ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကုန်ခါနီးအထိ မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုပမာဏအရ ပြီးခဲ့သည့် ဘဏ္ဍာနှစ် တင်ပို့မှုထက် တန်ချိန် ၄ သိန်း ဝန်းကျင် လျော့ကျသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။
ဘဏ္ဍာနှစ်ကုန်ရန် ၁ လ ကျော်သာ လိုတော့သည့် ယခုအချိန်တွင် ဆန်တင်ပို့ထားနိုင်သည့် ပမာဏသည် တန်ချိန် ၁.၃ သန်း ဝန်းကျင်သာ ရှိသေးကြောင်း၊ ပြီးခဲ့သည့် နှစ်က တင်ပို့ထားနိုင်သည့် ပမာဏသည် ဆန်တန်ချိန် ၁.၈ သန်း နီးပါးဖြစ်ကြောင်း သိရသည်။
ထို့အတွက် ယခုဘဏ္ဍာနှစ်ကုန်ထိ ဆက်လက်ပို့နိုင်မည့် အခြေအနေနှင့် ခန့်မှန်းပါက ဆန်တန်ချိန် ၄ သိန်းနီးပါး တင်ပို့မှု လျော့ကျသွားနိုင်မည်ဟု ဦးရဲမင်းအောင်က ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ နှစ်က ၁.၈ သန်းလောက်ရှိတယ်။ အခုဘဏ္ဍာနှစ်က မြန်မာနိုင်ငံကပို့ထားတာ တန်ချိန် ၁.၃ သန်းပဲ ရှိတဲ့ အတွက် ဒီနှစ်မှာ ၁.၄ သန်းလောက်ပဲ ပို့နိုင်မယ်။ မနှစ်က ၁.၈ သန်းလောက်ထိ ပို့တာ ဖြစ်တဲ့ အတွက် မနှစ်ကထက် ဆန်တန်ချိန် ၄ သိန်း လောက် လျော့ပြီး ပို့နိုင်တဲ့ အနေအထားပါ”ဟု ပြောပြသည်။
ယင်းသို့ ဆန်တင်ပို့မှု လျော့ကျသွားရခြင်း အကြောင်းရင်းသည် ယခုဘဏ္ဍာနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် တနိုင်ငံလုံးအနှံ့ ရေလွှမ်းမိုးမှုများကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။
ရေလွှမ်းမိုးမှု ဖြစ်စဉ်များ တနိုင်ငံလုံးအနှံ့ ဖြစ်ပေါ်ခဲ့မှုနှင့် ဆက်စပ်ပြီး လယ်ဧကပေါင်း များစွာ ရေကြီး နစ်မြုပ်ပျက်စီးမှုများ ဖြစ်ခဲ့သည့် နည်းတူ ဆန်ဈေးနှုန်း မတည်ငြိမ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
ဆန်တင်ပို့မှုသည် ယခုလက်ရှိတွင်လည်း လျော့ကျနေသည့် အခြေအနေဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ဆန်ကုန်သည် ဦးလူမော်မြင့်မောင် ကလည်း ပြောပြသည်။
၎င်းက “အရင် မူဆယ်ဘက်ကို တနေ့ကို အိတ်စ်ပို့ လုပ်တာ တန် ၅ထောင် လောက်ရှိတယ်။ အခုဆို တန် ၁ထောင် လောက်ပဲရှိတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ပြည်တွင်းဈေးက နည်းနည်းမြင့်ပြီး ဟိုဘက်က ဝယ်နိုင်တဲ့ဈေးက နည်းနည်း နိမ့်နေတဲ့အခါကြ အထွက်နည်းနေတယ်”ဟု ပြောဆိုသည်။
ယခုအချိန်တွင် မြန်မာ့ ဆန်တင်ပို့မှုသည် နယ်စပ်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ အဓိက ထွက်နေပြီး ဈေးနှုန်းရရှိမှုတွင်လည်း နိုင်ငံ တကာ ဈေးထက် အနည်းငယ်ပိုရသည်ဟု ဆိုသည်။
လက်ရှိ ပြည်တွင်းမှ တင်ပို့ထားသော ဆန်တင်ပို့မှု စုစုပေါင်း ၁.၃ သန်းတွင် နယ်စပ်လမ်းကြောင်း ကုန်သွယ်မှုမှ တရုတ်နိုင်ငံသို့ ပို့သည့် ပမာဏသည် ၉၀ ရာခိုင်နှုန်းအထိရှိနေပြီး ကျန် ၁၀ ရာခိုင်နှုန်းသာ ပုံမှန်လမ်းကြောင်း သင်္ဘောတင်ပို့မှုမှ ထွက်ကြောင်း သိရ သည်။
တရုတ်နိုင်ငံသို့ မြန်မာ့ဆန်များ ယနေ့အထိ တင်ပို့နေရာတွင် မြန်မာနိုင်ငံဘက်မှ တရားဝင်လမ်းကြောင်းဖြင့် ထွက်သော်လည်း တရုတ် ဘက်မှ တရားဝင်ခွင့်ပြုထားခြင်း မရှိသေးပေ။
လက်ရှိတွင် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့်ရရေး ညှိနှိုင်းမှုများ လုပ်ဆောင်နေဆဲဖြစ်ပြီး ယင်းကာလအတွင်း အနည်းငယ်သော ပမာဏသာ တရားဝင် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။