ပြည်တွင်းရွှေဈေးကွက်တွင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရွှေဈေးနှုန်းသည် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ငွေကျပ် ၈ သိန်းကျော်အထိ ဒုတိယအကြိမ် ထပ်မံ ဈေးမြင့်တက်ခဲ့ပြီး အဓိကအားဖြင့် ကမ္ဘာ့ရွှေဈေး မြင့်တက်လာ ခြင်း ကြောင့် မြန်မာ့ရွှေဈေးမြင့်တက်ခြင်းဖြစ်ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
အကယ်ဒမီအခေါက်ရွှေဈေးနှုန်းသည် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင်းတွင်လည်း အစိုးရရုံးပိတ်ရက်များ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည့် အချိန်တွင် ကျပ် ၈၀၃၀၀၀ အထိ ဈေးမြင့်တက်ခဲ့ပြီးနောက် ဈေးပြန်လည် ကျဆင်းခဲ့ရာမှ ယခုအပတ် အတွင်း ယင်းနှုန်းအတိုင်း ပြန်လည် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
“ဒီနေ့က ရွှေဈေးက တကျပ်သား ၈၀၁၅၀၀ ကျပ် ရှိပါတယ်။ ပြီးခဲ့တဲ့ တပတ်တုန်းကလည်း ၈ သိန်းကျော် ဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ဈေးပိတ်ခဲ့တာက ၇၉၉၀၀၀ ကျပ်နဲ့ ဈေးပိတ်ခဲ့တယ်။ ဒီနေ့ ကမ္ဘာပေါက်ဈေးက တအောင်စကို ဒေါ်လာ ၁၂၂၅ ရှိပါတယ်”ဟု အောင်သမာဓိရွှေဆိုင်မှ တာဝန်ရှိသူ တဦးက ပြောသည်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ဖြစ်ပေါ်နေသော ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်းမှာလည်း တဒေါ်လာလျှင် ၁၂၃၆ ကျပ် ရှိပြီး အပြင်ဈေးကွက်တွင် တဒေါ်လာ ၁၂၄၅ ကျပ် ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၂ ၇က်နေ့မတိုင်ခင်အထိ ရွှေဈေးနှုန်းသည် တကျပ်သားလျှင် ကျပ် ၇၉၃၀၀၀ ထိ ဖြစ်ပေါ်ခဲ့ပြီး၊ ကမ္ဘာ့ ရွှေဈေးနှုန်းမှာ တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၂၆ ရှိခဲ့ပြီး၊ ဗဟိုဘဏ်၏ သတ်မှတ် ငွေလဲနှုန်းထား မှာ အမေရိကန် တဒေါ်လာလျှင် ၁၂၃၀ ကျပ်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပြည်တွင်းရွှေဈေးနှုန်း မှာ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၇၉၁၅၀၀ တွင် ဖြစ်နေပြီး ကမ္ဘာရွှေဈေးမှာ တအောင်စလျှင် ဒေါ်လာ ၁၂၁၁ ရှိပြီး ၊ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်းူထားမှာ တဒေါ်လာလျှင် ၁၂၃၀ ကျပ် ဖြစ်သည်။
ရွှေဈေး ၈ သိန်းကျော်လည်း ရွှေအရောင်းအဝယ်မှာမူ ကောင်းမွန်ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ ရရှိသော သတင်းအချက်အလက်များအရ သိရှိရသည်။