ရန်ကုန် စတော့ အိတ်ချိန်း ဖွင့်လှစ်ပြီးနောက် ရှယ်ယာ ရောင်းဝယ်ခြင်း လုပ်ငန်းများ လုပ်ကိုင်ရန် အဆင်သင့် ရှိနေပြီ ဖြစ်ကြောင်း FMI ကုမ္ပဏီနှင့် မြန်မာ သီလဝါ အထူး စီးပွားရေးဇုန် ဟိုးလ်ဒင်း အများပိုင် ကုမ္ပဏီ(MTSH)တို့က မီဒီယာများသို့ ပြောဆိုသည်။
ဖေဖော်ဝါရီ ၃ ရက်က ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသော ကမ္ဘာ့ဘဏ်အုပ်စု အဖွဲ့ဝင် ဖြစ်သည့် IFC နှင့် မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တို့ ပူးပေါင်း၍ မြန်မာကုမ္ပဏီများကြား ယှဉ်ပြိုင် မှု အရည်အချင်း တိုးမြှင့်နိုင်ရန် ကော်ပိုရိတ် စီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်စေရန်အတွက် ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် လက်မှတ် ရေးထိုးပွဲ အပြီးတွင် ပြောဆိုခြင်း ဖြစ်သည်။
MTSH ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က“အခြားကုမ္ပဏီတွေရဲ့ တိုးတက်မှုကို မှန်းဖို့တော့ ခက်ပါတယ်။ ကျနော်တို့ ကုမ္ပဏီရဲ့ တိုးတက်မှု အနေအထားကို ပြောမယ်ဆိုရင် ပထမဆုံး စပြီးလုပ်မယ့်အထဲကို ပါမယ်လို့ ယုံကြည်ထားပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်းကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး FMI ကုမ္ပဏီ၊ မြန်မာ့ လယ်ယာ စီးပွား အများပိုင် ကုမ္ပဏီ၊ ပထမ ပုဂ္ဂလိက ဘဏ်၊ မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်း အများပိုင် ကုမ္ပဏီ၊ မြန်မာ နိုင်ငံသားများ ဘဏ်၊ Great Hor Kham အများပိုင်ကုမ္ပဏီ စသည့် စတော့ရှယ်ယာများ ရောင်းချနိုင်မည့် အများပိုင် ကုမ္ပဏီ ၆ ခုဖြင့် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
စတော့ အရောင်းအဝယ် လုပ်ငန်းများကို ဒီဇင်ဘာလကပင် ဖွင့်လှစ်နိုင်ခဲ့သော်လည်း လာမည့် ၂၀၁၆ ခုနှစ် မတ်လသို့ ရောက်မှသာ စတင် လုပ်ဆောင်နိုင်မည်ဟု ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာန ဒု ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုထားသည်။
MTSH ကုမ္ပဏီအနေဖြင့် ၎င်းတို့ကုမ္ပဏီ၏ ရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ရာတွင် ကြားမှ ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီများအဖြစ် KBZ Security၊ CB Security ကုမ္ပဏီများဖြင့် ညှိနှိုင်း ဆောင်ရွက်ထားကြောင်းလည်း ဦးဝင်းအောင်က ပြောသည်။
ဦးဝင်းအောင်က“ရှယ်ယာ အသစ်ခေါ်ဖို့ဆိုတာ အစီအစဉ် မရှိသေးပါဘူး။ အခု စတော့မှာ စာရင်းသွင်းတဲ့ ရည်ရွယ်ချက်က လက်ရှိ ရှိနေတဲ့ ရှယ်ယာရှင်တွေ အနေနဲ့ သူတို့ရှယ်ယာတွေကို ရောင်းချင်တဲ့သူ ရှိရင်လည်း အဆင်ပြေပြေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရောင်းနိုင် ချနိုင်အောင် လုပ်ပေးတာ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။
FMI ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိမ်းဝေကလည်း ၎င်းတို့ စတော့အိတ်ချိန်းတွင် Listed (ရှယ်ယာ အရောင်းအဝယ် ပြုလုပ်ခွင့်ရ စာရင်းဝင်) ပြု လုပ်မည့် အခြေအနေနှင့် ပတ်သက်၍“အန်ကယ်တို့ အနေနဲ့ကတော့ စနိုင်ဖို့ မျှော်လင့်ပါတယ်။ အန်ကယ်တို့ ဘက်က အဆင် သင့် ဖြစ်နေပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ရန်ကုန် စတော့ အိတ်ချိန်းဖွင့်ပွဲအပြီး ရှယ်ယာ ရောင်းချခွင့်ရမည့် ကုမ္ပဏီများ စာရင်းတွင် ၆ ခုအထိ ပါဝင်နေသော်လည်း ဦးစွာ အရောင်းအဝယ်လုပ်နိုင်မည့် ကုမ္ပဏီ နည်းနေသေးပြီး လုပ်ငန်းစဉ်များ ဆောင်ရွက်နေဆဲ အဆင့်သာ ရှိသေးကြောင်း စတော့ရေးရာ ကျွမ်းကျင်ပြီး လက်ရှိ ငွေချေးသက်သေခံ လက်မှတ်များ အရောင်းအဝယ် လုပ်ပေးနေသော Myanmar Securities Exchange Centre ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။
စတော့ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး ၎င်းတို့ လက်ရှိ တွေ့ကြုံနေရသည့် အခြေအနေအရ ရန်ကုန်စတော့ အိတ်ချိန်းတွင် ရှယ်ယာများ ကနဦး အရောင်းအဝယ် လုပ်နိုင်မည့် ကုမ္ပဏီများတွင် FMI ကုမ္ပဏီက အလားအလာ အကောင်းဆုံး ဖြစ်နေကြောင်း၊ ရှယ်ယာ အကောင့်များကို Digital စနစ်သို့ စတင်ပြောင်းနေပြီ ဖြစ်ကြောင်းလည်း အထက်ပါ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက“အခုဟာ FMI က Digital ကို ပြောင်းဖို့ လုပ်နေပြီ။ စတော့အိတ်ချိန်းက Digital နဲ့ သွားမှာ။ အဲဒီအတွက် အကောင့်တွေ ဖွင့် ခိုင်း နေပြီဆိုတော့ သူကတော့ On the way ပေါ့။ ကုမ္ပဏီ ၆ ခုမှာ ဘယ်လောက်ဝင်မလဲတော့ မသိဘူး။ FMI ကတော့ အစောဆုံး ဖြစ်ဖို့ များတယ်ပေါ့။ လောလောဆယ် အနေအထားအရဆိုရင် သူက ဖြစ်ဖို့ ပိုမြန်လိမ့်မယ် ထင်တယ်။ FMI က ရှေ့အရောက်ဆုံးလို့ ပြောလို့ ရနိုင်ပါတယ်”ဟု ပြောဆိုသည်။
ရန်ကုန်စတော့ အိတ်ချိန်းကို မြန်မာ့ စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း၊ တိုကျို စတော့အိတ်ချိန်းက ၁၈ ဒသမ ၇၅ ရာခိုင်နှုန်းနှင့် ဂျပန် ဒိုင်ဝါ သုတေသနက ၃၀ ဒသမ ၂၅ ရာခိုင်နှုန်း ထည့်ဝင်ပြီး အကောင်အထည် ဖော်ခဲ့ကြခြင်း ဖြစ်သည်။