နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အံ့အားသင့်စရာ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်းက ပြည်သူတို့၏ လွတ်မြောက်လိုသော စိတ်ဆန္ဒကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။ NLD ၏ “ပြောင်းလဲချိန်တန်ပြီ” ဆိုသည့် ကြွေးကြော်သံကလည်း ဆိုးရွားသည့် ဆင်းရဲနွမ်းပါးမှုတွင်းမှ လွတ်မြောက်လိုကြသော မြန်မာပြည်သူ အများစု၏ ပြင်းပြသော စိတ်ဆန္ဒကို ဖော်ပြနေသည်။
သမ္မတ ဦးသိန်းစိန်၏ လက်ရှိအစိုးရ လက်ထက်တွင် စီးပွားရေးပြဿနာများကို ဖြေရှင်းရာတွင် တိုးတက်မှု အနည်းငယ်မျှသာ ရရှိခဲ့သည်။ အစိုးရက ၂၀၁၁ ခုနှစ် အစောပိုင်းတွင် မဝံ့မရဲ စတင်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် အစောပိုင်းမှ စ၍ စီးပွားရေး ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက်ဆောင်ရွက်ခဲ့သည်။ အရေးပါသည့် အပြောင်းအလဲများထဲတွင် မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေ လဲလှယ်မှု ထိန်းချုပ်ထားခြင်းကို အဆုံးသတ်စေခဲ့ပြီး နှုန်းရှင်နှင့် ပုံမှန်ဖြစ်စေခြင်း၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေသစ်တခုကို ပြဌာန်းနိုင်ခဲ့ခြင်း၊ ဘဏ်များအတွက် လွတ်လပ်ခွင့် အသစ်များ ( ATM စက်များ၊ debit နှင့် credit ကတ်များ ပေါ်လာခြင်း) ရရှိလာခြင်း၊ သွင်းကုန် အခွန်များနှင့် ခွဲတမ်းစနစ်ကို လျှော့ချလိုက်ခြင်း၊ ဗဟိုဘဏ်ကို ပိုမို လုပ်ပိုင်ခွင့်ပေးခြင်းနှင့် နိုင်ငံတကာ တယ်လီဖုန်းကုမ္ပဏီများကို မြန်မာနိုင်ငံတွင် လုပ်ငန်းလာရောက် လုပ်ကိုင်ခွင့်ပြုခြင်းများ ပါဝင်ပါသည်။
နိုင်ငံရေးအရလည်း အလားတူပင်ဖြစ်သည်။ တိုင်းပြည်မှာ ပွင့်လင်းမှုတွေ ရှိလာသည်။ စာနယ်ဇင်း လွတ်လပ်ခွင့်များ ရှိလာပြီး အစိုးရ၏ အားနည်းချက်များကိုပင် သတင်း အသေးစိတ် ရေးသား ဖော်ပြနိုင်လာသည်။
သို့သော်လည်း မြန်မာ့စီးပွားရေး၏ အဓိက တွန်းအား အခြေခံ ဖွဲ့စည်းမှုများမှာမူ များစွာ မတို့မထိဘဲ ကျန်ရှိနေဆဲဖြစ်သည်။ အစိုးရ သက်တမ်းကြာလာသည်နှင့်အမျှ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်က ရပ်တန့်လုနီးပါး အထိ နှေးကွေးလာခဲ့သည်။ အချို့နေရာများတွင် စတင်၍ နောက်ပြန်လှည့်သွားခြင်းများပင် ရှိခဲ့သည်။ မြန်မာ ကျပ်ငွေ တန်ဘိုးကျဆင်းခြင်းကို အကြောင်းပြု၍ အစိုးရက နိုင်ငံခြားငွေကြေးဈေးကွက်ကို ထိန်းချုပ်စွက်ဖက်ခြင်းများ ပြန်လည်ပြုလုပ်လာပြီး စီးပွားရေးတွင် ဒေါ်လာငွေက အဓိကဖြစ်နေခြင်းကို ဆန့်ကျင်တိုက်ဖျက်မှုများ ပြုလုပ်လာခဲ့သည်။ ကုမ္ပဏီများ၏ နိုင်ငံခြားငွေ လဲလှယ်ရေး ကိစ္စများတွင်လည်း ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ဒေါ်လာငွေ ရှားပါးမှု ပေါ်ပေါက်လာစေခဲ့သည်။
နိုင်ငံခြားနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေစေရန် တည်ဆဲ ရင်းနှီးမြှုပ်နှံမှု ဥပဒေများကို ပြင်ဆင် မွမ်းမံရေးက တိတ်ဆိတ်စွာ ချောင်ထိုးခံနေရချိန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တားမြစ်သည့် လုပ်ကွက်များ စာရင်းကလည်း တိုးလာသည်။ ကဏ္ဍ အသီးသီးတွင် လွတ်လပ်မှုများ ကျယ်ပြန့်လာသော်လည်း အများစုကို မြန်မာနိုင်ငံမှ နာမည်ဆိုးနှင့် ကျော်ကြားသည့် ခရိုနီများသာ ရရှိနိုင်ခဲ့သည်။ ၎င်းတို့သည် လုပ်ပိုင်ခွင့်များ၊ ပါမစ်များ ရယူခြင်းကို ကျွမ်းကျင်သည့် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည်။ ဈေးကွက်တွင်လည်း နေရာတိုင်းတွင် လိုင်စင်စနစ်ကို အသုံးပြုနေဆဲ ဖြစ်သည်။
နိုင်ငံခြား ဘဏ်များကို ခွင့်ပြုပေးလိုက်သဖြင့် ရောက်လာကြသည်။ အစပိုင်းတွင် ဘဏ် ၉ ခုကိုသာ အကန့်အသတ်ဖြင့် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့သည် နိုင်ငံခြားသားများကိုသာ ငွေထုတ်ချေးခွင့် ရရှိထားသည်။ ဘဏ်များတွင် ATM စက်များနှင့် credit ကတ်များ ရှိလာပြီ ဖြစ်သော်လည်း ၎င်းတို့ အနေဖြင့် လိုချင်သော အတိုးနှုန်းများ ကောက်ယူနိုင်ခြင်း မရှိသလို ကာလရှည်ချေးငွေများ သို့မဟုတ် အပေါင်ပစ္စည်းမဲ့ ချေးငွေများ ထုတ်ပေးခွင့် မရှိပါ။ တောင်သူလယ်သမားများကို ငွေချေးနိုင်ခြင်း မရှိသလို ဘဏ်ဖွင့်ချိန်၊ ပိတ်ချိန်ကိုပင် သူတို့ ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။ မြန်မာနိုင်ငံမှ ဘဏ်အများစုမှာ အပေါင်ဆိုင် အကြီးစားများထက် အနည်းငယ်မျှ သာသည့် အနေအထားတွင် ရှိနေဆဲဖြစ်ပါသည်။
ပြီးခဲ့သည့် နှစ်များအတွင်း ချမှတ်ခဲ့သည့် မူဝါဒများကိုကြည့်လျှင် အပေါ်ယံမျှသာ ပြောင်းလဲနိုင်ခဲ့သည့် ဘဏ်လုပ်ငန်းကဲ့သို့ ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံ့စီးပွားရေး တခုလုံးအတွက် ဘာမှ အရာမထင်ပါ။
ဆိုးမွေ
ထို့ကြောင့် တစိတ်တပိုင်းသာ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ထားသည့် စီးပွားရေးတခုနှင့် အလွန်ဆင်းရဲသော တိုင်းပြည်တခု၏ တာဝန်များကို NLD က ဦးဆောင်သည့် အစိုးရသစ်က အမွေဆက်ခံရတော့မည် ဖြစ်သည်။ ဦးသိန်းစိန်၏ အစိုးရ လက်အောက်တွင် အနည်းငယ်သာ ပြောင်းလဲမှုရှိခဲ့သော မူဝါဒချမှတ်သည့် အဖွဲ့အစည်းများက စွမ်းဆောင်ရည် နည်းခြင်း၊ အခြေခံ အဆောက်အဦးများ အဆင့်မမီခြင်း၊ စွမ်းအင် မလုံလောက်ခြင်း၊ ပိုင်ဆိုင်မှု အခွင့်အရေးများ လုံခြုံမှု မရှိခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ အခြေခံများနှင့် ငွေကြေးခိုင်မာမှုမရှိခြင်း၊ ကျွမ်းကျင်သော လုပ်သားအင်အားနည်းပါးခြင်း နှင့် လူမျိုးရေး ဘာသာရေးဆိုင်ရာ ပဋိပက္ခများ ရှိနေခြင်းတို့ကို ရင်ဆိုင်နေရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ယခုအချိန်အထိ စုစည်း တည်ငြိမ် ခိုင်မာသော စီးပွားရေးကို မရနိုင်သေးပါ။
မက်ခရို စီးပွားရေး (macro-economy) မှာလည်း အခြေအနေ ဆိုးနေသည်။ မြန်မာနိုင်ငံတွင် ဘတ်ဂျက်လိုငွေပြမှု၊ ကုန်သွယ်ရေး လိုငွေပြမှု၊ ငွေကြေးဖောင်းပွမှု မြင့်မားခြင်း (ယခုနှစ်ကုန်တွင် ၁၃ ရာခိုင်နှုန်း ဖြစ်လာနိုင်သည်ဟု စီးပွားရေး ပညာရှင် အချို့က ခန့်မှန်းထားသည်) နှင့် နိုင်ငံခြားငွေလဲနှုန်း အတက်အကျမြန်ဆန်မှု တိုးလာခြင်းများ ကြုံတွေ့နေရသည်။
ဘဏ္ဍာရေး လိုငွေပြမှုမှာ ရငွေနှင့် သုံးငွေ ၂ မျိုးလုံးတွင် ပြဿနာများ ရှိနေသောကြောင့် ဖြစ်သည်။ စစ်တပ်က ဖောဖော သီသီ သုံးစွဲခြင်း၊ အခွန်ကောက်ခံနိုင်မှု စွမ်းရည် အားနည်းခြင်းနှင့် အကြီးအကျယ် အရှုံးပေါ်နေသော နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကြောင့် ဖြစ်သည်။ ထို့ပြင် ဝင်ငွေရရှိနိုင်သည့် အရင်းအမြစ်များမှ အစိုးရ ဘဏ္ဍာထဲသို့ ရောက်ရှိရေးမှာလည်း ခက်ခဲမှုများ ရှိနေပုံရသည်။
အဆိုပါ ပြဿနာများ အားလုံးအရ မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှုကို ငွေကြေးထောက်ပံ့ရေး တာဝန်က ဗဟိုဘဏ် ထံသို့ ဆက် လက်ကျရောက်သွားရန် ရှိနေပါသည်။ ပေါ်သို့ ဆက်လက်ကျရောက်မည်ဖြစ်သည်။ သို့ဆိုလျင် ဗဟိုဘဏ်သည် မည်၍မည်မျှ လွတ်လပ်စွာ ရပ်တည်လုပ်ကိုင်နိုင်စွမ်းရှိမည်က အရေးကြီးလာပြန်သည်။
မြန်မာနိုင်ငံ၏ အစိုးရသစ်အနေဖြင့် စစ်မှန်သောပြုပြင်ပြောင်းလဲရေးအတွက် မတ်စောက်ကြမ်းတမ်းသော လမ်းကို ရင်ဆိုင်ရမည်ဟု ပြောလျှင် ချဲ့ကားပြောခြင်း မဟုတ်ပါ။
မည်သည့် နေရာ၊ မည်သည့် အချိန်တွင်ကမှ ယခုကဲ့သို့ ပြောင်းလဲမှုအတွက် ကြီးမားသော တာဝန်ဖြင့် အာဏာရရှိလာ သည့် သို့မဟုတ် ယခုကဲ့သို့ အလွန်စိတ်အားထက်သန်သော ထောက်ခံသူများ ရှိနေသည့် အစိုးရမျိုး မရှိနိုင်ပါ။ မကောင်းသော အချက်မှာ ပြည်သူများကြားတွင် မျှော်လင့်ချက်များ သာမန်ထက် ပိုမိုမြင့်မားနေပြီး ကဏ္ဍ အများအပြားတွင် လျှင်မြန်သည့် မယုံနိုင်စရာ တိုးတက်မှုများ ပေါ်ပေါက်လာရေးကို အလွန် စိတ်အားထက်သန်နေကြမည် ဖြစ်သည်။ ကောင်းသည့် အချက်မှာ ပြည်သူတို့၏ ထောက်ခံယုံကြည်မှုကို ရရှိခြင်းက NLD ခေါင်းဆောင်သည့် အစိုးရ၏ ဆောင်ရွက်မှုတွင် အားနည်းဆုံးရှုံးမှုများ ရှိပါကလည်း စိတ်မပျက်ဘဲ နားလည်ပေးနိုင်စေရန် အထောက်အကူဖြစ်မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးကို ပြောင်းလဲနိုင်ရေးအတွက် မတ်လကုန်ပိုင်းတွင် အစိုးရဖွဲ့စည်းပြီးနောက် နယ်ပယ်အမြောက် အများတွင် အလျှင်အမြန် အကောင်အထည်ဖော်နိုင်ရန် NLD က ၎င်း၏ မူဝါဒများကို ပုံဖော်နေသည်။
မိုက်ခရိုစီးပွားရေးတွင် NLD ၏ ချဉ်းကပ်မှုက အခွန်ကောက်ခံမှုဆိုင်ရာကို ပိုမို အလေးအနက်ထားသွားမည် ဖြစ်သည်။ အခွန်ကောက်ခံမှုစနစ်ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ပြုပြင်ပြောင်းလဲခြင်း၊ ရရှိလာသည့် အခွန်ဘဏ္ဍာငွေကို အလေအလွင့် မရှိအောင် ထိန်းသိမ်းခြင်းများ ပြုလုပ်ရင်း သုံးစွဲသည့်ဘက်တွင်လည်း တင်းတင်းကျပ်ကျပ် စိစစ်ရေးကို အလေးပေးမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပေါ် ထွန်းလာစ ငွေတိုက်စာချုပ်နှင့် ရှယ်ယာဈေးကွက်များကို ပြုပြင်ပြောင်းလဲခြင်းနှင့်အတူ နောက်ဆုံးတွင် ဗဟိုဘဏ်ကိုလည်း အမှန်တကယ် လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် အခွင့်အာဏာ ပေးအပ်သင့်ပါသည်။ ဘဏ္ဍာရေးဆိုင်ရာဘက်တွင် လက်ရှိအချိန်၌ ပြည်တွင်းဘဏ်များက ၎င်းတို့အတွက် ပြိုင်ဘက်ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် အစိုးရကို တောင်းဆိုထားခြင်းကြောင့် ကန့်သတ်မှုများ ကြုံတွေ့နေရသည့် microfinance အသေးစား ငွေကြေးဝန်ဆောင်မှု အဖွဲ့အစည်းများ ရပ်တည်နိုင်ရေး နှင့် မြန်မာနိုင်ငံတွင် လိုအပ်နေသော ဘဏ်များကိုယ်တိုင်က အရင်းအနှီး စုစည်းနိုင်ရေးနှင့် ပြန်လည်ခွဲဝေနိုင်ရေးများကို ခွင့်ပြုပေးခြင်း အပါအဝင် သိသာမြင်သာသည့် လွတ်လပ်ခွင့် အချို့ကို ပေးရန် NLD က စီစဉ်ထားသည်။
စိုက်ပျိုးရေး ပထမ
NLD ၏ စီးပွားရေး မူဝါဒတွင် စိုက်ပျိုးရေးက အဓိက ဦးစားပေးတခု ဖြစ်လာပါမည်။ စစ်အစိုးရများ လက်ထက်တွင် တောင်သူလယ်သမားများသည် ခံစားခွင့် မရှိခဲ့ဘဲ မည်သည့်သီးနှံကို မည်ကဲ့သို့ စိုက်ပျိုး ထုတ်လုပ်မည်ဆိုသည်ပင် ကိုယ်တိုင် ဆုံးဖြတ်နိုင်လောက်အောင် လွတ်လပ်ခွင့် မရှိဘဲ ဥပေက္ခာပြု ခံခဲ့ကြရသည်။ ဈေးကွက်နှင့်လည်း ဆက်သွယ်နိုင်ခြင်း မရှိဘဲ စိုက်ပျိုးရေးထွက်ကုန်များကို ၎င်းတို့နေထိုင်ရာ ပြည်နယ်နှင့် တိုင်းများ၏ ပြင်ပတွင် ရောင်းချခြင်းအား တားမြစ်ခြင်းများပင်လျှင် ရင်ဆိုင်ခဲ့ရသည်။ သင့်တင့်သော နှုန်းထားနှင့် ချေးငွေလည်း မရရှိခဲ့ကြပါ။ ထို့ကြောင့် ပြင်ပငွေတိုးချေးသူများထံမှ ၁ လလျှင် ၁၀ မှ ၂၀ ရာခိုင်နှုန်း အထိရှိသော အတိုးနှုန်းဖြင့် ချေးယူကြရသည့် အတွက် သူတို့ ကြိုးစားသလောက် အကျိုးအမြတ် မခံစားကြရပါ။ ထိုသို့ကြုံတွေ့နေရစဉ် စိုက်ပျိုးမြေများကို လွန်ခဲ့သော နှစ်များ အတွင်းမှသည် လတ်တလောအထိ စစ်တပ်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အထူးအခွင့်အရေး ရရှိထားသည့် နိုင်ငံခြား ကုမ္ပဏီများကပင်လျှင် သိမ်းယူခြင်းများနှင့် ရင်ဆိုင်ခဲ့ကြရသည်။
တောင်သူလယ်သမားများ၏ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ခွင့်ကို တိုးမြှင့်ပေးရန် သူတို့ တတ်နိုင်သည့် နှုန်းထားဖြင့် ကျေးလက်ချေးငွေ စနစ်တခု ဖန်တီးရေး စတင်ရန်၊ ငွေကြေး အထောက်အပံ့အတွက် ပြည်တွင်းနှင့် နိုင်ငံတကာမှ စီးပွားဖက်များနှင့် ပူးပေါင်းရန်နှင့် လယ်သမားများကို ဈေးကွက်နှင့် ဆက်သွယ်ပေးနိုင်ရန် လိုအပ်သော အရေးပါသည့် အခြေခံ အဆောက်အဦးများ တည်ဆောက်ရန် NLD က ကတိပြုခဲ့ြ့ပီး ဖြစ်သည်။ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး မြှင့်တင်ရန်နှင့် မျှတသော လျော်ကြေးငွေ ရရှိရေးကလည်း မြေယာများကို လုံခြုံမှုပေးခြင်းကဲ့သို့ NLD ၏ အားထုတ်မှုတွင် အဓိက နေရာမှ ရှိနေမည်ဖြစ်သည်။ ထိုကဲ့သို့ ကျေးလက်ဒေသတွင် ရင်းနှီး မြှုပ်နှံမှုများကို ခွင့်ပြုပေးမှသာ လယ်ယာ ကုန်ထုတ်စွမ်းအား တိုးတက်လာခြင်း၏ အကျိုးကျေးဇူးကို ရရှိနိုင်မည် ဖြစ်ပါသည်။
မငြင်းနိုင်သည်မှာ NLD ဦးဆောင်သည့် အစိုးရတွင် ယခင်အစိုးရများ မရရှိနိုင်သည့် အားသာချက်များ ရှိနေခြင်း ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတကာ စီးပွားဖက်များ၏ မျက်နှာသာပေးမှုတွင် ဖြစ်သည်။ ပုဂ္ဂလိက ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (အများစုမှာ အနောက်နိုင်ငံများမှ) သိသိသာသာ တိုးလာသည်ကို မြင်ရနိုင်ပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အများအပြားက ရွေးကောက်ပွဲရလဒ်နှင့် နောက်ဆက်တွဲနိုင်ငံရေး တည်ငြိမ်မှု အခြေအနေကို စောင့်ကြည့်နေကြပါသည်။
နိုင်ငံတကာ အကူအညီ
အားလုံးက ချောမွေ့စွာ ဆက်သွားနေလျှင် အစိုးရသစ် တက်လာပြီးနောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏ ထူထူးခြားခြား တိုးတက်လာဖွယ်ရှိနေပြီး အများစုက မြန်မာအစိုးရ သို့မဟုတ် အင်စတီကျူးရှင်းများနှင့် နီးကပ်စွာ ဆွေးနွေးညှိနှိုင်းမှု လမ်းကြောင်းများ ဖြစ်လာပါလိမ့်မည်။ အလုပ်အကိုင် နေရာများ ဖန်တီးရေးကို အလေးပေးမည်ဟု NLD က ပေးထားသည့် ကတိအတိုင်း အလုပ်အကိုင်နေရာများလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိလာနိုင်ပါသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်(ADB) တို့၏ ရှိနှင့်ပြီးသော အကူအညီများကဲ့သို့ပင် နိုင်ငံတကာ အကူအညီများလည်း ရှိလာမည်ဖြစ်သည်။ နိုင်ငံခြားအစိုးရများနှင့် ပြည်တွင်းတွင် လာရောက်လုပ်ကိုင်နေသော နိုင်ငံတကာအေဂျင်စီများကိုလည်း ထည့်သွင်းနိုင်ပါသေးသည်။
ထိုသို့ ထောက်ပံ့မှုများနှင့် အတူ NLD ဦးဆောင်သော အစိုးရ၏ ဘဏ္ဍာငွေ ခွဲဝေချထားမှု ပိုမိုလာခြင်းသည် နောက်ဆုံးတွင် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် မြှင့်တင်ရေး တာဝန်ကို စတင်နိုင်မည် ဖြစ်သည်။ ကျန်းမာရေး ဝန်ဆောင်မှုနှင့် ပညာရေးတွင် ပိုမိုသုံးစွဲခြင်း၊ ၎င်းတို့အတွက် ချည်းကပ်ပုံစနစ် (methodologies) နှင့် နည်းပညာ(technologies)တို့ကို ပိုကောင်းမွန်လာစေခြင်းတို့ က NLD ၏ မူဝါဒများ၏ အဓိက ဗဟိုချက်တွင် ရှိနေပြီး ထို့အတွက်ကြောင့်လည်း ထောက်ခံသူများကိုလည်း စိတ်အားတက်ကြွစေခဲ့သည်။
လိုအပ်သော အပြောင်းအလဲများအတွက် ၁၉၄၈ ခုနှစ် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း မည်သည့်ကာလထက်မဆို ယခုအချိန်က မြန်မာနိုင်ငံအတွက် ပိုနီးလာပြီ ဖြစ်သည်။ ယခုအချိန်တွင် အသွင်ကူးပြောင်းရေး မျှော်လင့်ချက်များက မိုးထိအောင် မြင့်မားနေသည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့စဉ်က ပြည်သူတို့ မျှော်လင့်ချက် ကြီးစွာ ထားခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က ပယ်ဖျက်ခဲ့သည်ကိုသာ မြင်တွေ့ခဲ့ရသည်။ ယခုအချိန်မှာတော့ အခွင့်အရေး လက်လွတ်မခံသင့်တော့ပါ။ မလိုလားအပ်သည့် အကြောင်းအရာများ မလွဲမသွေ ပေါ်ပေါက်လာစေမည့် ကိစ္စများကိုလည်း သည်းခံမနေသင့်ပါ။ ဘယ်ကိုသွားမှန်း မသိသည့် လမ်းပေါ်တွင် ရှိနေရမည့်အစား တချိန်က အပယ်ခံ နိုင်ငံတခုနှင့် ၎င်း၏ လွတ်လပ်ပြီး ဖူလုံသည့် စီးပွားရေးသည် အိမ်ပြန်ရန် စတင် ဦးလှည့်လိုက်နိုင်ပြီဟု ဆိုနိုင်ကောင်း၏။
(Nikkei Asia Review ပါ Sean Turnell ၏ Myanmar’s democracy dividend begins with an economic re-boot ကို နိုင်မင်းသွင် ဘာသာပြန်သည်။ Sean Turnell သည် သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ စီးပွားရေးပညာ တွဲဘက်ပါမ္ခောတဦး ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးတဦးလည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စနစ်နှင့် ပတ်သက်၍ Fiery Dragons အမည်ရှိ စာအုပ်ကို ၂၀၀၈ ခုနှစ်တွင် ရေးသားခဲ့သည်။)