ရခိုင်ပြည်နယ်မှ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း ဖွံ့ဖြိုးရေး လုပ်ကိုင်ခွင့် တင်ဒါ ခေါ်ယူမှုလုပ်ငန်းစဉ်သည် ဒီဇင်ဘာ ၃၀ ရက်နေ့ တွင် ပြီဆုံးသွားခဲ့ပြီး လုပ်ကိုင်ခွင့်ရရှိသူများကို အစိုးရ က ထုတ်ပြန်ကြေညာရာရေနက်ဆိပ်ကမ်း စီမံကိန်း အတွက်ရော အထူးစီးပွားရေးဇုန် စီမံကိန်းအတွက်ပါ တရုတ် အစိုးရပိုင် CITIC က ဦးဆောင်သည့် အဖွဲ့က ရရှိ သွား ခဲ့သည်။
အစိုးရပိုင် မြန်မာ့အလင်း သတင်းစာ၏ အဆိုအရ လုပ်ငန်း၃ ခုအတွင် အဆိုပြုလွှာတင်သွင်း လာသည့် အဖွဲ့ ၁၀ ဖွဲ့ရှိကြောင်း၊ သမ္မတ ဦးသိန်းစိန်က CITIC ဥက္ကဋ္ဌ Chang Zheng Min ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ က နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ပြီး နောက်ပိုင်း ရက်အနည်းငယ် အကြာတွင် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် နယ်နိမိတ်သတ်မှတ်ရေးနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂၉ ရက်နေ့က လွှတ်တော်တွင် ဆွေးနွေးခဲ့ရာတွင် စီမံကိန်း ဧရိယာ ၄၂၈၉ ဧက သတ်မှတ်ရေးကို လွှတ်တော်ကိုယ်စားလှယ် ၄၀၀ ကျော်က ထောက်ခံ အတည်ပြုပေးခဲ့ပါသည်။ စီမံကိန်း၏ ပထမအဆင့်ကို လာမည့် နှစ်တွင် စတင်နိုင်ရန် အစိုးရက မျှော်လင့်ထားသည်။
တရုတ် အစိုးရပိုင် Xinhua သတင်းဌာနက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရေးသားဖော်ပြချက်အရ CITIC ဦးဆောင်သည့် အဖွဲ့တွင် တရုတ်ကုမ္ပဏီ ၅ ခုနှင့် ထိုင်းနိုင်ငံမှ Charoen Pokphand Group တို့ ပါဝင်သည်ဟု သိရသည်။ တရုတ် ကုမ္ပဏီ များမှာ China Harbor Engineering ၊ China Merchants Holdings (International)၊ TEDA Investment Holding၊ Yunnan Construction Engineering Group နှင့် CITIC တို့ဖြစ်ကြသည်။
ခွင့်ပြုချက် ရရှိနိုင်ရန် အတွက် ကန်ထရိုက်စာချုပ်ဆိုင်ရာ အသေးစိတ် အချက်အလက်များကို ၂၀၁၄ ခုနှစ် အထူး စီးပွား ရေးဇုန် ဥပဒေအရ ဖွဲ့စည်းထား သော အစိုးရ၏ အထူးစီးပွားရေးဇုန် ကြီးကြပ်ရေး အဖွဲ့သို့ ဆက်လက်တင်ပြသွားမည် ဖြစ် သည်ဟု တင်ဒါရွေးချယ်စိစစ်ရေး ကော်မတီက ပြောသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကိုအတည်ပြုနိုင်ရေး အတွက် လွှတ်တော်တွင် ဆွေးနွေးနေစဉ်ကထဲက ရခိုင်ပြည်နယ်မှ ဒေသခံ အရပ်ဘက်အဖွဲ့ အစည်းများက စီမံကိန်းကို NLD ဦးဆောင်သည့် အစိုးရသည့် တာဝန်ယူမည့် လာမည့် နှစ် အထိ အချိန်ဆိုင်းပေးရန် လွှတ်တော်ကိုယ်စားလှယ်များကို တောင်းဆိုခဲ့သည်။ ကျောက်ဖြူ စီမံကိန်းနှင့် ပတ်သက်၍ အစိုးရ သစ်မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် အစိုးရမဟုတ်သည့် အဖွဲ့အစည်း ၁၀၀ ကျော်က တောင်း ဆိုခဲ့ပြီး ဖြစ်သည်။