စီးပွားရေး

လေးလမ်းသွား ဂုတ်ထိပ်တံတားသစ် စီမံကိန်း ယခုနှစ်အတွင်း စတင်ဆောက်လုပ်မည်

This article has been converted from Zawgyi One to Unicode

တန် ၇၀ခံနိုင်ရည်ရှိ လေးလမ်းသွားဂုတ်ထိပ်တံတားသစ်စီမံကိန်းအား ယခုနှစ်၂၀၁၆အတွင်း စတင်ဆောက်လုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ တံတားအား တာဝန်ယူဆောက်လုပ်မည့် Oriental Highway Company Limited ထံမှသိရသည်။

အဆိုပါ ဂုတ်ထိပ် တံတားသစ်တည်ဆောက်ရန်အတွက် ဝန်ကြီးဌာနများထံမှ ခွင့်ပြုချက်ရပြီးဖြစ်ပြီး တံတားတည်ဆောက် ရန် ကာလ သုံးနှစ်မှန်းထားကြောင်း Oriental Highway Company တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“လက်ရှိ ဂုတ်ထိပ် တံတားဝန်းကျင်နားမှာပဲ နောင်ချိုဘက်ကမ်းကနေ ကျောက်မဲဘက်ကို တံတားအသစ် ထိုးသွားမှာပါ။ ကားကြီးတွေ သွားလာရ အဆင်ပြေဖို့ ရည်ရွယ်ပါတယ်” ဟု ၎င်းက ဆိုသည်။

Oriental Highway Company သည် ယခင်က အေးရှားဝေါကုမ္ပဏီနှင့် တွဲဖက်လုပ်ကိုင်သည့်ကုမ္ပဏီဖြစ်ပြီး ယခုအခါ သီးသန့်ခွဲထွက်လိုက်ပြီဖြစ်ကာ မိခင်ကုမ္ပဏီမှာ National Infra Holding Co.Ltdဖြစ်ကြောင်း ၎င်းကုမ္ပဏီ တာဝန်ရှိသူ များက ပြောသည်။

တံတားဆောက်လုပ်မည့် နည်းပညာပိုင်းဆိုင်ရာအား ချိုင်းနားဟားဘားကုမ္ပဏီ (CHEC) နှင့် ဆွေးနွေးနေဆဲဖြစ်ပြီး အဆိုပါ နည်းပညာပိုင်းဆိုင်ရာအား ဝန်ကြီးဌာနများထံမှ ခွင့်ပြုချက်ရပြီးသည်နှင့် လုပ်ငန်းစတင်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့် စွက် ပြောကြားသည်။

လက်ရှိ ဂုတ်ထိပ်တံတားကြီးသည် ရှမ်းပြည်၊နောင်ချိုမြို့မှ ၇ မိုင်အကွာတွင် တည်ရှိပြီး ၁၈၉၉ ခုနှစ်တွင် စတည် တည် ဆောက်ခဲ့ပြီး ၁၉၀၀တွင် အပြီးသတ်နိုင်ခဲ့ကာ Pennsylvania and Maryland Bridge Constructionမှ တာဝန်ယူ တည် ဆောက်ခဲ့ပြီး ဗမာ့မီးရထားကုမ္ပဏီမှ Sir Arthur Rendelက ကြီးကြပ်တည်ဆောက်ခဲ့ပြီး တံတားအရှည် ၂၂၆၀ပေ အမြင့် ဆုံးတိုင်မှာ ပေပေါင်း ၈၀၀ ကျော် အမြင့်ရှိကာ ကုန်ကျစရိတ် စတာလင်ပေါင် တသိန်းတသောင်းကျော် (၁၁၁,၂၀၀) ရှိ ကြောင်း ဝီကီပီဒီးယားတွင် ဖော်ပြထားသည်။

မန္တလေးမှ မူဆယ်အတွင်း တရက်လျှင် ဖြတ်သန်းသွားလာသည့် ကားကြီးကားငယ်ပေါင်း တသောင်းကျော်ရှိပြီး လမ်း အသုံးပြုခ ကောက်ခံသည့် တိုးဂိတ်(၁၄) ခုရှိကြောင်း အဆိုပါ လမ်းပိုင်းတာဝန်ယူထားသည့် Oriental Highway Company ထံမှ သိရသည်။

Loading