မကြာမီ ကာလအတွင်း လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀ ခန့် ပေးပို့သွားဖွယ်ရှိကြောင်း ဗီယန်ကျင်း တိုင်းမ် (Vientiane Times) သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
“မြန်မာ အစိုးရအနေနဲ့ လာအို အစိုးရကို ဒီ လျှပ်စစ်တင်သွင်းဖို့ စီမံကိန်းကို အဆိုပြုထားတာ ၂ လလောက် ရှိပါပြီ။ လက်ရှိမှာတော့ လျှပ်စစ် ထုတ်လွှတ်ပေးမယ့် လမ်းကြောင်းတွေနဲ့ ဘယ်နေရာမှာ အသုံးပြုမလဲ ဆိုတာတွေ အပါအဝင် စီမံကိန်းကို အသေးစိတ် လေ့လာနေပါတယ်” ဟု လာအို စွမ်းအင်နှင့် သတ္တုတွင်း ဒုတိယ ဝန်ကြီး ဗီရာဖွန် ဝီရဝန် (Viraphonh Viravong) က ဗီယန်ကျင်း တိုင်းမ်သို့ ဇန်နဝါရီလ ၂၇ က်နေ့က ပြောဆိုထားသည်။
မကြာသေးခင်က ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် ပါတီ ကွန်ဂရက်တွင် လာအို စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူ ဒေါက်တာ ခမ်မန်နီ အင်သီရတ် (Dr. Khammany Inthirath) က ယခုနှစ်အတွင်း လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ ပထမဆုံး လျှပ်စစ်စွမ်းအင် တင်ပို့မှု စတင်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လာအိုရှိ လန် နမ်သာ (Luang Namtha) ခရိုင်နှင့် နီးသော မြန်မာ ကျေးရွာများသို့ ပဏာမ အနေဖြင့် လျှပ်စစ် ပေးပို့သွားမည် ဖြစ်ကြောင်းလည်း ဒု ဝန်ကြီး ဝီရာဖွန် ကပြောသည်။
အာဆီယံဒေသတွင် စွမ်းအင်ထုတ်လုပ်များ ဟန်ချက်မညီခြင်းကို ဖြေရှင်းပေးသည့် Asean Power Grid (APG) ၏ အောက်တွင် လာအိုနိုင်ငံသည် စွမ်းအင်စုပေါင်းခြင်းအတွက် အရှိန်မြှင့် လုပ်ဆောင်သွားလိမ့်မည် ဖြစ်သည်။ APG ၏ ရည်ရွယ်ချက်မှာ စွမ်းအင်ပိုလျှံသော နိုင်ငံများနှင့် စွမ်းအင် နည်းပါးသော နိုင်ငံများအကြား ချိတ်ဆက်ပေးရန် ဖြစ်သည်။ ၂၀၁၂၀ တွင် အာဆီယံ ၁၀ နိုင်ငံအကြား စွမ်းအင်ချိတ်ဆက်နိုင်ရန် ရည်မှန်းထားသည်။
အာဆီယံနိုင်ငံများတွင် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် လောင်စာဆီများ အသုံးပြုမှုကို လျှော့ချရန် လာအိုနိုင်ငံက ကူညီပေးနိုင်ပြီး အရေးကြီးသည့် အာဆီယံနိုင်ငံများကို စွမ်းအင်ထောက်ပံ့မှု တည်ငြိမ်စေရန်လည်း အထောက်အကူ ပေးနိုင်မည်ဖြစ်သည်။
လာအိုနိုင်ငံ အနေဖြင့် လအနည်းငယ်အတွင်း ဗီယမ်နမ်နိုင်ငံသို့လည်း လျှပ်စစ်ဓာတ်အား ပိုမို ပို့လွှတ်ဖွယ်ရာ ရှိသည်။ ဗီယမ်နမ်သို့ လျှပ်စစ် ပေးပို့ရန်အတွက် ဓာတ်အားပေးစက်ရုံ အသစ် Xekaman 1 ကို ယခုနှစ်တွင် လာအိုအနောက်ပိုင်း Attapeu ခရိုင်တွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကား – Vientiane Times, The Nation