စီးပွားရေး

မူဆယ် ဗဟိုစီးပွားရေးဇုန် ဆိုင်ခန်း ကျပ် သိန်း တသောင်း အထိ ပေါက်ဈေးရှိ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ဗဟိုစီးပွားရေး ဇုန်တွင် ရှိသည့် မင်္ဂလာ မူဆယ် လမ်းလျှောက်ဈေး ဆိုင်ခန်း တခန်းသည် ကျပ် သိန်း တသောင်း အထိ ပေါက်ဈေး ရှိသည် ဟု စုံစမ်းသိရှိရသည်။

မင်္ဂလာ မူဆယ် လမ်းလျှောက်ဈေးသည် မူဆယ်မြို့ ကမ်းနားလမ်းနှင့် ချစ်ကြည်ရေး လမ်းထောင့် မူဆယ် ဗဟိုစီပွားရေးဇုန် တွင် တည်ရှိပြီး ထိုစီးပွားရေးဇုန်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဒေသန္တရ ဖွံ့ဖြိုးရေး စီမံကိန်း ကော်မတီ နှင့် နယူး စတားလိုက် ဆောက် လုပ်ရေး ကုမ္ပဏီ လီမိတက်တို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်သည့် စီမံကိန်းဖြစ်သည်။

နယူး စတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီ မှ အရောင်း တာဝန်ခံ အမျိုးသမီး တဦးက“ကျမတို့ကတော့ အခန်း အမျိုးအစား ပေါ်မူတည်ပြီးတော့ ဈေးနှုန်းက ၁၀ မျိုး လောက် ရှိပါတယ်။ ကျမတို့ ဆီမှာ ပုံမှန်အခန်းက အနည်းဆုံး ၃ ထောင်ကျော်ကနေ အများဆုံး က ၉ ထောင်ကျော် တသောင်း အထိ ရှိပါတယ်။ RC သုံးထပ်ခွဲပါ။ နှစ် ၃၀ မြေဂရမ် ပါတယ်။ မြေဂရမ်ကို ၂ကြိမ် သက်တမ်း တိုးလို့ရပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

တန်ဖိုး အနည်းဆုံး အခန်းဖြစ်သည့် အလျား ၂၃ ပေ၊ အနံ ၅၃ ပေရှိ လူ နေ၍ရသည့် အခန်းသည် ကျပ် သိန်း ၃ ထောင်ကျော် ရှိပြီး ပေ ၅၀ ပတ်လည်သည် ကျပ် သိန်း တသောင်း အထိ ရှိကြောင်း၊ မြေဧရိယာ ၁၅.၅ ဧက ပေါ်တွင် ဆိုင်ခန်းပေါင်း ၁၉၂ ခန်းရှိပြီး လက်ရှိ အချိန်ထိ ၆၀ ရာခိုင်နှုန်း ရောင်းချပြီးစီးကြောင်း အထက်ပါ အရောင်းတာဝန်ခံ အမျိုးသမီး က ပြောပြသည်။

ထိုဗဟို စီးပွားရေးဇုန် စီမံကိန်းတွင် ဇုန် ၆ ဇုန်ရှိပြီး လက်ရှိ ပထမ ဆုံး ဇုန်ဖြစ်သည့် မင်္ဂလာ မူဆယ် လမ်းလျှောက်ဈေး ဇုန်ကို စတင် တည်ဆောက် ပြီးစီးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထို စီမံကိန်းနေရာတွင် နယူးစတားလိုက် ကုမ္ပဏီ မှ လယ်ဧက ၂၀၀ ကျော်ကို သိမ်းယူခဲ့ပြီး တဧကကို ကျပ် သိန်း ၂၄၀ ပေးလျော်ခဲ့ သည်ဟု လယ်ပိုင်ရှင် တဦးဖြစ်သည့် ဦးစိုင်းခမ်းဟိန်းက ဧရာဝတီသို့ ပြောသည်။

ဗဟိုစီးပွားရေးဇုန် စီမံကိန်းသည် တရုတ်-မြန်မာ နယ်စပ် ဖြစ်သည့် ရွှေလီမြစ် ကမ်းဘေးတွင် တည်းဆောက်သည့် စီမံကိန်းတခုဖြစ် သည်။

မူဆယ်မြို့ ရှမ်းစာပေ နှင့် ယဉ်ကျေးမှု ကော်မတီ အဖွဲ့ဝင် စိုင်းမြတ်အောင် က“အခုထိ ဒီစီမံကိန်း တည်ဆောက်ဖို့ သိမ်းထားတဲ့ လယ်ယာမြေ လျော်ကြေးငွေနဲ့ ကိစ္စကို လယ်သမားတွေ မကျေနပ်သေးဘူး။ လယ်ယာမြေ ကိစ္စနဲ့ ပတ်သက်ပြီး လယ်သမားတွေ က ထပ်ကန့်ကွက် ချင်နေကြတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ဗဟို စီးပွားရေးဇုန် စီမံကိန်း တည်ဆောက်ခွင့်ကို နယူး စတားလိုက် ကုမ္ပဏီမှ ရရှိခဲ့ပြီး ထိုစီမံကိန်း လုပ်ငန်းများမှ လမ်း တည်ဆောက် ရေး အပိုင်းကို ဂရိတ်ဟော်ခမ်း ကုမ္ပဏီထံ ၂၀၁၂ ခုနှစ် ကုန်ပိုင်းက လွှဲပြောင်းပေးခဲ့ကြောင်း၊ ၂၀၁၃ ခုနစ်မှ စတင်၍ ဗဟိုစီးပွားရေး ဇုန်ကို စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Loading