အရှေ့တောင်အာရှ ဒေသတွင်နေထိုင်သူ ၅ ဦးရှိလျှင် လျှပ်စစ်မီး မရရှိသူ ၁ ဦး ရှိပါသည်။ မြန်မာနိုင်ငံ တခုတည်းမှာပင် တိုင်းပြည် လူဦးရေ၏ ၆၈ ရာခိုင်နှုန်းဖြစ်သော လူ ၃၆ သန်းခန့်မှာ လျှပ်စစ်မီး မရှိဘဲ နေထိုင်ကြရပါသည်။ လူဦးရေ သန်း ၂၅၀ ရှိသော အင်ဒိုနီးရှားနိုင်ငံ၏ ၄ ပုံ ၁ပုံမှာလည်း ပိုမိုကောင်းမွန် အောင်မြင်သည့် ဘဝအရည် အသွေးကို ရရှိရန် မရှိမဖြစ် လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားကို သုံးစွဲနိုင်ခြင်း မရှိကြပါ။
လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် နေရာမှာပင် စက်ပစ္စည်းများ ဟောင်းနွမ်းအိုမင်းခြင်း၊ လုံလောက်အောင် မထုတ် လုပ်နိုင်ခြင်း၊ အချိန်မှန် မပေးနိုင်ခြင်းနှင့် လျှပ်စစ်ဓာတ်အား လိုအပ်သည့် နေရာများနှင့် ဝေးကွာခြင်းများရှိသည်။ ကမ္ဘာ ပေါ်တွင် သက်တမ်းအရင့်ဆုံးသော လျှပ်စစ်ဓာတ်အားပေးစက်များ၏ ၇၀ ရာခိုင်နှုန်းက အာရှဒေသတွင် ရှိနေသည်။ ရှည်လျားသော ကွန်ရက်များမှ ထုတ်လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းများ ပြုလုပ်ရာတွင်လည်း ဓာတ်အား လေ့လွင့် ဆုံးရှုံးမှုများက သိသိသာသာ များပြားနေသည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ၁၈ ရာခိုင်နှုန်း ရှိနေသည်။
အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် ကဲ့သို့ နိုင်ငံများမှ လူအများစုသည် ကျွန်းများပေါ်တွင် ပြန့်ကျဲနေထိုင်ကြသည့်အတွက် လိုအပ် သော လျှပ်စစ်ဓာတ်အား ရရှိရေးက ကြီးမားသော စိန်ခေါ်မှုတခု ဖြစ်နေသည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အားပြဿနာက ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး အပေါ်တွင် သိသာထင်ရှားသည့် သက်ရောက် မှု တခု ဖြစ်ခဲ့သလို ဆက်လက်ပြီးလည်း ရှိနေသည်။
လျှပ်စစ်ဓာတ်အားရရှိခြင်းက ဘဝကိုလည်း ပြောင်းလဲပစ်နိုင်ကြောင်းလည်း ကိန်းဂဏန်း အချက်အလက်များက ပြသနေသည်။ သဘောတရားအရ ခိုင်မာစွာ ပြသနိုင်ခြင်း မရှိသော်လည်း ကျနော်တို့ သေချာစွာ ပြောနိုင်သည်မှာ ယုံကြည် အားထားနိုင်လောက်သည့် လျှပ်စစ်ဓာတ်အား ရရှိသည့် နိုင်ငံများသည် မရရှိသည့် နိုင်ငံများထက်စာလျှင်
– ပျမ်းမျှ GDP ၆ဆ မြင့်မားသည်
– ပျမ်းမျှ သက်တမ်း နှစ် ၂၀ ပိုရှည်သည်
– အလုပ်လက်မဲ့ နှုန်း ၃၃ ရာခိုင်နှုန်းပိုနည်းသည်
– လစာနှုန်းထား ၁၀ ဆ မြင့်မားသည် စသည်တို့ကို တွေ့ရှိရပါသည်။
ပျမ်းမျှသက်တမ်း၊ စာတတ်မြောက်မှု၊ ပညာရေး၊ လူနေမှု အဆင့်အတန်းနှင့် ဘဝအရည်အသွေးဆိုင်ရာ အချက်များပေါ်တွင် အခြေခံ၍ တိုင်းတာတွက်ချက်သည့် ကုလသမဂ္ဂ၏ လူသားဖွံ့ဖြိုးမှုဆိုင်ရာညွှန်းကိန်း (HDI) တွင် ပျမ်းမျှအဆင့်၏ အထက်၌ ရှိသည့်နိုင်ငံများထဲတွင် အရှေ့တောင်အာရှမှ နိုင်ငံ ၄ ခုသာပါဝင်သည်မှာ အံ့သြဖွယ်ရာ မဟုတ်ပါ။
ဘရူနိုင်း၊ မလေးရှား၊ စင်္ကာပူ နှင့် ထိုင်းနိုင်ငံများက စာရင်းတွင် ကမ္ဘော ဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံများထက် သိသိသာသာ မြင့်မားနေကြသည်။ HDI ညွှန်းကိန်းတွင် ပျမ်းမျှအဆင့်၏ အထက်၌ ရှိနေသည့် နိုင်ငံများမှာ လျှပ်စစ်ဓာတ်အားကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်သည့် နိုင်ငံများ ဖြစ်ကြသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှစ၍ အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) စတင်လာသည့် အချိန်တွင် ဒေသတွင်းတွင် အတူတကွ ပူးပေါင်း၍ အရေးတကြီး ဖြေရှင်းရမည်မှာ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ဖြစ်သည်။ သို့မှသာ အာဆီယံစီးပွားရေး အသိုက်အဝန်း အတွင်းမှ အဖွဲ့ဝင်နိုင်ငံများ အားလုံး တန်းတူညီမျှ အကျိုးကျေးဇူးခံစားရမည်ဖြစ်သည်။ အာဆီယံအတွင်းမှ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲလာနိုင်အောင် အဆိုပါ ကွာဟချက်များ ကျဉ်းမြောင်း စေရေး ဦးတည်၍ အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်သည်။
ထိုသို့ အခြေအနေများ ရှိနေသည့် အချိန်တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကလည်း ဆက်လက် တိုးတက်လာဦးမည် ဖြစ်သည်။ ၂၀၄၀ ခုနှစ်ရောက်သည့် အချိန်တွင် အာဆီယံအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၃၅၄ GW (ဂစ်ဂါဝပ်) ထပ်မံ တိုးချဲ့နိုင်ရန် လိုအပ်နေသည်။ အဆိုပါ ပမာနသည် လက်ရှိထုတ်လုပ်နိုင်စွမ်း၏ ၂ ဆကျော်ဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှုအနေ ဖြင့်လည်း ထုတ်လုပ်ရေး အတွက် အမေရိကန်ဒေါ်လာ ၆၁၈ ဘီလီယံ နှင့် ဖြန့်ဖြူးရေး အတွက် အမေရိကန် ဒေါ်လာ ၆၉၀ ဘီလီယံ ထပ်မံ လိုအပ်လာပါလိမ့်မည်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အစိုးရများအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ဆက်လက်ရင်းနှီးမြှုပ်နှံရ တော့မည့် အချိန်တွင် အောက်ပါ အချက်အလက်များကို ထည့်သွင်း စဉ်းစားသင့်ပါသည်။
ပထမဆုံး အနေဖြင့် လျှပ်စစ်ဓာတ်အား ချက်ချင်း လိုအပ်နေခြင်းများအတွက် ဖြေရှင်းနိုင်သည့် နည်းတခုရှိပါသည်။ လျှပ် စစ်ဓာတ်အား မရှိဘဲနေထိုင်ရသူ သန်းပေါင်းများစွာ အတွက် နှစ်ပေါင်းများစွာ အချိန်မယူဘဲ ရက်သတ္တပတ်မျှနှင့် ဓာတ်အား ထုတ်လုပ်ပေးနိုင်ပါသည်။ အမြန်ရရှိနိုင်သည့် နည်းဖြစ်ပါသည်။
ရွေ့လျားနိုင်သည့် ဓာတ်အားပေးစက်ရုံများကို ရက်ပေါင်း ၆၀ မှ ၉၀ အတွင်း တပ်ဆင်ပြီးစီးနိုင်ပါသည်။ လိုအပ်သည့် နေရာများအနီးတွင် ချထားနိုင်သည့်အတွက် ပို့ဆောင် ဖြန့်ဖြူးခြင်းလုပ်ငန်းမှ ဓာတ်အားလေလွင့်မှုများကိုလည်း လျှော့ချ နိုင်ပါသည်။ ထို့ အပြင် ၎င်းတို့သည် ဓာတ်အား ၁၅ မီဂါဝပ်မှ ၅၀၀ မီဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်သဖြင့် မြို့များကိုပင် လုံလောက်စွာ စွမ်းအင်ပေးနိုင်ပါသည်။
ပြောင်းလဲနေသည့် ဓာတ်အားလိုအပ်ချက်နှင့် ကိုက်ညီအောင် ထုတ်လုပ်မှုကိုလည်း လျှင်မြန်စွာ အတိုး အလျှော့ ပြုလုပ်နိုင် ပြီး နေစွမ်းအင်၊ ရေအားနှင့် လေအား ထုတ်လုပ်မှုများ အချိန်ပြည့် မရရှိနိုင်သည့် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများတွင် လိုအပ်သလို ဖြည့်စွက် အသုံးပြုနိုင်ပါသည်။ မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်ပေါ်တွင် ကြီးမားစွာ မှီခိုနေရပြီး နှစ်စဉ် ခြောက်သွေ့ရာသီ ရောက်တိုင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ဆိုးရွားစွာ ကြုံတွေ့ရလေ့ရှိပါသည်။
အမြန်ဆုံး ထုတ်ယူနိုင်သည့် နည်းကို အသုံးပြုခြင်းက စီးပွားရေးအတွက်လည်း အထောက်အကူဖြစ်စေပါသည်။ ပြည်တွင်း အလုပ်အကိုင်များဖန်တီးပေးနိုင်ခြင်း၊ မိသားစုဝင်ငွေ တိုးတက်လာခြင်း နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းမှ ဝင်ငွေတိုးတက်လာ ခြင်းများ ရှိလာမည် ဖြစ်သည်။ လျှပ်စစ်ဓာတ်အား ရရှိခြင်းကြောင့် ဖွံ့ဖြိုးသော နိုင်ငံများတွင် ရရှိနေသည့် အခွင့်အရေးများ လည်း မြန်ဆန်စွာ ရရှိနိုင်မည် ဖြစ်သည်။ ဥပမာအားဖြင့် ကျောင်းများ၊ ဆေးရုံများအတွက် လျှပ်စစ်မီး အလင်းရောင်နှင့် လေအေးပေးစနစ်များ အသုံးပြုနိုင်လာခြင်းက လူမှုအသိုင်းအဝိုင်းကိုလည်း ပြောင်းလဲစေသည့် သက်ရောက်မှုများ ဖြစ်ကြ ပါသည်။
ဒုတိယအချက်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် လျှပ်စစ်ဓာတ်အား အရေးတကြီးလိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းရမည် ဖြစ် သော်လည်း အစိုးရများအနေဖြင့် ရေရှည်အတွက်ကိုလည်း ကြိုတင်စဉ်းစားသင့် ပြီး အနာဂါတ် ဓာတ်အားထုတ်လုပ်မှု အတွက် ခေတ်မီ၍ ထိရောက်သည့် နည်းပညာများ အသုံးပြုနိုင်ရန် အတွက် စီစဉ်ထားသင့်ပါသည်။ ရွေ့လျားဓာတ်အား ပေးစက်ရုံများသည် အခြေချဓာတ်အားပေး စက်ရုံများတည်ဆောင်နေချိန်အတွင်းတွင် ထိရောက်ပြီး အကျိုးရှိသည့် ဖြေရှင်း နည်းတခု ဖြစ်နိုင်ပါသည်။ အမြဲတမ်း ဓာတ်အားပေးစက်ရုံများသည် တည်ဆောက်ရန် ဆုံးဖြတ်ချိန်မှစ၍ ဓာတ်အားထုတ် လုပ်နိုင်သည်အထိ အချိန်က ၁၀ နှစ်ခန့်အထိကြာမြင့် တတ်ပါသည်။ ဓာတ်အား အလျှင်အမြန် ပေးနိုင်သည့် ရွေ့လျား ဓာတ်အားပေး စက်ရုံများက လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သလို ကနဦး ရင်းနှီးမြှုပ်နှံမှုလည်း အနည်းဆုံး ဖြစ်သည်။
အစိုးရက နေရာနှင့် လောင်စာဖြည့်ဆည်း ပေးရန်သာ လိုအပ်ပြီး ဓာတ်အားထွက်လာမှသာ ငွေကြေးရမည် ဖြစ်သည်။ ထို့ပြင် အစိုးရ အနေဖြင့် ဓာတ်အား အရေးတကြီးလိုအပ်သည့် နေရာရှိလာလျှင် လွယ်ကူစွာ ရွှေ့ပြောင်း ထုတ်လုပ်နိုင်ပါသည်။ ရေရှည်စီမံကိန်း ဖြင့် အကောင်အထည်ဖော်ရမည့် အခြေခံ အဆောက်အဦးများ တည်ဆောက်နေစဉ်အတွင်း လူမှုရေး၊ စီးပွားရေး အခြေအနေများ ကျဆင်းသွားခြင်းမှလည်း ရှောင်လွှဲနိုင်မည် ဖြစ်သည်။
တတိယအနေဖြင့် ဒေသတွင်းတွင် စီးပွားရေး လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှု့ကို ဦးတည်ရင်း နိုင်ငံများအနေဖြင့်လည်း စွမ်းအင် ထုတ်လုပ်မှုနှင့် ယှဉ်တွဲနေသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများကို ဘေးဖယ်ထား၍ မရတော့ပါ။ မကြာသေးမီက ပါရီတွင် ပြုလုပ်ခဲ့သည့် ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲများတွင် ယခင်အကြိမ်များကဲ့သို့ မဟုတ်ဘဲ ရာသီဥတု ပြောင်း လဲမှုကို ဖြေရှင်းရေးတွင် ချမ်းသာကြွယ်ဝသည့် နိုင်ငံ အနည်းငယ်သာ မဟုတ်ဘဲ နိုင်ငံအားလုံး ပါဝင်ရမည်ဟု သဘောတူ ခဲ့ကြ သည်။ အခြေခံ အဆောက်အဦးဆိုင်ရာတွင် ရင်းနှီးမြှုပ်နှံရာတွင် အရှေ့တောင် အာရှမှ အစိုးရများ အနေဖြင့် စွမ်းအင် ထုတ်လုပ်ရာ၌ ကျောက်မီးသွေး သို့ မဟုတ် လောင်စာများ အသုံးပြုခြင်း ကြောင့် ဖြစ်လာမည့် လေထုညစ်ညမ်းမှုကို ထည့် သွင်း စဉ်းစားရတော့မည် ဖြစ်သည်။ တည်ဆောက်မှု လျှင်မြန်ရေးနှင့် သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ကိစ္စတို့ကြားတွင် ဟန်ချက်ညီမျှမှု ရှာဖွေမလိုအပ်သည့် အဆင့်မြင့် နည်းပညာများကိုလည်း သုံးစွဲကြရမည်ဖြစ်သည်။
ရွှေ့ပြောင်းနိုင်သည့် ဓာတ်အားပေးစက်ရုံများသည် ဂျက်အင်ဂျင် ကို အတုယူထားသည့် လောင်စာဆီ ၂ မျိုးသုံး တာဘိုင်များကို အသုံးပြုထားပြီး သဘာ၀ ဓာတ်ငွေ့နှင့် အခြားလောင်စာများကို အလွယ်တကူ ပြောင်းလဲ သုံးစွဲနိုင်သည်။ လေထု ညစ်ညမ်းမှုကလည်း ဒီဇယ်သို့ မဟုတ် တခြား စက်သုံးဆီများထက် သိသိသာသာနည်းပါးသည်။ လောင်စာ လို အပ်ချက်လည်း ၃ ပုံ ၁ ပုံနီးပါး သက်သာသည်ကို တွေ့ရသည်။
အားကိုးအားထားပြုနိုင်လောက်သည့် လျှပ်စစ်ဓာတ်အား ရရှိခြင်းက လူတဦးချင်းနှင့် ၎င်းတို့ နေထိုင်ရာ အသိုင်းအဝိုင်း အတွက် လူနေမှုအဆင့် အတန်းနှင့် အနာဂါတ်အလားအလာများ ကောင်းမွန်ခိုင်မာစေသည် ဆိုခြင်းကို ရှင်းလင်းစွာ တွေ့ ရပါသည်။ စွမ်းအင်ထုတ်လုပ်မှုတွင် မှန်ကန်စွာရင်းနှီးမြှုပ်နှံခြင်းအား ဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် နှစ်ပေါင်းများစွာ အချိန် ယူရန် မလိုဘဲ ရက်သတ္တပတ် ၈ ပတ်မှ ၁၂ ပတ်ခန့် အတွင်း အမှောင်ထုထဲမှ လွတ်မြောက်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည် ဖြစ်ပါသည်။
( The Malaysian Insider ပါ Clive Turton ၏ Economies can’t grow in the dark ကို နိုင်မင်းသွင် ဘာသာပြန်သည်။ Clive Turton သည် အမေရိကန် အခြေစိုက် စွမ်းအင်ကုမ္ပဏီ တခုဖြစ်သည့် APR Energy ၏ အရှေ့တောင်အာရှ ဒေသ ဆိုင်ရာ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်ပါသည်။ )