အမေရိကန်နိုင်ငံက လျှပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်းမှ ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ (ရေငွေ့၊ ကာဗွန်ဒိုင် အောက်ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်အောက်ဆိုဒ်၊ အိုဇုန်း အစရှိသည်များ) ထုတ်လွှတ်မှုကို နောက် ၁၅ နှစ် အတွင်း ၁၉၉၀ ခုနှစ်ထက် စာလျှင် ၇၈ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်ကြောင်း US National Oceanic and Atmospheric Administration (NOAA) နှင့် Colorado Boulder တက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှုစာတမ်း တခုက ဆိုသည်။ တိုးတက်လာ နေသည့် စွမ်းအင်လိုအပ်ချက်ကို ပြည့်မီအောင်ပြုလုပ်ရင်း လျှော့ချသွားနိုင်မည်ဟုလည်း သိရသည်။
ထိုသို့လေ့လာရာတွင် အနာဂတ် စွမ်းအင်အတွက် ကုန်ကျစားရိတ်၊ လိုအပ်ချက်၊ ထုတ်လုပ်မှု နှင့် ဖြန့်ဝေမှုများကို ခေတ်မီ သချာၤပုံစံတခုကို အသုံးပြု၍ တွက်ချက်ခဲ့သည်။ သူတို့၏ လေ့လာမှုအရ ဖြန့်ဖြူးရေးဆိုင်ရာ အခြေခံ အဆောက်အဦးများ အဆင့်မြှင့်တင်ခြင်းနှင့် ရာသီဥတု(လေ၊ နေရောင်ခြည်)ကို အခြေခံသည့် ပြည့်မြဲစွမ်းအင်များကို အသုံးပြုခြင်းအားဖြင့် နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား အများစုကို ထောက်ပံ့ပေးနိုင်ကြောင်းနှင့် ယနေ့ခေတ်တွင် ရုပ်ကြွင်းလောင်စာများ (ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး အစရှိသဖြင့်) အသုံးပြုသည့် ကုန်ကျစရိတ်နှင့် အတူတူခန့်ပင် ကုန်ကျမည် ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
“ကျနော်တို့ရဲ့ သုတေသနတွေအရ အားကိုးအားထားပြုနိုင်ပြီး ကာဗွန်ထုတ်လွှတ်မှု နည်းတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေး စနစ်ဖြစ်အောင် ပြောင်းလဲရေးကို ဈေးကွက်မှာရနိုင်တဲ့ နည်းပညာတွေနဲ့ ၁၅ နှစ် အတွင်း ပြီးစီးအောင် ပြုလုပ်နိုင်ပါတယ်” ဟု NOAA မှ Earth System Research Laboratory (ESRL) ၏ ဒါရိုက်တာ အဖြစ်မှ မကြာသေးမီက အငြိမ်းစားယူခဲ့သော Alexander MacDonald ကပြောသည်။ သူက ယခု သုတေသနစာတမ်းကို ဦးဆောင်ရေးသားခဲ့သူ တဦးလည်း ဖြစ်ပါသည်။
အဆိုပါစာတမ်းကို Nature Climate Change ဂျာနယ်၏ အင်တာနက်စာမျက်မှာတွင် ဖော်ပြဖြန့်ဝေခဲ့ပါသည်။
လေအားနှင့် နေရောင်ခြည် စွမ်းအင်မှ ဓာတ်အားထုတ်ယူခြင်းက ပြည့်မြဲစွမ်းအင် ထုတ်လုပ်မှုစရိတ်ကို ဆက်လက်ကျ ဆင်းစေခဲ့သော်လည်း အဆိုပါ စွမ်းအင်အရင်းအမြစ်များ၏ ပင်ကိုယ် သဘောတရားအရ အချိန်ပြည့် ရယူနိုင်ခြင်းမရှိပါ။ ထို့ကြောင့် ပြည့်မြဲစွမ်းအင် ထုတ်လုပ်မှုအတွက် အရန်အနေဖြင့် သဘာဝဓာတ်ငွေသုံး ဓာတ်အားပေးစက်များနှင့် အခြား နည်းလမ်းများတွင်လည်း အပိုဆောင်း၍ ရင်းနှီးမြှုပ်နှံခဲ့ကြရသည်။
“အနာဂတ်မှာတော့ အဲဒါတွေ လိုအပ်တော့မှာ မဟုတ်ပါဘူး” ဟု စာတမ်းကို ပူးတွဲ ရေးသားခဲ့သူတဦးဖြစ်သည့် Christopher Clack ကပြောသည်။ သူက Colorado Boulder တက္ကသိုလ်၊ Cooperative Institute for Research in Environmental Sciences မှ ရူပဗေဒနှင့် သချၤာ ပညာရှင်တဦး ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စု တနေရာရာတွင် နေသာချိန်၊ လေတိုက်ခတ်ချိန် မှန်သမျှတွင် စွမ်းအင်ရရှိနိုင်သလို ပြည့်မြဲ စွမ်းအင် အမြဲလိုမရနိုင်မှု ပြဿနာကိုဖြေရှင်းရန် နည်းလမ်းမှာ ထုတ်လုပ်ရေးစနစ်ကို ရာသီဥတုနှင့် ကိုက်ညီသည့် စနစ် တခု ဖြစ်အောင် တိုးချဲ့သွားရန် ဖြစ်သည်ဟု Alexander MacDonald က သုံးသပ်သည်။
ထို့ကြောင့် ရာသီဥတုကို လေ့လာခဲ့ပြီး လေ့လာခန့်မှန်းမှုများ ပိုမို တိုးတက်လာအောင် နှစ် ၄၀ ကျော်ကြာ လုပ်ဆောင်ခဲ့ သော Alexander MacDonald က သူ၏ စိတ်ကူးကို ချဲ့ထွင်နိုင်ရန်အတွက် NOAA မှ အခြားသိပ္ပံပညာရှင် ၄ ဦးနှင့် အတူ အဖွဲ့တခု ဖွဲ့စည်းလိုက်သည်။ အမျိုးသားစွမ်းအင် ကွန်ရက် စနစ်အတွင်းသို့ စွမ်းအင် အရင်းအမြစ် အမျိုးမျိုးမှ ရရှိသည့် လျှပ်စစ် ဓာတ်အားများ ပေါင်းထည့်ရန် ကုန်ကျစရိတ်ကို NOAA ၏ အဆင့်မြင့် မိုးလေဝသ အချက်အလက်များ အသုံးပြု၍ နည်းစနစ် ပုံစံတခု တည်ဆောက်တွက်ချက်ခဲ့သည်။ အနာဂတ်တွင်လိုအပ်လာမည့် စွမ်းအင် အတွက် ရရှိနိုင် မည့် ပြည့်မြဲစွမ်းအင် အလားအလာ၊ စွမ်းအင်လိုအပ်ချက်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု နှင့် ဓာတ်အား ထုတ် လုပ်ရေး ကုန်ကျစရိတ်များကို အဆိုပါ ပုံစံက ခန့်မှန်းတွက်ချက်ပေးခဲ့သည်။
သုတေသီများ အနေဖြင့်လည်း တတ်နိုင်သည့် အတိုင်းအတာ၊ အားကိုးအားထားပြုနိုင်မှုနှင့် ကျောက်မီးသွေး အပါအဝင် စွမ်းအင် အရောအနှော အမျိုးမျိုးတို့၏ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုတို့ကို တွက်ဆနိုင်ခဲ့သည်။ ကုန်ကျစရိတ်နှင့် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုတို့ ဆက်စပ်နေခြင်း မဟုတ်ကြောင်း တွေရှိခဲ့ရသည်။ ငွေများများ သုံးနိုင်မှ ကာဗွန် ထုတ်လွှတ်မှု လျှော့ချနိုင်မည်ဟု ယူဆ၍ မရကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
ပြည့်မြဲစွမ်းအင်အတွက် ကုန်ကျစရိတ်က ကျွမ်းကျွင်သူများ ခန့်မှန်းထားသည်ထက် ပိုနိုင်သည်ဟု အယူအဆများရှိသော်လည်း ယခုနည်းစနစ်က ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၂၀၃၀ ခုနှစ်တွင် ၁၉၉၀ ခုနှစ်ကထက်စာလျှင် ၃၃ ရာခိုင် နှုန်း လျှော့ချနိုင်ပြီး လျှပ်စစ်ဓာတ်အား ၁ ယူနစ်လျှင် ၈.၆ ဆင့် ခန့် ကျသင့်မည်ဖြစ်သည်။ ၂၀၁၂ ခုနှစ် တွင် တယူနစ်လျှင် ၉.၄ ဆင့် ရှိသည်နှင့် နှိုင်းယှဉ်ကြည့် နိုင်ပါသည်။
အကယ်၍ ခန့်မှန်းထားသည့်အတိုင်း အနာဂတ်တွင် ပြည့်မြဲစွမ်းအင် ကုန်ကျစရိတ်က ကျဆင်းလာပြီး သဘာဝဓာတ်ငွေ့ အတွက် ကုန်ကျစရိတ်က မြင့်တက်လာခဲ့လျှင် ယခု ပုံစံက ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၁၉၉၀ ခုနှစ်ကထက် ၇၈ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး လျှပ်စစ်ဓာတ်အားကို တယူနစ်လျှင် ၁၀ ဆင့်ဖြင့် ဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။ ၁၉၉၀ ခုနှစ် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို သိပ္ပံပညာအရ စံအဖြစ် သတ်မှတ်ထားရှိသည်။
ကျောက်မီးသွေး အပါအဝင် အခြားလောင်စာများက ထုတ်လုပ်မှု စရိတ်ပိုနည်းပြီး တယူနစ်လျှင် ၈.၅ ဆင့်ရှိသည်ဟု ဆို သော်လည်း ကာဗွန် ထုတ်လွှတ်မှု အလွန်မြင့်မားသည်။
မကြာသေးမီက ပါရီတွင်ပြုလုပ်ခဲ့သော ရာသီဥတု ဆိုင်ရာ ထိပ်သီး အစည်းအဝေးတွင် အမေရိကန်နိုင်ငံက ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ကဏ္ဍအားလုံးတွင် ၂၀၁၅ ခုနှစ် တွင် ၂၀၀၅ ခုနှစ် နှင့်စာလျှင် ၂၈ ရာခိုင်နှုန်း လျှော့ချရန် ကတိ ပြုခဲ့ပြီး ဖြစ်သည်။ NOAA ၏ ယခု လေ့လာမှုက အမေရိကန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကဏ္ဍ တခုတည်း တွင် အပြောင်းအလဲများပြုလုပ်ရုံဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် စုစုပေါင်း ထုတ်လွှတ်မှုကို ၂၀၃၀ ခုနှစ်တွင် ၂၀၀၅ ခုနှစ် အဆင့်ထက် ၃၁ ရာခိုင်နှုန်း လျှော့ချ နိုင်မည်ဟု ဆိုထားသည်။ ပြုလုပ်ရမည့် အပြောင်းအလဲများထဲတွင် ပြည့်မြဲစွမ်းအင် ထုတ်လုပ်မှု အလျှင်အမြန်တိုးချဲ့ရေးနှင့် ဖြန့်ဖြူးရေးဆိုင်ရာ အခြေခံအဆောက်အဦးများ အဆင့်မြှင့် ပြင်ဆင်ရေးများ ပါဝင်သည်။
ကုန်ကျစရိတ်သက်သာစေမည့် နည်းလမ်းများ အနေဖြင့် ဓာတ်အားပို့ဆောင်ရေး အခြေခံ အဆောက်အဦးများ အဆင့်မြှင့် တင်ရန် အထူးသဖြင့် လက်ရှိ ဓာတ်အားကွန်ရက်ကို အထောက်အပံ့ဖြစ်ရန် တိုက်ရိုက် သယ်ဆောင်နိုင်သည့် ဗို့အားမြင့် ကွန်ရက်အသစ် (high-voltage direct-current transmission grid – HVDC) တခု တည်ဆောက်ရေးကို သုတေသီများက စနစ်တွင ်ထည့်သွင်းခဲ့သည်။ ကမ္ဘာတလွှားတွင် အသုံးပြုနေသော HVDC လိုင်းများသည် ရှည်လျားသော ဖြန့်ဖြူးရေး လမ်းကြောင်းများ တလျှောက်တွင် စွမ်းအင် လျော့နည်း ဆုံးရှုံးမှုကို လျှော့ချပေးနိုင်သည်။ ပုံစံ အသစ်က အဆိုပါ လိုင်းများကို ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုရန် ရည်ရွယ်ထားသည်။ ရင်းနှီးမြှုပ်နှံရာတွင်လည်း ထိရောက်မှုရှိပြီး ကုန်ကျစရိတ် ကိုလည်းလျှော့ချနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရသည် ဟုလည်းဆိုသည်။
HVDC ဓာတ်အားကွန်ရက် စိတ်ကူး ကို Alexander MacDonald က ၁၉၅၀ နှစ်များအတွင်း အမေရိကန်နိုင်ငံ၏ စီးပွား ရေးကို ပြောင်း လဲစေခဲ့သော ပြည်နယ်ဖြတ် အဝေးပြေးလမ်းစနစ် နှင့် နှိုင်းယှဉ်ပြခဲ့သည်။ “အီလက်ထရွန်တွေ ပြည်နယ် တွေကို ဖြတ်ကျော်သွားနိုင်တဲ့ စနစ်နဲ့ အတူ ပြည့်မြဲစွမ်းအင်တွေကို တိုင်းပြည်ရဲ့ နေရာတိုင်းကို ပို့ဆောင်ပေးနိုင်မှာ ဖြစ် ပါတယ်။ HVDC စနစ်တခုက ကာဗွန် ထုတ်လွှတ်မှုနည်းတဲ့ နေရာမှာရော ကုန်ကျစရိတ် အရရော ထုတ်လုပ် မှု ပုံစံ အမျိုးမျိုးနဲ့ ယှဉ်နိုင်တဲ့ အတွက် တနိုင်ငံလုံးနဲ့ဆိုင်တဲ့ လျှပ်စစ်စွမ်းအင် ဈေးကွက်တခုကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။” ဟု သူကပြောသည်။
လျှပ်စစ် ကဏ္ဍမှ အခြား ကျွမ်းကျင်သူများကလည်း နည်းလမ်း ပုံစံ အသစ်ကို စိတ်ဝင်စားခဲ့ကြသည်။
“ဒီလေ့လာတွေ့ရှိမှုက နဂိုက သိထားတာတွေထက် ကျော်လွန်သွားစေခဲ့ပါတယ်။ ပြတ်တောင်းပြတ်တောင်း ဖြစ်တတ်တဲ့ ပြည့်မြဲစွမ်းအင်တွေနဲ့ ပို့ဆောင်ပေးမှုစနစ်ကို ပေါင်းစပ်ပေးခြင်းက ရုပ်ကြွင်းလောင်စာသုံး လျှပ်စစ်စွမ်းအင်ကို ဖယ်ရှားပစ် နိုင် တယ် ဆိုတာကို ပြသခဲ့ပါတယ်။ ဓာတ်အားသိုလှောင်နိုင်ရေး အရင်စဉ်းစားရဦးမယ် ဆိုရင်တောင် ရုပ်ကြွင် းလောင်စာကို အခြေခံတဲ့ စနစ်ထက်ပိုပြီး ကုန်ကျစရိတ်နည်းပါးစွာနဲ့ စွမ်းအင် လိုအပ်ချက်နဲ့ ကိုက်ညီအောင်လုပ်နိုင် ပါတယ်” ဟု Stanford တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Mark Jacobson က Nature Climate Change ဂျာနယ်တွင် ရေးသားခဲ့သည်။