ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဦးဆောင် လုပ်ကိုင်နေသည့် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီက အမြန်ဘတ်စ်ကားလိုင်းစနစ် (Bus Rapid Transit) ကို ထောက်ကြံမှ မြို့တွင်းပိုင်း ဗိုလ်ချုပ်လမ်းဆုံအထိ ပြည်လမ်းတလျှောက် ပြေးဆွဲမှုကို ဖေဖော်ဝါရီလ ၉ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
“တခါငွေဖြည့်ထားရင် ကျပ် ၁၀၀၀၊ တကြိမ်ယာဉ်စီးခနှုန်းက ၃၀၀ ကျပ် သတ်မှတ်ထားတယ်။ ငွေဖြည့်စက်တွေကို လုံခြုံတဲ့နေရာမှာ တပ်ဆင်ပေးထားမယ်။ မှတ်တိုင်အဟောင်းနဲ့ သိပ်မကွာတဲ့ နေရာမှာ မှတ်တိုင်ထားမယ်။ ကားမှတ်တိုင်တိုင်း မရပ်ဘူး။ ၃ မှတ်တိုင်မှာမှ ၁ မှတ်တိုင် ဖြစ်လိမ့်မယ်။ စပယ်ယာ မရှိဘူး။ တိုးပြီးလည်း မကောက်ဘူး။ ရုံးဆင်းရုံးတက်ချိန်တွေကို ကားကို ခပ်စိတ်စိတ်လွှတ်မယ်” ဟု ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာ မောင်အောင်က ပြောသည်။
အဆိုပါ ယာဉ်လိုင်းကို နံနက် ၆ နာရီခွဲမှ ည ၉ နာရီခွဲအတွင်း ပြေးဆွဲသွားမည်ဖြစ်ပြီး အသွားအပြန် စုစုပေါင်း မှတ်တိုင် ၃၇ ခုရှိကြောင်း ကနဦး စတင်ပြးဆွဲရာတွင် ယာဉ်အစီးရေ ၁၈ စီးဖြင့် ပြေးဆွဲမည်ဖြစ်သည်ဟု ဒေါက်တာ မောင်အောင်က ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
BRT ယာဉ်လိုင်းစီမံကိန်း အကောင်အထည် ဖော်ရာတွင် တိုင်းဒေသကြီးအစိုးရဘက်က ရှယ်ယာ ၄၀ ရာခိုင်နှုန်း ဖြစ်သည့် မတည်ငွေ ကျပ် ၁၀ ဘီလီယံကို ကနဦး မတည်ပေးခဲ့ပြီး ကျန်ရှယ်ယာ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၁၅ ဘီလီယံကို အများပြည်သူများအား ရှယ်ယာထည့်ဝင်ရန် ဖိတ်ခေါ်ထားသည်။
ထိုရှယ်ယာတခုလျှင် ကျပ် ၁ သိန်းနှုန်းဖြင့် ရောင်းချပေးခဲ့ရာ ရှယ်ယာဝယ်ယူထားသူ ၇၁၀ ဦး ရှိနေပြီး ငွေပမာဏအားဖြင့် ကျပ် ၁ ဒသမ ၆၈ ဘီလီယံဖိုး ရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။
BRT စနစ်ဖြင့် ပြေးဆွဲမည့် လမ်းပိုင်းများမှာ အဆင့် (၁) အနေဖြင့် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းပိုင်း၊ အဆင့် (၂) အနေဖြင့် လှိုင်သာယာနှင့် အောင်မင်္ဂလာ အဝေးပြေး၊ ဒဂုံတက္ကသိုလ်မှ ပါရမီလမ်းပိုင်းကို ပြေးဆွဲမည်ဖြစ်ပြီး သီလဝါ စက်မှုဇုန်အထိ ပါဝင်သည့် အဆင့် (၃) လမ်းကြောင်းကို စီစဉ်ထားပြီး စုစုပေါင်းလမ်းအရှည် ၁၄၉ ဒသမ ၉၁ ကီလိုမီတာ ရှည်လျားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှှင့် တံတားဌာနထံမှ သိရသည်။
BRT ယာဉ်လှိုင်းပြေးဆွဲမည့် အစီအစဉ်နှင့် ပတ်သက်ပြီး မင်္ဂလာဒုံမှ မြို့တွင်းသို့ ရုံးတက်နေရသည့် ဝန်ထမ်းဖြစ်သူ မဝတ်ရည်က “ ခရီးရှည်တဲ့သူတွေ စီးရတာ အဆင်ပြေတယ်။ ခရီးစဉ် တိုတဲ့သူတွေကတော့ သိပ်စီးကြမှာ မဟုတ်ဘူး။ ဒါက တကယ်ပဲ အဆင်ပြေရင် ကားစီးရတိုင်း ခံစားနေရတဲ့ အဆင်မပြေမှုတွေ လျော့သွားတာပေါ့” ဟု ပြောသည်။