ဥရောပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ရည်ရွယ်ပြီး ဥရောပ သမဂ္ဂ(EU) – မြန်မာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေး သဘောတူစာချုပ်အား အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိရာ ယခုနှစ်ဝက်အတွင်း ပြီးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
အဆိုပါ သဘောတူစာချုပ် ပြီးစီးသည့်အချိန် အစိုးရသစ် လက်ထက်၌ ဥရောပနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများသည် ပိုမိုဝင်ရောက် လာမည့် အလားအလာရှိနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“EU နဲ့လုပ်နေတဲ့ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာကွယ်ပေးရေး သဘောတူစာချုပ်ကလည်း အခုနှစ် ပထမနှစ်ဝက်လောက်မှာ ပြီးနိုင်တယ်။ ဒါပြီးရင် EU အတွက်က မြန်မာနိုင်ငံမှာ ပိုပြီးတော့ စိတ်ချလက်ချကြီး ဝင်လာနိုင်မယ်လို့ ကျနော်တို့က တွက်ချက်ထား တယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဇန်နဝါရီလ ၁၁ ရက်က ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ပြုလုပ်သည့် စီပွားရေး ဖိုရမ်တွင် ပြောဆိုသည်။
EU – မြန်မာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေး စာချုပ်သည် နိုင်ငံတကာက လာရောက် ရင်းနှီးမြှုပ်နှံသူများ အတွက်ပါ အကာအကွယ်ပေးမည့် စာချုပ်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံှံမှုများ တိုးပွားလာမည် ဖြစ်သည့်အတွက် အရေးကြီးသည့် စာချုပ်ဖြစ်ကြောင်းလည်း ဦးအောင်နိုင်ဦးက ပြောပြသည်။
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍနှင့် ပတ်သက်ပြီး မြန်မာ လယ်ယာ စီးပွားအများပိုင် ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးရဲမင်းအောင်က“စီးပွားရေးကဏ္ဍ သိသိသာသာ ပြောင်းလဲဖို့ကို အစိုးရပြောင်းတဲ့ အချိန်ကစပြီး သေသေချာချာ လုပ်ရမယ်။ နောက်ပြီး လယ်ယာကဏ္ဍမှာ နှစ်ဆတိုးအောင် လုပ်ကိုင်ဖို့ကလည်း မဖြစ်နိုင်ဘူး။ အခုအစိုးရ ချမှတ်လိုက်တဲ့ဟာကို နောက် အစိုးရ သစ်က လုပ်ရမှာဆိုတော့ နည်းနည်းတော့ ခက်လိမ့်မယ် ထင်တယ်”ဟု ပြောသည်။
ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် အဓိကနိုင်ငံများအဖြစ် EU နိုင်ငံများကလည်းကောင်း၊ အမေရိကန်က လည်းကောင်း၊ အလားတူ ဂျပန်နိုင်ငံ မှလည်ကောင်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် အားကောင်းလာနိုင်သည်ဟု ဦးအောင်နိုင်ဦးက ပြောဆိုသည်။
“အစိုးရသစ်ရဲ့ ပေါ်လစီက ဘာမှန်းမသိသေးဘူး။ အစိုးရသစ်ရဲ့ ပေါ်လစီထွက်လာပြီးမှ သူ့ပေါ်လစီကို အခြေခံပြီးတော့ လုပ်ရမှာ။ အခုတော့ နှစ်အလိုက် လျာထားချက်ကတော့ အမေရိကန်ဒေါ်လာ ၆ ဘီလီယံပါပဲ။ လောလောဆယ်တော့ စုံစမ်းတာတွေက ပုံမှန်ရှိနေတယ်။ ဒါပေမယ့် ဘယ်လိုအသေးစိတ် သွားရမလဲတော့ မသိရသေးဘူး”ဟု ဦးအောင်နိုင်ဦးက ဆက်ပြောသည်။
ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် လယ်ယာကဏ္ဍကို ဦးစားပေးအနေဖြင့် ထည့်သွင်းခြင်း ခံနေရသော်လည်း ရင်းနှီးမြှုပ်နှံသူများသည် ကာလ ရှည် ရင်းနှီးမြှုပ်နှံမှု ဖြစ်ခြင်း၊ မြေနှင့်ပတ်သက်သည့် ပေါ်လစီအပိုင်းတွင် သိသာစွာတိုးတက်မှု မရှိသေးခြင်းတို့ ရှိနေကြောင်း ရင်နှီးမြှုပ် နှံမှုလုပ်ငန်း ဆောင်ရွက်နေသူများက ပြောဆိုသည်။
လက်ရှိ အစိုးရသက်တမ်းအတွင်း ဝင်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အားလုံးတွင် လျှပ်စစ်ကဏ္ဍ၌ ၃၃ ရာခိုင်နှုန်းဖြင့် အများဆုံး ဝင်ရောက်မြှုပ်နှံကြပြီး၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ၂၁ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ၂၀ ရာခိုင်နှုန်း၊ ဆက် သွယ် ရေး ကဏ္ဍတွင် ၁၁ ရာခိုင်နှုန်းနှင့် ဟိုတယ်ခရီးသွား လုပ်ငန်းတွင် ၅ ရာခိုင်နှုန်း ဝင်ရောက်မြှုပ်နှံထားကြကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။