ရန်ကုန်မြို့ လမ်းဘေးဆိုင်များတွင် ဘီယာဝယ်သောက်မည့်သူတွေအတွက် ယခင်ကဆိုလျှင် ရွေးချယ်စရာ သိပ်မရှိပါ။ များသောအားဖြင့် မြန်မာဘီယာ မှာသောက်ကြလိမ့်မည်။ တခါတရံ ပိုပြင်းသွားအောင် ပြည်တွင်းဖြစ် ဝီစကီ အနည်းငယ် ရောလိုက်ကြသည်။
ယခုအချိန်မှာတော့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးများက စစ်အစိုးရခေတ်က ကာကွယ်ထားသည့် ဈေးကွက်တခုကို ဖွင့်ပေးလိုက်ပြီး ဒိန်းမတ်နိုင်ငံမှ Carlsberg နှင့် ၎င်း၏ ပြိုင်ဘက် ဟော်လန်မှ Heineken တို့ ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဘီယာစတင် ထုတ်လုပ်နေပြီ ဖြစ်သည့်အတွက် ရွေးချယ်စရာ ပိုများလာသည်။
မြန်မာဘီယာနှင့် အခြားအမှတ်တံဆိပ် ၄ မျိုးကို ထုတ်လုပ်နေသည့် Myanmar Brewery Limited (MBL) အနေဖြင့် အာရှတွင် ဘီယာသောက်သုံးမှု အနည်းဆုံးနိုင်ငံများထဲတွင် အပါအဝင်ဖြစ်ခဲ့သည့် မြန်မာနိုင်ငံတွင် လျှင်လျှင်မြန်မြန် တိုးတက်လာဖွယ်ရှိနေသော စားသုံးသူဈေးကွက်တွင် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးများနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ MBL က မြန်မာစစ်တပ်နှင့် ဆက်စပ်နေသည့် ကုမ္ပဏီတခု ဖြစ်သည်။
စတင်ဖွင့်လှစ်ပြီး လအနည်းငယ်အကြာမှာပင် Heineken က ရန်ကုန်ရှိ ၎င်းတို့စက်ရုံမှ ထုတ်လုပ်မှုကို လီတာ ၂၅ သန်းမှ သန်း ၅၀ အထိ ၂ ဆ မြှင့်တင်နိုင်ခဲ့ သည်ဟု Heineken ဘီယာထုတ်လုပ်သည့် APB Alliance Brewery Company မှ မန်နေးဂျင်း ဒါရိုက်တာ Lester Tan က ပြောသည်။
ကုမ္ပဏီက ၃ နှစ် သို့မဟုတ် ၄ နှစ်မျှ ဆောင်ရွက်ရမည်ဟု မျှော်လင့်ထားခဲ့သော လုပ်ငန်းတိုးချဲ့ရေးအစီအစဉ်ကို အရှိန် အဟုန်မြှင့်နိုင်ခဲ့သည်ဟု သူက ပြောသည်။
“Heineken ရောင်းချရတဲ့ ပမာဏက မျှော်မှန်းတာထက်ကို များတဲ့အတွက် ကျနော်တို့ အားလုံး အံ့အားသင့်ခဲ့ရပါတယ်” ဟု Lester Tan က ဆိုသည်။
Heineken မှ ထုတ်လုပ်သည့် ဈေးနှုန်းသက်သာသော Regal Seven အမှတ်တံဆိပ်ဘီယာက Myanmar Beer ကို တဖြည်းဖြည်းချင်း ယှဉ်ပြိုင်နိုင်လာသည်ဟုလည်း သူက ပြောသည်။
သို့သော်လည်း ယခုအချိန်အထိ Myanmar Beer က မြန်မာနိုင်ငံ ဘီယာဈေးကွက်၏ ၃ ပုံ ၂ ပုံခန့်ကို လွှမ်းမိုးထားဆဲ ဖြစ်သည်။ ထို့ပြင် MBL က အခြား အစိုးရ ကျောထောက်နောက်ခံရ ကုမ္ပဏီများကဲ့သို့ မိမိတို့၏ ဈေးကွက် လွှမ်းမိုးနိုင်မှု အပေါ် ကျေနပ်ရောင့်ရဲ မနေဘဲ မြန်မာနိုင်ငံမှ ဖောက်သည်သစ်များ ကျေနပ်နှစ်ချိုက်မှုရစေရန် ၎င်း၏ ပုံရိပ်နှင့် ထုတ်ကုန်များကို ပြင်ဆင်ပြောင်းလဲမှုများ လျှင်လျှင်မြန်မြန် ဆောင်ရွက်ခဲ့သည်။
“ဈေးကွက်မှာ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်” ဟု MBL ၏ အစုရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံ Kirin ဘီယာကုမ္ပဏီ က အမေရိကန်ဒေါ်လာ သန်း ၅၆၀ ဖြင့် စင်ကာပူကုမ္ပဏီ Fraser and Neave (F&N) ထံမှ ဝယ်ယူခဲ့ပြီးနောက် MBL ၏ မန်နေးဂျင်း ဒါရိုက်တာဖြစ်လာသော Hiroshi Fujikawa က ပြောသည်။
“တခုကတော့ ဒီနှစ်ထဲမှာ Heineken နဲ့ Carlsberg တို့က ဈေးကွက်ထဲကို ဝင်ရောက်လာပြီးတော့ အဆင့်မြင့်ဘီယာနဲ့ ပြည်တွင်းဖြစ် ဘီယာတွေ ရောင်းချလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက်ယှဉ်ပြိုင်မှု အခြေအနေက လုံးဝကို ပြောင်းလဲသွားပါလိမ့်မယ်။ ပိုပြီးတော့လည်း ပြင်းထန်လာပါလိမ့်မယ်” ဟုလည်း ဆိုသည်။
Heineken နှင့် Carlsberg တို့က သူတို့၏ စက်ရုံများ တည်ဆောက်နေသည့် အချိန်တွင် MBL က ပုလင်း အသေး ပုံစံတမျိုးကို ထပ်မံထုတ်လုပ်ခဲ့သည်။ ဈေးးကွက်မြှင့်တင်နေရေး ဆောင်ရွက်မှုများကို တနိုင်ငံလုံး အတိုင်းအတာ တိုးချဲ့လာခဲ့ပြီး လူငယ်မျိုးဆက်သစ်များကို ဦးတည်သည့် အနေဖြင့် hip-hop နှင့် ဂီတပွဲများကို ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် အရက်သေစာ ကြော်ငြာခြင်းကို တားမြစ်ထားပါသည်။
MBL တွင် နိုင်ငံခြား ဘီယာလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု သမိုင်းကြောင်းကလည်း အငြင်းပွားမှုများ ဖြစ်စေခဲ့သည်။ စစ်တပ် ကျောထောက်နောက်ခံပေးထားသည့် ကုမ္ပဏီကြီး တခုဖြစ်ပြီး MBL ၏ အစုရှယ်ယာ ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် (MEHL) နှင့် F&N တို့ကြားတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့် နောက်ပိုင်းတွင် Kirin က F&N ၏ ရှယ်ယာများကို ဝယ်ယူခဲ့သည်။ F&N သည် ၁၉၉၀ နှစ်များ အလယ်ပိုင်းလောက်ကထဲက MBL တွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ တိုးတက်လာနေသော စီးပွားရေးမှ အခြားလုပ်ငန်းကဏ္ဍများကဲ့သို့ ပင် ဘီယာထုတ်လုပ်သည့် ကုမ္ပဏီများ အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုများထဲမှ တခုမှာ ကျွမ်းကျင်လုပ်သား ရရှိရေး ဖြစ်သည်။
“ဒီက အလုပ်သမားတွေကတော့ တိုးတက်လာနိုင်တဲ့ အလားအလာတွေ အများကြီး ရှိတာကိုတွေ့ရပါတယ်” ဟု Hiroshi Fujikawa က MBL နှင့် MEHL တို့နှင့် ပတ်သက်၍ ပြောသည်။ Kirin က ဝန်ထမ်းများကို ဂျပန်နိုင်ငံသို့ ခေါ်ယူ သင်တန်း ပေးနေသည်ဟု သူက ထပ်ပြောသည်။
MEHL သည် မြန်မာနိုင်ငံရှိ စစ်တပ်ပိုင် ကုမ္ပဏီကြီး ၂ ခုအနက်မှ တခုဖြစ်သည်။ ၎င်းတို့သည် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းမှသည် စူပါမားကက်များအထိ လုပ်ငန်းကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံထားပြီး အကျိုးအမြတ်များကို စစ်သည် များနှင့် ၎င်းတို့၏ မိသားစုများ သက်သာချောင်ချိရေးနှင့် ပင်စင်ရံပုံငွေ အဖြစ် အသုံးပြုသည်ဟု ဆိုသည်။
MEHL သည် အမေရိကန်၏ အရေးယူပိတ်ဆို့မှုစာရင်းတွင် ပါဝင်နေပြီး အမေရိကန် စီးပွားရေးလုပ်ငန်းများ အနေဖြင့် ၎င်းနှင့် စီးပွားရေး တွဲဖက်လုပ်ကိုင်ခြင်းကို ကန့်သတ်ထားသည်။
ဂျပန် ကုမ္ပဏီများအတွက် ထိုကဲ့သို့ ကန့်သတ်တားမြစ်မှုမျိုး မရှိသော်လည်း MEHL နှင့် အတူလုပ်ကိုင်သည့် အတွက် ဂုဏ်သိက္ခာပိုင်းတွင် အန္တရာယ်ရှိသည်ကို သတိပြုမိကြောင်း Hiroshi Fujikawa က ပြောသည်။
သောက်သုံးသူ မျိုးဆက်သစ်
၂၀၁၄ ခုနှစ်အတွင်းတွင် MBL ၏ စုစုပေါင်းရောင်းချမှု အမေရိကန်ဒေါ်လာ ၂၀၁ သန်းရှိပြီး အသားတင်ဝင်ငွေ ဒေါ်လာ ၅၁ သန်း ရရှိခဲ့သည်ဟု သိရသည်။
သုတေသန ကုမ္ပဏီတခုဖြစ်သည့် Euromonitor International က အမေရိကန် ဒေါ်လာ ၃၇၅ သန်းတန်ဘိုးရှိသည့် မြန်မာ့ဘီယာဈေးကွက်သည် လျှင်လျှင်မြန်မြန်ဖွံ့ဖြိုးလာပြီး ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၇၅ သန်း ရှိလာမည်ဟု ခန့်မှန်းထားသည်။ လူဦးရေ ၅၁ သန်းရှိသည့် မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် အတွင်းတွင် ဘီယာသောက်သုံးမှုက ဖျမ်းမျှတဦးလျှင် ၃.၂ လီတာ ရှိခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှ သောက်သုံးမှု၏ ၁၀ ပုံ ၁ ပုံမျှသာဖြစ်သည်။
လက်ရှိဖောက်သည်များကို ထိန်းသိမ်းထားရမည် ဖြစ်သလို ဘီယာသောက်သုံးသူ လူငယ် အရေအတွက် တိုးလာခြင်းကို အလေးထားရန်လည်း အရေးကြီးသည်ဟု Hiroshi Fujikawa က ဆိုသည်။
“ကျနော်တို့ ပြောင်းလဲဆန်းသစ်မှုတွေ လိုအပ်ပါတယ်။ လူငယ်တွေက သူတို့ အဖေတွေသောက်တဲ့ ဟာမျိုးကို မသောက် ချင်ကြဘူး” ဟု သူက ရိုက်တာသို့ ပြောသည်။
တန်ဘိုးမြင့် ဘီယာဈေးကွက်တွင် Carlsberg နှင့် Heineken တို့ကို ယှဉ်ပြိုင်နိုင်ရန်အတွက် အဆင့်မြင့်ဘီယာ အ သစ်တခုကို စတင်မိတ်ဆက်နိုင်ရန် MBL က စီစဉ်နေသည်။
တိုင်းပြည် တံခါးဖွင့်လိုက်သည့် အချိန်တွင် စိန်ခေါ်သူများ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်မှာ MBL တခုတည်း မဟုတ်ပါ။
အစိုးရပိုင် တယ်လီဖုန်းလုပ်ငန်း ဖြစ်သည့် မြန်မာ့ ဆက်သွယ်ရေး (MPT) သည်လည်း ပြီးခဲ့သည့် နှစ်က ဝင်ရောက်လာသည့် နိုင်ငံခြား တယ်လီဖုန်း ကုမ္ပဏီ ၂ ခုကို ယှဉ်ပြိုင်နိုင်ရန် အတွက် ဂျပန်နိုင်ငံမှ KDDI Corp နှင့် Sumitomo Corp တို့ နှင့် လက်တွဲခဲ့ရသည်။
MPT က ကြိုတင်ငွေဖြည့်ထားသည့် ဖုန်းကတ်များကို ကမ္ဘာလှည့် ခရီးသည်များကို ဒေါ်လာ အနည်းငယ်မျှဖြင့် စတင် ရောင်းပေးနိုင်ရန် စီစဉ်နေသည်။ မိုဘိုင်းဖုန်းများ အလွန်ရှားပါး၍ ဖုန်းကတ် တကတ်လျှင် ဒေါ်လာရာနှင့် ချီ၍ ပေးခဲ့ရသည့် လွန်ခဲ့သော နှစ် အနည်းငယ်ခန့်ကဆိုလျှင် စဉ်းစား၍ပင် မရနိုင်သည့် ဈေးနှုန်းမျိုး ဖြစ် သည်။
အစိုးရပိုင် Myanmar Airways (မြန်မာ့လေကြောင်း) ကလည်း Myanmar National Airlines ဟု ယမန်နှစ်က အမည်ပြောင်းလဲခဲ့သည်။ လေယာဉ်များကို အဆင့်မြှင့်တင်ခြင်းနှင့် နိုင်ငံတကာခရီးစဉ်များ တိုးချဲ့ခြင်းများ ပြုလုပ်ခဲ့သည်။
(Reuters သတင်းထောက် Timothy Mclaughlin ၏ Myanmar Beer undergoes facelift as it takes on new rivals ကို ဆီလျော်အောင် ဘာသာပြန်သည်)