မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း လီမိတက်(MAPCO) အနေဖြင့် ဂျပန် Mitsui ကုမ္ပဏီ၊ ဂျာမနီ Behn Meyer (BM) ကုမ္ပဏီတို့နှင့် ပူးပေါင်း၍ သီလဝါ အထူးစီးပွားရေးဇုန်တွင် အမေရိကန် ဒေါ်လာ ၁၀ သန်းဖိုး ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံခြားကုမ္ပဏီ ၂ခုနှင့် MAPCO တို့ပူးပေါင်း၍ ဖက်စပ်ကုမ္ပဏီ BMMM ကိုတည်ထောင်ပြီး သီလဝါ အထူးစီးပွား ရေးဇုန်တွင် မြေဧရိယာ ၃.၃ ဟတ်တာ ရယူ၍ ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးပစ္စည်းများ ထုတ်လုပ်ပြီး ပြည်တွင်း ဖြန့်ဖြူး ရောင်းချမှုများ ပြုလုပ်သွားမည်ဟု MAPCO အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းအောင်က ပြောသည်။
၎င်းက“အခု တည်ဆောက်ရေး လုပ်ငန်းတွေ ဒီနှစ်ထဲမှာ စလုပ်မယ်။ ၂၀၁၇ မှာ စက် စလည်ပြီး ကိုယ့်ပြည်တွင်းမှာပဲ ဓာတ်မြေသြ ဇာ ကို ထုတ်လုပ်မယ်။ ပထမ အဆင့်ကတော့ အခြေခံကြတဲ့ ဓာတ်မြေသြဇာတွေ စထုတ်မယ်။ နောက် ကျန်တဲ့ စိုက်ပျိုးရေးဆေး တွေပေါ့”ဟု ပြောသည်။
သီလဝါတွင် စက်ရုံစတင်တည်ထောင် လည်ပတ်ပြီဆိုပါက စတင်လည်ပတ်ချိန်တွင် ၁နှစ်လျှင် တန်ချိန် ၁ သိန်းခန့် ထုတ်လုပ်နိုင် ရန် ရည်ရွယ်ထားကြောင်းလည်း ဦးရဲမင်းအောင်က ပြောသည်။
ရင်းနှီးမြှုပ်နှံမှု အချိုးတွင် MAPCO ကုမ္ပဏီက အစုရှယ်ယာ ၄၀ ရာခိုင်နှုန်း ထည့်ဝင်၍ Mitsui ကုမ္ပဏီနှင့် BM ကုမ္ပဏီ တို့က ၂ ခု ပေါင်း ၆၀ ရာခိုင်နှုန်း ထည့်ဝင်မည်ဟု သိရသည်။
BM သည် ဂျာမနီ ကုမ္ပဏီဟု ဆိုသော်လည်း အာရှနိုင်ငံ အများအပြားတွင် ၎င်းတို့၏ ကုမ္ပဏီ ရုံးချုပ်၊ ရုံးခွဲပေါင်းများစွာနှင့် ဓာတ်မြေသြဇာ စက်ရုံပေါင်းများစွာ တည်ထောင်ထားသည့် ကုမ္ပဏီကြီး ဖြစ်ကြောင်း MAPCO ၏ အစီရင်ခံစာထဲတွင်လည်း ဖော်ပြထား သည်။
MAPCO အနေဖြင့် ဓာတ်မြေသြဇာ ထုတ်လုပ်မှုကို BM ကုမ္ပဏီနှင့်ပူးပေါင်း၍ ယခုမှ စတင်မည်ဖြစ်သော်လည်း ဓာတ်မြေသြဇာများ တင်သွင်း ဖြန့်ဖြူးခြင်းလုပ်ငန်းများကို Mitsui ကုမ္ပဏီနှင့်ပူးပေါင်း၍ လုပ်ဆောင်နေသည်မှာ ၂၀၁၄ ခု နှစ်ကတည်းက ဖြစ်သည်။
MAPCO နှင့် Mutsui တို့သည် MJA အမည်ဖြင့် ဖက်စပ်ကုမ္ပဏီကို ၂၀၁၄ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ဓာတ်မြေသြဇာများကို တင်သွင်း ဖြန့်ဖြူးနေဆဲ ဖြစ်ကြောင်း သိရသည်။
MAPCO အနေဖြင့် မြန်မာနိုင်ငံ၌ ၂၀၁၅ ဒီဇင်ဘာလအတွင်း ဖွင့်လှစ်ခဲ့သော စတော့အိပ်ချိန်းတွင် ရှယ်ယာများ ရောင်းချခွင့်ရခဲ့ သည့် အများပိုင် ကုမ္ပဏီ ၆ ခုစာရင်းတွင် ပါဝင်သော ကုမ္ပဏီတခုလည်း ဖြစ်သည်။