ဂျွန်ဂျန်ကင်းစ် (John Jenkins) နှင့် ကက်ထရီနာ ကရောဖို့ (Katrina Crawford) တို့၏ မြန်မာနိုင်ငံသို့ ပျားရည်ဆမ်းခရီးက Bayin Oils ဘုရင် စားသုံးဆီ လုပ်ငန်းကို တည်ထောင်ဖို့ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် စားသောက်ကုန်တခုကို အိုင်ယာလန်သို့ တင်သွင်းသည့် ပထမဆုံးနှင့် တခုတည်းသော အိုင်ယာလန် ကုမ္ပဏီတခုလည်း ဖြစ်ခဲ့ပါသည်။
ဘုရင် တံဆိပ် နှမ်းဆီနှင့် မြေပဲဆီများကို မြန်မာနိုင်ငံ အလယ်ပိုင်း၏ အနောက်ခြမ်းတွင်ရှိသော ကျေးရွာငယ်တခု ဖြစ်သည့် မြင်စိုင်းတွင် ထုတ်လုပ်ပါသည်။ မြေပဲဆံများ နှမ်းများကို စိုက်ပျိုးပြီး သဘာဝနည်းလမ်းအတိုင်း ဆီထုတ်လုပ်ခြင်းဖြစ်သည်။
တခြားသော စားသုံးဆီ အများစုကဲ့သို့ မဟုတ်ဘဲ ဘုရင်စားသုံးဆီများကို သဘာဝနည်းအတိုင်း ကြိတ်ယူထုတ်လုပ်ခြင်း ဖြစ်သောကြောင့် ခက်ခဲမှုများရှိသော်လည်း စက်ကိရိယာ အနည်းငယ်သာ သုံးစွဲရန် လိုအပ်ပြီး အနံအရသာ ပြည့်ဝသည့် စားသုံးဆီကို ရရှိနိုင်ပါသည်။
“ဘုရင်” ဟု အမည်ပေးရခြင်းမှာ တည်ထောင်သူတဦး ဖြစ်သည့် ဂျွန်ဂျန်ကင်းစ်သည် မြန်မာဘုရင်ဟောင်း သီပေါမင်း၏ အဆက်အနွယ် ဖြစ်သည်ဆိုသော ကောလာဟလကြောင့် ဖြစ်သည်။
“တကယ်လို့ ကောလာဟလက မှန်ခဲ့မယ်ဆိုရင် ကျနော့် အဘွားရဲ့ အဘွား (အဘီ) က မြန်မာမင်းသမီးတယောက် ဖြစ်ခဲ့ပါလိမ့်မယ်။ သူက မိသားစုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီးတော့ မြင်းဇောင်းက အလုပ်သမားတယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံကို ပျားရည်ဆမ်းခရီးသွားတုန်းက ကျနော့် အဘွားရဲ့ဓာတ်ပုံတွေ ပါသွားပါတယ်။ ကျနော်နဲ့ စကား ပြောဖြစ်တဲ့ လူတိုင်းက အဲဒီအချိန်တုန်းက ဘုရင်နဲ့ ပတ်သက်တဲ့သူတွေပဲ ဓာတ်ပုံရိုက်နိုင်တယ် လို့ ပြောကြပါတယ်။ ဒါ ကြောင့် သူက ဘုရင်ရဲ့မြစ် သို့မဟုတ် ဘုရင်ရဲ့ ဝမ်းကွဲဆွေမျိုးတယောက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ဂျွန်ဂျန်ကင်းစ်က ပြောသည်။
မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြေပဲနှင့် နှမ်းဆီ အမြောက်အများ ထုတ်လုပ်နေသည်ကို ဂျွန်ဂျန်ကင်းစ်နှင့် ကက်ထရီနာ တို့တွေ့ခဲ့ရသည်။ ချက်ပြုတ်ရာတွင် ဆီကို အသုံးပြုသည့် နည်းလမ်းများစွာကိုလည်း တွေ့ခဲ့ရသည်။
ကျေးရွာ စာသင်ကျောင်း တခုကို သွားရောက်လည်ပတ်ရင်း ကလေးငယ်များ ကျောင်းတက်ရန် ကျယ်ပြန့်ပြီး ရေစီးသန်သည့် မြစ် ကြောင်းတလျှာက် ၂ နာရီကြာခရီးကို လာခဲ့ရသည့် အကြောင်းများကိုလည်း ကြားသိခဲ့ရသည်။
ထို့ ကြောင့် မြင်စိုင်းကျေးရွာနှင့် စာသင်ကျောင်းအတွက် အကျိုးအမြတ် ရရှိစေနိုင်မည့် လူမှုအထောက်အကူပြု စီးပွားရေး လုပ်ငန်းတခု တည်ထောင်ရန် စိတ်ကူးရရှိခဲ့သည်။
“ကျနော်တို့ရဲ့ ဒေသခံဧည့်လမ်းညွှန် ဂျိုးနဲ့ ကျနော်တို့ နိုင်ငံခြားကို တင်ပို့ပေးနိုင်တာကို စတင်ဆွေးနွေးခဲ့ပါတယ်။ ကျနော်တို့က ဆီအကြောင်း ပြောတဲ့အခါ ဂျိုးက ထခုန်ပြီးတော့ သူ့အမေမှာ မိသားစုပိုင် စိုက်ခင်းတခု ရှိတယ်လို့ ပြောပါတယ်။ ပြီးတော့ ကျနော်တို့ကို သူ့အမေရဲ့ အိမ်ကို ခေါ်သွားပါတယ်။”
ဂျွန်ဂျန်ကင်းစ် နှင့် ကက်ထရီနာ တို့သည် ဂျိုးကို မြင်စိုင်းတွင် သူတို့၏ စီးပွားဖက်အဖြစ် ထားရှိ၍ ကုန်ကြမ်းများကို ပုလင်းသွင်းရန်နှင့် တံဆိပ်ကပ်ရန် နေရာစီစဉ်စေပြီး ၂၀၁၃ ခုနှစ် သြဂုတ်လတွင် အိုင်ယာလန်သို့ ပြန်၍ စီးပွားရေးလုပ်ငန်းကို မှတ်ပုံတင်ခဲ့သည်။
ဆီများကို အိုင်ယာလန်သို့ ပို့ဆောင်ပေးမည့် ကုမ္ပဏီများကို စတင်ရှာဖွေသည့် အခါ သူတို့ ကြိုတင်မျှော်လင့်ထားသည်ထက် ပိုမိုခက်ခဲခဲ့သည်ဟု ကက်ထရီနာက ရှင်းပြသည်။
“ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံကို ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေက ပယ်ဖျက်ခါစပဲ ရှိသေးတယ်လေ။ အိုင်ယာလန် တနိုင်ငံတည်း မဟုတ်ပါဘူး၊ မြန်မာနဲ့ ဥရောပ ကြားမှာ ပို့ဆောင်ပေးမယ့် လမ်းကြောင်း မရှိခဲ့ပါဘူး။ ကျမတို့ နေရာတိုင်းကို ဆက်သွယ်ပြီး ကူညီပေးနိုင်မလားလို့ မေးခဲ့ပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာကို ဘယ်သူမှ မသိကြဘူး။
ဒီလိုလုပ်ဖို့ အရမ်းခက်လိမ့်မယ်။ ဒုက္ခမရှာပါနဲ့ လို့ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနက မှတ်ချက်ပေးခဲ့တယ်။ နောက်ဆုံး တော့ ကျမတို့ အတွက်လုပ်ပေးဖို့ သဘောတူတဲ့ Emerald Freight ဆိုတဲ့ ကုမ္ပဏီနဲ့ ကျမတို့ အဆက်အသွယ်ရခဲ့ပါတယ်။”
မြန်မာနိုင်ငံသို့ ငွေလွှဲပြောင်းပေးရာတွင်လည်း အခက်အခဲများ ရှိခဲ့သည်။ ပထမဆုံး သူတို့ ကြိုးစားသည့် အချိန်တွင် ပိုက်ဆံများ ပျောက်ဆုံးသွားခဲ့သည်။ ကက်ထရီနာက အိုင်ယာလန်ဘဏ် (Bank of Ireland) သို့ သွားရောက်၍ မည်ကဲ့သို့ ဖြစ်ခဲ့ကြောင်း စုံစမ်းခဲ့သော်လည်း အဆိုပါငွေများကို ခြေရာခံရန်အတွက် ဘဏ်တခုလျှင် ယူရိုငွေ ၂၀၀ ပေးရမည်ဟု သူတို့ က ပြောသည်။ ငွေလွှဲပြောင်းမှုတွင် ပါဝင်နေသည့် ဘဏ်က ၁၀ ခုခန့် အထိ ရှိပါသည်။
“ကံကောင်းထောက်မစွာနဲ့ ကျမတို့ မြန်မာနိုင်ငံက ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးဆက်အောင်နဲ့ လန်ဒန်မှာ ပြုလုပ်တဲ့ ကွန်ဖရင့်တခုမှာ တွေခဲ့ပါတယ်။ ကျမတို့က အခြေအနေကို ရှင်းပြဖို့ သူ့ကို ဖုန်းဆက်ခဲ့ပါတယ်။ တိုက်ဆိုင်တာလားတော့ မသိပါဘူး။ ဒါပေမယ့် နောက် ၂ ရက်ကြာတဲ့ အခါ ကျမတို့ ငွေတွေပြန်ရခဲ့ပါတယ်။”
“သူက အများကြီး ကူညီပေးခဲ့ပါတယ်။ အထူးသဖြင့် ကျမတို့ကို အကူအညီပေးနိုင်မယ့် သူတွေနဲ့ အဆက်အသွယ်ရအောင် ဖြစ်ပါတယ်။ စီးပွားကူးသန်း ဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးကလည်း အများကြီး ကူညီခဲ့ပါတယ်။ အရင်တုန်းက အတွေ့အကြုံ လုံးဝမရှိတဲ့ ဂျိုးကို စီးပွားရေးလုပ်ငန်းတခု ဘယ်လိုလုပ်ရမလဲ ဆို တာကို သင်ပေးခဲ့တယ်။
“တကယ်လို့ ဒီလိုအခက်အခဲတွေရှိမယ်ဆိုတာ ကျနော်တို့သိခဲ့ရင် ဒီလုပ်ငန်းကို စတင်ဖြစ်ပါ့ မလားမသိဘူး” ဟု ဂျွန်ဂျန်ကင်းစ်က စဉ်းစားသည်။“မလုပ်ဖြစ်ဘူးလို့တော့ မသေချာပါဘူး။ ကျနော်တို့က အတားအဆီး အသစ်တွေနဲ့ အမြဲတမ်း တွေ့နေရ ပြီး ပြဿနာ အသစ်တွေက ကျနော်တို့ကို အမြဲ စိန်ခေါ်နေပါတယ်။ ပြဿနာတွေကို ဖြေရှင်းရတာက ပျော်စရာတမျိုးပါ” ဟု သူက ဆိုသည်။
“နေရာတိုင်းကို ဖုန်းခေါ်ခဲ့ရတဲ့ အချိန်တွေရှိတယ်။ နံရံကို ဝင်တိုက်မိပြီ၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်က ကုန်နေပြီလို့ ထင်မိ တယ်။ ဒါပေမယ့် အကူအညီပေးမယ့်၊ အကြံဉာဏ်ပေးမယ့်၊ နည်းလမ်းရှာပေးမယ့် တစုံတယောက်က အမြဲတမ်း ပေါ်လာတယ်။ လွယ်တာတွေလည်းရှိတယ်၊ ဒါပေမယ့် ခက်ပြီဆိုရင်တော့ အရမ်းခက်တယ်။ ဘာကြောင့်လဲဆိုတဲ့ ဒါမျိုးကို ပထမဆုံး လုပ်တဲ့သူ ဖြစ်နေတာကိုး” ဟု ကက်ထရီနာက ပြောသည်။
လက်ရှိအချိန်တွင် ဝယ်လိုအားကို လိုက်၍ တသုတ်လျှင် ဆီ ပုလင်း ၂၀၀၀ မှ ၄၀၀၀ အထိ ထုတ်လုပ်ပေးနေသည်။ ဘုရင် တံဆိပ် စားသုံးဆီများကို အိုင်ယာလန်နိုင်ငံမှ Nolan’s of Clontarf၊ Thomas’s of Foxrock နှင့် Field & Vine ဆိုင်များ တွင် ရရှိနိုင်သည်။
လုပ်ငန်းလည်း တိုးတက်လာနေပြီး အိုင်ယာလန်နိုင်ငံမှ စားသောက်ကုန်ဖြန့်ဖြူးရေး လုပ်ငန်းဖြစ်သည့် SuperValu က ယခုလမှ စ၍ ဘုရင် စားသုံးဆီကို ရောင်းချရန် စီစဉ်နေသည်။
အကယ်၍ လက်ရှိ အရှိန် အဟုန်အတိုင်းသာ ဆက်သွားမည်ဆိုလျှင် John Jenkins နှင့် Katrina Crawford တို့က ဘုရင် စားသုံးဆီ လုပ်ငန်းတွင် အချိန်ပြည့် ဝင်ရောက်လုပ်ကိုင်ကြမည် ဖြစ်သည်။ ယခုအခါ သူတို့က အခြား အချိန်ပြည့် အလုပ် များ လုပ်နေကြသည်။ အင်္ဂလန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန်လည်း သူတို့ ကြိုးစားနေသည်။
မြင်စိုင်းကျေးရွာတွင်လည်း သူတို့ စာသင်ကျောင်းအတွက် ကစားကွင်းတခု တည်ဆောင်ပေးရန် စီစဉ်နေသည်။ တက္ကသိုလ် တက်မည့် ကလေးတယောက်ကို ထောက်ပံ့ပေးရန်လည်း ရှိနေသည်။
“လူမှုအထောက်အကူပြု စီးပွားရေး လုပ်ငန်းကို စီးပွားရေးလုပ်ငန်းအားလုံးက တွဲဖက်လုပ်ရမယ့် နည်းလမ်းလို့ ကျမထင် ပါတယ်။ ဒီကလေးငယ်တွေအတွက် ငွေကြေးအနည်းငယ်လောက်က ဘယ်လိုကွဲပြားအောင် လုပ်ပေးသလဲဆိုတာကို စဉ်းစားကြည့်မယ်ဆိုရင် အလွန်သိသာ လာပါလိမ့်မယ်” ဟု ကက်ထရီနာက ပြောသည်။
( The Irish Times သတင်းစာပါ Irish couple’s Burmese food oil venture boosts local village ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)