ပြည်တွင်းရွှေဈေးကွက်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် ရွှေဈေးနှုန်းသည် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား လျှင် ငွေကျပ် ၈ သိန်းကျော်အထိ ဈေးမြင့်တက်ခဲ့ပြီး ယခုအခါ အနည်းငယ် ဈေး ပြန်လည် ကျဆင်းခဲ့သော်လည်း ဈေးအမြင့်ပိုင်းတွင်ပင် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။
မြန်မာ့ရွှေဈေးသည် အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၈၀၃,၀၀၀ ကျော် အထိ အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့ကြောင်း၊ ရွှေဈေးနှုန်းအမြင့်ဆုံးတက်ချိန်သည် ရုံးပိတ်ရက်များနှင့်တိုက်ဆိုင်နေကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။
“ပြီးခဲ့တဲ့ ပိတ်ရက်တုန်းက ၁၂ ရက်နေ့ တရက်တည်းကို နာရီပိုင်းတွင်းမှာ ကမ္ဘာရွှေဈေးက ဒေါ်လာ ၁၂၆၀ ကနေ ၁၂၃၂ကို ပြန်ကျသွားပြီး တချိန်တည်းမှာ ပြည်တွင်းရွှေက တကျပ်သား ၈ သိန်းကျော် ဖြစ်သွားတယ်။ အရောင်း အဝယ်ကတော့ ရွှေဈေးတက်ရင် အေးတာပုံမှန်ပဲ” ဟု ဦးကျော်ဝင်းက ပြောသည်။
အခေါက်ရွှေ ၁ ကျပ်သားလျှင် ၈သိန်းကျော် အထိ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းမှာ ကမ္ဘာ့ရွှေဈေး အတက်မြန်နေခြင်း၊ ဗဟိုဘဏ် ပိတ်ချိန် ရည်ညွှန်းငွေလဲနှုန်း သတ်မှတ်နိုင်ခြင်းမရှိသဖြင့် ဈေးကွက်က သတ်မှတ်သော ဈေးနှုန်းဖြင့် သာ ခန့်မှန်းအရောင်းအဝယ်လုပ်ရသဖြင့် ငွေလဲနှုန်းမြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း ရွှေကုန်သညများက ဆိုသည်။
လတ်တလော ရွှေဈေးနှုန်းသည် ၈ သိန်းကျော်မှ အခေါက်ရွှေ ၁ ကျပ်သားလျှင် ၇၉ ၁၀၀၀ ဝန်းကျင်သို့ ပြန်လည် ကျဆင်း နေပြီဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က “ ပြီးခဲ့တဲ့အပတ်တုန်းက ရွှေဈေး အမြင့်ဆုံး ၈သိန်း ၃ထောင် ရှိခဲ့တယ်။ အခုအပတ်မှာက ၇သိန်း ၉သောင်းကျော်အထိ ဈေးပြန်ကျ သွားတော့ တသောင်း လောက် ကျဆင်းသွားပြီ”ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁၂ ၇က်နေ့မတိုင်ခင်အထိ ရွှေဈေးနှုန်းသည် တကျပ်သားလျှင် ကျပ် ၇၉၃၀၀၀ ထိ ဖြစ်ပေါ်ခဲ့ပြီး၊ ကမ္ဘာရွှေဈေးနှုန်းမှာ တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၂၆ ရှိခဲ့ပြီး၊ ဗဟိုဘဏ်၏ သတ်မှတ် ငွေလဲနှုန်းထား မှာ အမေရိကန် တဒေါ်လာလျှင် ၁၂၃၀ ကျပ်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပြည်တွင်းရွှေဈေးနှုန်း မှာ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၇၉၁၅၀၀ တွင် ဖြစ်နေပြီး ကမ္ဘာရွှေဈေးမှာ တအောင်စလျှင် ဒေါ်လာ ၁၂၁၁ ရှိပြီး ၊ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်းူထားမှာ တဒေါ်လာလျှင် ၁၂၃၀ ကျပ် ဖြစ်သည်။
ကမ္ဘာရွှေဈေး အတက်အကျ မြန်ဆန်နေရခြင်းမှာလည်း တကမ္ဘာလုံးတွင် လုပ်ကိုင်နေသည့် စတော့ဈေးကွက်များ ကျဆင်းနေခြင်းနှင့် ရေနံဈေးနှုန်းမှာလည်း ကျဆင်းနေခြင်း ဖြစ်သောကြောင့် ရင်းနှီးမြုပ်နှံသူများသည် ရွှေ၊ ငွေ၊ ပလက်တီနမ်စသည့် သတ္တုဈေးကွက်တွင် ပိုမို ရင်းနှီးမြုပ်နှံလာခြင်းကြောင့်ဖြစ်သည်ဟု နိုင်ငံတကာစီးပွားရေး သတင်းများတွင် ဖော်ပြထားချက်အရ သိရှိရသည်။