စီးပွားရေး

ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းကြောင့် ဒလအိမ်ခြံမြေ ရောင်းသူရှားပါး

This article has been converted from Zawgyi One to Unicode

ရန်ကုန်နှင့် ဒလကိုဆက်သွယ်မည့် ဒလတံတားစီမံကိန်း ဆောင်ရွက်ရန် အစိုးရပိုင်းက အိမ်ခြံမြေလျှော်ကြေးများ ပေး အပ်ပြီးနောက်ပိုင်း ဒလဘက်ရှိ အိမ်ခြံမြေဈေးနှုန်းများ သိန်းထောင်ချီ မြင့်တက်လာသော်လည်း မြေကွက် ရောင်း ချ မည့် သူ နည်းပါးနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဒလမြို့နယ် သပြေကုန်းတွင်နေထိုင်သည့် ကိုအောင်သူက “ တံတားထိုးမယ့် နေရာတွေမှာ ဈေးတွေကမြင့်တယ်။ ဒါပေမယ့် ရောင်းမယ့်သူ မရှိဘူး။ ရောင်းပြီးဘယ်မှာ နေမလဲ။ နောက်ဝယ်မယ့် မြေကွက်ကိုလည်း ဈေးက မလိုက် နိုင်တော့ဘူး”ဟု ပြောသည်။

မြေဈေးနှုန်းများသည် ဒလဘက်ရှိ ဗိုလ်ရန်ပြေဘက်အခြမ်း၌ ပေ ၄၀x ၆၀ တကွက်လျှင် ကျပ်သိန်း ၁၂၀၀ ရှိနေပြီး သပြေကုန်းဘက်တွင် တပေလျှင်ကျပ် ၁၂ သိန်း ဝန်းကျင်၊ နာရီစင်ဘက်ခြမ်းနှင့် ဒလမြို့ပြင်ဘက်ခြမ်းရှိ နေရာများ တွင် ကျပ်သိန်း ၈၀၀ မှ ကျပ်သိန်း ၁၀၀၀ အထိ ဈေးပေါက်နေကြောင်းနှင့် တံတားစီမံကိန်းနှင့် နီးလေလေ အိမ်ခြံ မြေဈေးနှုန်း ပိုမြင့်တက်ကြောင်း ဒလမြို့ခံများက ပြောသည်။
ဒလတံတား တည်ဆောက်ရေး စီမံကိန်းတွင် ပါဝင်နေသည့် မြေယာများအတွက် အစိုးရက တရားဝင် လျှော်ကြး များ ကို ဖေဖော်ဝါရီ ၁၇ ရက်က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဒလမြို့နယ်အတွင်းရှိ အံ့ကြီးရပ်ကွက်တွင် နေထိုင်သည့် ဒေါ်ဖြိုးက “ကျမတို့ဘက်က စီမံကိန်းလုပ်တဲ့အထဲမှာ မပါ ဘူး။ ဒါတောင် အခုဆိုမြေဈေးတွေက ပြန်တက်ပြီး ၁၀ ပေ ကို သိန်းတရာ ပေးဝယ်ကြတယ်။ အခုက မြေဈေး တက်နေပေမယ့်လည်း ရောင်းဖို့မြေက ကုန်သလောက် ဖြစ်နေတယ်” ပြောသည်။

ဒလမြို့နယ်အတွင်း ရေရရှိမှု အခြေအနေသည် လက်ရှိချိန်၌ ဒေသခံများအနေဖြင့် ပိုက်လိုင်းမှပေးဝေသည့် ရေရရှိနေသော်လည်း ပုံမှန်မရရှိခြင်းကြောင့် ကန်ရေကိုသာ အားထားနေရဆဲ ဖြစ်သည်ဟု ဒလမြို့ခံများက ပြောသည်။

“ရေကတော့ ကန်ရေပဲ။ ပိုက်လိုင်းကလာတဲ့ရေက မလာတချက် လာတချက်ပဲ။ ကန်ရေဆိုတာက မိုးရေကို လှောင်ထားတာ။ မနက်ကို ၁ နာရီ ညနေကို ၁ နာရီ အချိန်နဲ့ ပေးတယ်။ ဒီမှာက အဝီစီတွင်းက ရေငံပဲထွက်တယ်။ ဒလဘက်ခြမ်းက ဘယ်နေရာ ရေတွင်းတူးတူး ရေငံပဲ။ ဒလကျော်သွားရင်တော့ ရေချိုရတယ်” ဟု ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက်တွင်နေထိုင်သည့် ကိုမိုးအောင်က ပြောသည်။

ကိုရီးယား – မြန်မာ ချစ်ကြည်ရေး အစီအစဉ်ဖြင့် တည်ဆောက်မည့် ဒလတံတား စီမံကိန်းကြောင့် အိမ်ခြံမြေဈေး အကြိမ်ကြိမ် လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး မြေကွက်များသာမက ဒလမြို့နှင့် စပ်ဆက်နေသည့် တွံတေး၊ ကွမ်းခြံကုန်း မြို့နယ်များရှိ အိမ်ခြံမြေ ဈေးနှုန်းများပါ မြင့်တက်လာခဲ့သည်။ အလားတူ ထိုမြို့နယ်များရှိ လယ်မြေများလည်း အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။

ဒလတံတား စီမံကိန်းအားလုံးအတွက် ပေးလျှော်ရမည့် ငွေကျပ်ပမာဏမှာ ကျပ် ၃ ဒသမ ၃ ဘီလီယံခန့် ရှိသော် လည်း ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁ ဘီလီယံသာ ချထားပေးခြင်းကြောင့် ကနဦး မြေလျှော်ကြေးများသာ ပေး အပ်နိုင်သေးကြောင်း သိရှိရသည်။

Loading