အာရှ၏ အကြီးဆုံး ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတခု ဖြစ်သည့် IHH Healthcare က မြန်မာနိုင်ငံဈေးကွက်တွင် တိုး ချဲ့ မှု တခု အနေဖြင့် ရန်ကုန်မြို့တွင် Parkway Yangon Hospital အမည်ဖြင့် ကုတင် ၂၅၀ ဆံ့ ပုဂ္ဂလိဆေး ရုံတခုကို တည်ဆောက်လျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ ဆေးရုံကို ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်ရှိ ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေကွက် တွင် တည်ဆောက် မည်ဖြစ်ပြီး BOT စနစ်ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း၊ နှစ် ၅၀ စာချုပ်ဖြင့် ငှားရမ်းထားသည့် ၁၇၄၀၀ စတုရန်း မီတာ ကျယ်ဝန်းသည့် မြေပေါ်တွင် အမေရိကန်ဒေါ်လာ သန်း၇၀ ကုန်ကျမည့် Parkway Yangon ဆေးရုံ တည်ဆောက် ရန် အတွက် မြေတူးခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၂၄ ရက်နေ့က စ တင်လုပ်ဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ပြီးဆုံးမည့် အဆိုပါစီမံကိန်းကို IHH Healthcare ၏ ကုမ္ဗဏီခွဲ Parkway Healthcare Indo-China ၊ စင်ကာပူနိုင်ငံမှ Macondray Holdings နှင့် ပြည်တွင်း ကုမ္ပဏီများ ဖြစ်သည့် AMMK Medicare နှင့် Global Star တို့ ဖက်စပ်ပါဝင်သည့် Andaman Alliance Healthcare အုပ်စုက တာဝန်ဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆေးရုံကို အဓိက တာဝန်ယူတည်ဆောက်မည့် Andaman Alliance Healthcare ကုမ္ဗဏီအုပ်စု တွင် ပါဝင်သော ပြည်တွင်း ကုမ္ဗဏီ ၂ ခုမှာ ဒဂုံဦးဝင်းအောင်နှင့် IBTC လုပ်ငန်းရှင် ဦးအောင်မိုးကျော်တို့ ပိုင်ဆိုင်သော ကုမ္ဗဏီခွဲများ ဖြစ်ပြီး ပြည်တွင်းကုမ္ဗဏီ ၂ ခုက ဆေးရုံစီမံကိန်းတွင် ၃၇ ဒသမ ၅ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်ထားကြသည်။
IHH Healthcare ကုမ္ဗဏီသည် တရုတ်နိုင်ငံမှ လူလတ်တန်းစားများကို ဦးတည်၍ တရုတ်နိုင်ငံ Chengdu တွင် ကုတင် ၃၅၀ဆံ့ ဆေးရုံတခုတည်ဆောက်မည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး မကြာမီမှာပင် မြန်မာနိုင်ငံမှ စီမံ ကိန်းကို စတင်ခဲ့ခြင်း ဖြစ်သည်။
IHH ကို မလေးရှား အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတခုဖြစ်သည့် Khazanah Nasional က ထိန်းချုပ်ထားပြီး စင်ကာ ပူ မှ Parkway Pantai က စီမံခန့်ခွဲလျက်ရှိကြောင်း၊ IHH Healthcare သည် မလေးရှား၊ စင်ကာပူ၊ တူရကီနှင့် အခြား နိုင်ငံ ၆ ခုတွင် စုစုပေါင်း ဆေးရုံ ၄၉ ခု ဖွင့်လှစ်ထားကြောင်း သိရှိရသည်။