများက သိသာနေသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ် အများစုမှ တရုတ်နယ်စပ်အနီး မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ ကုန်သွယ်ရေး လမ်းကြောင်းများပေါ်တွင် ဖြစ်သည်။
ဒီဇင်ဘာလ ၁ ရက်နေ့က စစ်ကိုင်းတိုင်း ကသာ မြို့နယ်တွင် သက်ဆိုင်ရာအာဏာပိုင်များက ပိုင်ရှင်မဲ့ သစ်အမြောက်အမြား ဖမ်းဆီးရမိခဲ့သည်ဟု အစိုးရပိုင် Global New Light of Myanmar သတင်းစာက ဖော်ပြခဲ့သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့တခုက ရွှေလီမြစ်ရှိ လှော်ကစင်း ဆိပ်ကမ်းတွင် သစ်လုံး ၅၄ တန်ကို တွေ့ရှိခဲ့သည်။ သစ်မှောင်ခိုများက ကနန်းမီကြိုးဝိုင်းမှ သစ်များကို ခုတ်ယူပြီး မြစ်ကြောင်းတလျှောက် သယ်ယူခြင်း မပြုမီ သိုဝှက်ထားခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း ရဲအဖွဲ့က ပြောသည်။
အစိုးရပိုင်သတင်းစာတွင် ထိုသို့ဖော်ပြခဲ့သလို ပင် အစိုးရအနေဖြင့်လည်း တရားမဝင်သစ်ခိုးထုတ်မှု ပြဿနာ၏ အတိုင်းအတာကို စတင်အသိအမှတ်ပြု နေပြီဖြစ်သည်။ သို့သော်လည်း ပွင့်လင်းမြင်သာမှု ပိုရှိလာရန် များစွာလိုအပ်နေသေးသည်ဟု ပြည်တွင်း NGO တခုဖြစ်သည့် Economically Progres-sive Ecosystem Development (EcoDev) ၏ ဒါရိုက်တာ ဦးဝင်းမျိုးသူက ဧရာဝတီသို့ ယခုနှစ် အစောပိုင်းတွင် ပြောကြားခဲ့သည်။
“သစ်တောပြုန်းတီးမှုက မြန်မာနိုင်ငံအတွက် တကယ်ကို စိုးရိမ်စရာ ဖြစ်လာနေပါတယ်။ လက်ရှိ သစ်တောပြုန်းတီးမှုနှုန်းနဲ့ ကျန်ရှိနေသေးတဲ့ သစ်တော ဖုံးလွှမ်းမှု ပမာဏကို အမှန်အတိုင်း ဖော်ပြထားတဲ့ ကြေညာချက်တခု ထုတ်ပြန်ပေးဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက အစိုးရကို တိုက်တွန်းနေကြပါတယ်” ဟု ဦးဝင်းမျိုးသူက ပြော သည်။
အစိုးရကထုတ်ပြန်သော အချက်အလက်များ အရ ၂၀၁၃ ခုနှစ် မတ်လတွင် ပြီးဆုံးခဲ့သော ဘဏ္ဍာ ရေးနှစ်အတွင်းတွင် မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သစ်တင်ပို့မှုပမာဏ စုစုပေါင်းက ကုဗတန် ၁ ဒသမ ၂၄ သန်းရှိခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့သည်ဟု ရိုက်တာသတင်းဌာနက ယမန်နှစ်က ရေးသားခဲ့သည်။ ကျွန်းသစ်တခုတည်းက ဒေါ်လာ ၃၅၉ သန်း ရရှိခဲ့သည်ဟု သိရသည်။ သို့သော်လည်း တရားမဝင် မှောင်ခိုဈေးကွက်မှ တဆင့်လွှဲပြောင်းရောင်းချမှုက သစ်ပမာဏရော ဝင်ငွေပါ များစွာပိုမိုလိမ့်မည်ဟု အများစုက လက်ခံ ထားကြသည်။
“သစ်ထုတ်လုပ်မှု အရမ်းများနေရတာက အစိုးရက ဥပဒေနဲ့အညီ ထိန်းသိမ်းဆောင်ရွက်နိုင်မှုနဲ့ နိုင်ငံခြားတင်ပို့မှုကို ကန့်သတ်ထားပေမယ့် သစ် တရားမဝင် ထုတ်လုပ်မှုကို ထိန်းချုပ်နိုင်မှု အားနည်း လို့ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းမှ အကြီးတန်း အကြံပေးတဦးဖြစ်သော ဦးဘာဘာချိုက ပြောသည်။
“တိုင်းပြည်အတွင်းမှာ ကြီးမားတဲ့သစ်တောကြီး တွေ ရှိနေတယ်။ သစ်တောဌာန တာဝန်ရှိသူတွေ အနေနဲ့ ဒီဧရိယာတွေအားလုံးကို ထိန်းချုပ်မထား နိုင်ဘူး။ ဒါကြောင့် ဒီလိုရလဒ်ဖြစ်လာပါတယ်” ဟု သူက ထပ်ပြောသည်။
အားလုံးမှာ တာဝန်ရှိသည်
တိုင်းပြည်၏ သဘာဝ သယံဇာတများကို ဆယ်စုနှစ်နှင့်ချီ၍ သိမ်းပိုက်ရယူခဲ့သော ယခင် စစ်အစိုးရ အဖွဲ့ဝင်များအပေါ် ဝေဖန်ပြစ်တင်မှုများ မကြာခဏ ရှိခဲ့သော်လည်း အစွန်အဖျားဒေသများမှ တဒါဇင်မကသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည်လည်း သူတို့၏ လုပ်ငန်းများနှင့် ခေါင်းဆောင်များအတွက် ဘဏ္ဍာငွေရှာဖွေရာတွင် သယံဇာတ အရင်းအမြစ်များကို အသုံးချခဲ့ကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေး ပွင့် လင်းလာခြင်းနှင့်အတူ လတ်တလောနှစ်များအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြားတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်များရရှိလာခြင်းကလည်း တိုင်းပြည်တွင်သစ်တော များအလျင်အမြန် ပြုန်းတီးနေခြင်းကို သဘာဝပတ် ဝန်းကျင်အရရော ထိန်းသိမ်းရေးအရပါ ဆွေးနွေးဖို့ ဖြစ်လာစေခဲ့သည်။
မြန်မာနိုင်ငံတွင်းတွင် တရားမဝင်သစ်များ ရောင်းဝယ်ဖောက်ကားနေခြင်းနှင့် တိုင်းပြည်အပြင် သို့ ရောင်းထုတ်ခြင်းကို ရပ်တန့်ရန်အတွက် သီးခြား ဖြစ်သော်လည်း ဆက်စပ်နေသော အင်အားနှစ်ခု လိုအပ်သည်ဟု ဦးဘာဘာချိုက ပြောသည်။ အစိုးရ နှင့် အိမ်နီးချင်းနိုင်ငံများကြား ဆက်ဆံရေးနှင့် ပြည်တွင်းမှ တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရ၏ ဆက်ဆံရေးတို့ ဖြစ်သည်။
နယ်စပ်ဒေသများ၌ တရားမဝင်သစ် ထုတ်လုပ် ခြင်းသည် အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့ များ၊ ၎င်းတို့၏ အဖွဲ့ဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သက်ဆိုင်နေပါသည်။ ၎င်းတို့ကို ဖမ်းမိလျှင်ပင် ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ထိခိုက်နိုင်ခြေရှိခြင်းကို အစိုးရက စိုးရိမ်သည့်အတွက် အရေးယူ အပြစ်ပေး ခြင်းနှင့် ရင်ဆိုင်ရခြင်း မရှိပါ။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ် တောရေးရာဝန်ကြီးဌာန၏ ဥပဒေနှင့်အညီ ဆောင် ရွက်နိုင်ရေးမှာလည်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ ပဋိပက္ခများကြောင့် အကန့်အသတ်ဖြစ်နေပြီး လူ့ အခွင့်အရေးနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ ကိစ္စများ တွင် မှတ်တမ်းအမျိုးမျိုးဝင်နေသည့် အဖွဲ့အစည်း တခုဖြစ်သည့် အစိုးရ စစ်တပ်သည်သာလျှင် သစ် ကုန်ကူးမှုကို စောင့်ကြပ်နိုင်သည့် အနေအထားတွင် ရှိနေသည်။
မြဝတီနှင့် မဲဆောက်နယ်စပ်တွင် အစိုးရများ ကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်သို့ တရားမဝင် သစ်ခိုးထုတ်မှု လျော့ကျ သွားသော်လည်း မှောင်ခိုသမားက အမှောင်ထုကို အကာအကွယ်ယူ၍ ခွဲစိတ်ခြင်း မပြုရသေးသည့် သစ်လုံးများကို ၂ နိုင်ငံကို ပိုင်းခြားထားသည့် သောင်ရင်းမြစ်ကို ဖြတ်ကျော် သယ်ဆောင်နေကြ ဆဲဖြစ်သည်ဟု ဦးအောင်မျိုးက ပြောသည်။
“ဒါပေမယ့် အခုတော့ တရားမဝင်ပို့နေတဲ့ သစ်လုံးအရေအတွက်က သိသိသာသာ လျော့ကျ သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းရဲက လည်း တရားမဝင်သစ်တွေ သယ်လာတဲ့ကားတွေ လူတွေကိုတွေ့ရင် ဖမ်းနေလို့ပါ။ အရင်လို မဟုတ် တော့ပါဘူး” ဟု သူကဆိုသည်။
မြဝတီခရိုင် ရဲအဖွဲ့မှ အရာရှိတဦးဖြစ်သော ဦးမိုးညိုကလည်း သောင်ရင်းမြစ်ကို အသုံးပြု၍ သစ်မှောင်ခိုထုတ်မှု အနည်းငယ်ရှိနေဆဲဖြစ်သည်ဟု အတည်ပြုခဲ့သည်။
“အစိုးရရဲ့မူဝါဒက အရေးကြီးပါတယ်။ အစိုးရ က နိုင်ငံခြားသစ်တင်ပို့မှုကို ကန့်သတ်လိုက်တာကို ကျနော် သဘောတူပါတယ်။ ကျနော်တို့ သစ်တော ပြုန်းတီးမှုနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတယ်။ အရင်က ဒီနေရာပတ်ဝန်းကျင်မှာ ထူထပ်တဲ့ သစ်တော တွေ ရှိခဲ့တယ်။ အခု မရှိတော့ဘူး” ဟု ဦးမိုးညိုက ပြောသည်။
တရားမဝင် သစ်ခိုးထုတ်မှုကို နှိမ်နင်းနိုင်ရန် အတွက် မြန်မာအစိုးရက ရဲတပ်ဖွဲ့၊ အကောက်ခွန် ဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနနှင့် ဒေသအာဏာပိုင်များ ပါဝင်သည့် မိုဘိုင်း အထူးအဖွဲ့များကို ဖွဲ့စည်းခဲ့ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၏ မိုဘိုင်းအဖွဲ့မှ ရရှိသည့် အချက်အလက်များ အရ ၂၀၁၂ ခုနှစ်မှ ပြီးခဲ့သည့် နိုဝင်ဘာလအထိ ကာလအတွင်းတွင် အမေရိကန်ဒေါ်လာ ၁၈ သန်း ကျော်တန်ဖိုးရှိ တရားမဝင်သစ်များ ဖမ်းဆီးသိမ်းယူ နိုင်ခဲ့သည်ဟု သိရသည်။ အများဆုံးမှာ တရုတ် မြန်မာနယ်စပ်တွင် ဖြစ်သည်။
“တကယ်တော့ ကျနော် သိသလောက်ဆိုရင် မိုဘိုင်းအဖွဲ့က သိမ်းဆည်းနိုင်ခဲ့တဲ့ ပမာဏက သစ်တောဌာနကသိမ်းယူခဲ့တာ စုစုပေါင်းရဲ့ ၁ ရာခိုင် နှုန်းပဲရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းဝင်း က ပြောသည်။ သူ၏ မှန်းဆချက်အရဆိုလျှင် ဖမ်းဆီးရမိသည့် တရားမဝင်သစ်တန်ဖိုး စုစုပေါင်း က အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံအထိ ရှိနိုင်သည်။
“ကျနော်သိသလောက်တော့ ဖမ်းမိတဲ့သစ်တွေ အားလုံးနီးပါးက တရုတ်နိုင်ငံကိုပို့နေတုန်း ဖမ်းမိ တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကိုပို့တဲ့ သစ်ပမာဏက အရမ်းနည်းပါတယ်။ တခါတလေဆိုရင် မရှိသ လောက်ပဲ” ဟု ဦးသန်းဝင်းက ပြောသည်။
AEC လာပြီ
လာမည့်နှစ်တွင် အာဆီယံ စီးပွားရေး အသိုက် အဝန်းစတင်လာသည့်အခါ မြန်မာနိုင်ငံမှ သစ်တော ပြုန်းတီးမှုနှင့် ဒေသတွင်းဈေးကွက်တွင် ပြိုင်ဆိုင်မှုများ တိုးလာသည့်အခါ ပြည်တွင်းကုမ္ပဏီများ၏ စွမ်းဆောင်နိုင်မှုများအပေါ် မည်သို့ သက်ရောက်မှု ရှိလာမည်ကို မသိရသေးပါ။
AEC ၏ နောက်ဆုံးရည်မှန်းချက်က အဖွဲ့ဝင် ၁၀ နိုင်ငံအတွင်းတွင် ကုန်စည်အားလုံးကို ကုန်သွယ် ခွန်ကင်းလွတ်ခွင့်ပြုရေးဖြစ်ပြီး မြန်မာအခြားအဖွဲ့ဝင် နိုင်ငံ ၃ ခုမှာမူ တန်ဖိုးမြှင့် သစ်အချောထည် ပစ္စည်းများ အပါအဝင် ကုန်စည်အချို့တွင် အဆိုပါ အနေအထားသို့ ၂၀၁၈ ခုနှစ်တွင်မှ ရောက်ရှိမည် ဖြစ်သည်။
အဆိုပါ အားနည်းချက်များရှိနေသည့် မြန်မာနိုင်ငံသည် ပိုမိုဖွံ့ဖြိုးသော အိမ်နီးချင်းနိုင်ငံအချို့နှင့် ယှဉ်ပြိုင်ရာတွင် တန်ဖိုးမြှင့် သစ်လုပ်ငန်းကုမ္ပဏီများအတွက် တားမြစ်ကန့်သတ်မှုများ၊ ဗျူရိုကရေစီ ကြိုးနီစနစ်များကို ဖယ်ရှားပေးသင့်ကြောင်းနှင့် သစ်အကြမ်းထည်တင်ပို့သည့် လုပ်ငန်းများအတွက် ပိုမို ဆွဲဆောင်မှုရှိ၍ တရားဝင်ဖြစ်သော အခြားနည်းလမ်းများကို ပြုလုပ်ပေးသင့်ကြောင်း ပါရမီစကားဝိုင်းအဖွဲ့မှ အကြီးတန်းအကြံပေး ဦးတင်ချိုကပြောသည်။
ပြည်ပမှ ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရာတွင် အဆိုပါ ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အကာအကွယ်ပေးရန် အစိုးရက အခွန်ကင်းလွတ်ခွင့်ပေးသည့် နည်းကိုလည်း အသုံးပြုနိုင်သည်ဟု သူက ဆိုသည်။ Parami Roundtable Group သည် AEC အကြောင်းကို ပြည်တွင်းတွင် ပိုမိုသိရှိလာစေ ရန် လေ့ကျင့်သင်တန်းများ ပေးနေသည့် လူထု အခြေပြု အဖွဲ့အစည်းတခု ဖြစ်ပါသည်။
စီးပွားရေးပညာရှင် တဦးဖြစ်သည့် ဒေါက်တာ အောင်ကိုကိုကလည်း ဦးတင်ချို၏ မှတ်ချက်များကို ထောက်ခံခဲ့သည်။ အစိုးရအနေဖြင့် ပို့ကုန်စက်မှုလုပ်ငန်းများ ခေတ်မီ တိုးတက်လာစေရန် အားထုတ် သင့်သည်ဟု သူကထပ်ပြောသည်။
“တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်ဖို့ ကျနော်တို့မှာ နည်းပညာမရှိဘူး။ ဒါကြောင့် နည်းပညာ တိုးတက်လာအောင် အစိုးရက ဆောင်ရွက်ပေးသင့်ပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကိုလည်း အားပေးရပါမယ်။ အဲဒါနဲ့ ပတ်သက်လို့ ပိုမိုကောင်းမွန်တဲ့ မူဝါဒတွေ လိုအပ်ပါတယ်” ဟု ဒေါက်တာ အောင်ကိုကိုက ပြောသည်။
“သစ်လုံးတွေအတိုင်း ပို့ကြတာက တခြားနိုင်ငံတွေမှာ ဈေးကွက်ကြီးကြီး ရှိတဲ့အတွက်ကြောင့်ပါ။ တကယ်လို့ တန်ဖိုးမြှင့် ကုန်ချောထုတ်မယ်ဆိုရင် အချိန်၊ ငွေနဲ့ နည်းပညာလိုပါတယ်။ ဒါကြောင့် တခြားနိုင်ငံတွေကို မှောင်ခိုလမ်းကနေပဲ သစ်တွေ တင်ပို့နေကြတာဖြစ်ပါတယ်” ဟု သူက ထပ်ပြော သည်။
အဆိုပါကိစ္စသည် နောက်လာမည့်နှစ်တွင် အာဏာရရှိလာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ရင်ဆိုင်ရမည်ဖြစ်သော စိန်ခေါ်မှု အမြောက်အမြားထဲမှ တခုသာဖြစ်ပါသည်။
“အစိုးရသစ်အတွက် တာဝန်ကြီးပါတယ်။ ပြည်တွင်းလုပ်ငန်းတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သူတို့ ရှာဖွေရပါတော့မယ်။ လုပ်ငန်းဆောင်ရွက်မှုတွေ အဆင်ပြေချောမွေ့ဖို့နဲ့ မူဝါဒပြောင်းလဲဖို့လည်း လိုအပ်နေပါတယ်” ဟု ဒေါက်တာ အောင်ကိုကိုက ပြောသည်။
ပြဿနာကို မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံအတွက် နစ်နာရမည်ဖြစ်သည်။ သစ်ပင် သစ်တောများ ဆုံးရှုံးခြင်းသာမကဘဲ အစိုးရအတွက် အသည်းအသန် လိုအပ်နေသည့် ဝင်ငွေလည်း ဆုံးရှုံးမည်ဖြစ်သည်။
“လေ့လာမှုတခုအရဆိုရင် မြန်မာနိုင်ငံမှာ ၅ မိုင် အချင်းဝက်ရှိတဲ့ သစ်တောထဲမှာ နေထိုင်သူ သန်း ၂၀ လောက်ရှိပြီးတော့ မြစ်ကြောင်းတွေတလျှောက်မှာ နေထိုင်သူက ၆ သန်းလောက်ရှိပါတယ်။ တကယ်လို့ သူတို့မှီခိုနေရတဲ့ ရေတွေ သစ်တောတွေ မကြာခင် လျော့ပါးပျောက်ကွယ်သွားမယ်ဆိုရင် အဲဒီပြည်သူတွေ ထိခိုက်နစ်နာရပါလိမ့် မယ်” ဟု EcoDev မှ ဦးဝင်းမျိုးသူက ဧရာဝတီသို့ ယခုနှစ် အစောပိုင်းတွင် ပြောကြားခဲ့ပါသည်။ ယခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၌ အဆိုးဝါးဆုံးသော ရေလွှမ်းမိုးမှုအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပါသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Illegal Timber Trade Still Bedevils in ‘Balding’ Burma ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)