ဘဏ္ဍာရေး ဝန်ကြီးဌာနက တင်သွင်းလာသည့် ဘဏ္ဍငွေ သုံးစွဲမှု အဆိုပြုလွှာတခုတွင် အစိုးရ၏ လိုငွေပြမှု ထပ်မံ မြင့်တက် လာရန်ရှိကြောင်း ခန့်မှန်းထားသဖြင့် မတ်လကုန်တွင် စတင်တာဝန်ယူမည့် အစိုးရသစ်အနေဖြင့် ပြည်သူ့အတွက် ငွေကြေး သုံးစွဲမှုကို အလုံးစုံပြင်ဆင်ရေးပြုလုပ် သည့် အခါတွင် ကြီးမားသော စိန်ခေါ်မှုတခုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု လေ့လာ စောင့်ကြည့်သူများက ပြောသည်။
ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က တင်သွင်းလာသည့် ၂၀၁၆ ခုနှစ် ဧပြီလတွင် စတင်မည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် အတွက် ကျပ်ငွေ ၂၁ ထရီလီယံ သုံးစွဲမည့် ငွေစာရင်းနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြည့်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ရသုံးမှန်းခြေငွေစာရင်းတွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း လိုငွေပြမှု ကျပ်ငွေ ၃.၉ ထရီလီယံ ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိ ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်အတွင်းတွင် ဘဏ္ဍာရေး လိုငွေပြမှု ကျပ်ငွေ ၃.၆ ထရီလီယံ ရှိမည်ဟု ခန့်မှန်းထားသည်ထက် ၈ ရာခိုင်နှုန်း မြင့်တက်သွားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် နှစ်များအတွင်းက အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင် ဖေဖော်ဝါရီလ အတွင်း၌ ဆွေးနွေးခဲ့သည်။ နိုဝင်ဘာလ ၈ရက် ရွေး ကောက်ပွဲတွင် အနိုင်ရရှိခဲ့သော NLD ပါတီ ဦးဆောင်သည့် အစိုးရသစ်သို့ အာဏာလွှဲပြောင်းပေးရမည်ဖြစ်သည့် အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းကို စောစီးစွာ တင်ပြလာခြင်း ဖြစ်သည်။ ရွေးကောက်ခံကိုယ်စားလှယ်သစ်များက ဇန်နဝါရီလကုန်ပိုင်းတွင် လွှတ်တော် အတွင်းသို့ ရောက်ရှိလာမည်ဖြစ်သည်။
အရအသုံးခန့်မှန်းခြေငွေစာရင်းကို မြန်မာနိုင်ငံ၏ လက်ရှိ ဗျူရိုကရေစီ ဖွဲ့စည်းမှုနှင့် အညီရေးဆွဲထားပြီး ပြည်နယ်နှင့် တိုင်း အစိုးရများသို့ ဘဏ္ဍာငွေ ခွဲဝေချထားမှုများလည်း ပါဝင်မည်ဟု ငွေစာရင်းမူကြမ်းတွင် ဖော်ပြထားချက်များ အရသိရသည်။ NLD က လက်ရှိဝန်ကြီး ဌာနများ၏ အရေအတွက် ကို လျှော့ချရန် ကတိပြုထားပြီး ဖြစ်သော်လည်း NLD ပါတီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် မကြာသေးမီက အစိုးရဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဝန်ထမ်း အလုပ်အကိုင် နေရာများကို ဖြတ်တောက်လျှော့ချမည် မဟုတ်ဟုပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဝင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦး ဖြိုးမင်းသိန်းက ၂၀၁၁ ခုနှစ်တွင် အရပ်သား တပိုင်းအစိုးရသို့ အာဏာလွှဲပြောင်းပေးခဲ့သည့် အချိန်ထဲက ရှိနေခဲ့သော အစိုးရ၏ ဘဏ္ဍာရေးလိုငွေပြမှုက မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာကောင်းများကို ထိခိုက်စေခဲ့သည် ဟုပြော ခဲ့သည်။
“ဘတ်ဂျက်တိုင်းက နှစ်တိုင်း ပိုက်ဆံတွေ ပိုလိုလာတယ်။ အဲဒါက တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားတဲ့ အတားအဆီး တခုပါပဲ” ဟု သူက ဆိုသည်။
“တကယ်လို့ တိုင်းပြည်က ဘတ်ဂျက်လိုငွေပြမှုက ဆက်ပြီး ရှိနေမယ်ဆိုရင် အန္တရာယ်များတဲ့ အခြေအနေ တခုနဲ့ ရင်ဆိုင်ရမယ်။ ဒါက အစိုးရသစ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ ကျနော်တို့ ရဲ့ ငွေကြေးဖောင်းပွမှု နှုန်းက ၈ ရာခိုင်နှုန်း ကနေ ၁၁ ရာခိုင်နှုန်းကျော်အထိ မြင့်သွားခဲ့တယ်။ အစိုးရကတော့ ၅ ရာခိုင်နှုန်းအထိ လျှော့ချမယ်လို့တော့ ပြောခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရတော့ မဖြစ်နိုင်ပါဘူး။”
မြန်မာနိုင်ငံ၏ လက်ရှိ GDP က လက်ရှိငွေလဲလှယ်နှုန်းအရဆိုလျှင် အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံခန့် ရှိသည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်များတွင်ဖော်ပြထားပြီးဖြစ်သည်။ ၂၀၁၆-၁၇ ခုနှစ် ရသုံး ခန့်မှန်းခြေငွေစာရင်းအရ GDP ၏ ၄.၆၆ ရာခိုင်နှုန်းလိုငွေပြမည်ဟု ခန့်မှန်းထားသည်။ လာမည့် ဘဏ္ဍာရေး နှစ်အတွက် နိုင်ငံတကာ အဖွဲ့ အစည်းများထံမှ ရရှိမည့် တိုက်ရိုက် အကူအညီ ကျပ်ငွေ ၃၅၀ ဘီလီယံ(အမေရိကန် ဒေါ်လာ ၂၆၈သန်း) ကို ခုနှိမ် ထား သည်။
ရန်ကုန်တိုင်းလွှတ်တော်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်တဦး ဖြစ်သည့် ဒေါက်တာ ညိုညိုသင်းက ပြည်နယ်နှင့် တိုင်းဒေသ အဆင့် တွင် အစိုးရ အသုံးစရိတ်ကို ကန့်သတ်ရန် ကြိုးစားမှုများ မအောင်မြင်ခဲ့ဟု ဆိုသည်။
“လက်ရှိ အစိုးရက အစိုးရသစ်အတွက် ကောင်းမွန်တဲ့ အမွေအနှစ် ထားခဲ့မှာ မဟုတ်ဘူး။ ဘဏ္ဍာရေးလိုငွေပြမှုကို ဖြေရှင်း ဖို့ အတွက် နှစ်တိုင်း ကျမတို့ လွှတ်တော်ထဲမှာ တိုက်ပွဲဝင်ရတယ်။ ဒါပေမယ့် ကျမတို့ အမြဲတမ်းရှုံးတယ်။ လက်ရှိ အစိုးရက ဒါကို တာဝန်ယူမဖြေရှင်းနိုင်တာနဲ့ အမျှ နောက်လာမယ့် အစိုးရအတွက်လည်း အဲဒါက စိန်ခေါ်မှုတခု ဖြစ်လာပါ လိမ့်မယ်” ဟု သူက ပြောသည်။
၂၀၁၄-၁၅ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု ၈.၅ ရာခိုင်နှုန်းရှိခဲ့ပြီး နောက်ပိုင်းနှစ်များတွင် ၆.၅ ရာ ခိုင်နှုန်း အထိ ပြန်လည် ကျဆင်းသွားမည်ဟု ကမ္ဘာဘဏ်က အောက်တိုဘာလအတွင်းတွင် ခန့်မှန်းခဲ့ပါသည်။