စီးပွားရေး

စမတ်ကျသော သန့်ရှင်းစွမ်းအင်ပေါ်လစီ အမြန်လိုသည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် မြန်မာနိုင်ငံ အနှံ့အပြားမှ ကျေးလက်နေပြည်သူများသည် သူတို့၏ ဒေသများတွင် လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို လက်ခံရန် ငြင်းဆန်နေကြသည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုက သူတို့၏ ကျန်းမာရေး၊ လယ်ယာမြေများနှင့် သားငါးများကို ထိခိုက်ပျက်စီးစေမည်ကို စိုးရိမ်ကြသောကြောင့် ဖြစ်သည်။ တရုတ်၊ အိန္ဒိယနှင့် ထိုင်း နိုင်ငံများ အပါအဝင် ကမ္ဘာတလွှားတွင် တွေ့ခဲ့ရသည့် ဥပမာများကလည်း သူတို့မှာ စိုးရိမ်ခွင့်ရှိကြောင်း ဖော်ပြနေကြသည်။

၂၀၁၄ ခုနှစ်တွင် စွမ်းအင်သုံးစွဲမှုကြောင့် ထိခိုက်နစ်နာမှု သို့မဟုတ် အစိုးရများက စိုက်ထုတ်ကျခံရမှုက တကမ္ဘာလုံး အတိုင်းအတာဖြင့် အမေရိကန်ဒေါ်လာ ၅.၃ ထရီလီယံရှိမည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ လေ့လာဆန်းစစ်မှုတခုက ခန့်မှန်းထားသည်။ ထိုအထဲမှ ၅.၁၂၄ ထရီလီယံမှာ ရုပ်ကြွင်းလောင်စာများကြောင့် ဖြစ်ပြီး ၎င်း၏ ၃ ပုံ ၂ ပုံမှာ ကျောက်မီးသွေးကြောင့်ဖြစ်သည်။ ကုန်ကျစရိတ်၏ ၄ ပုံ ၁ ပုံမှာ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပြီး ကျန်ပမာဏမှာ ရောဂါဘယ၊ အရွယ်မတိုင်မီ သေဆုံးခြင်း နှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းတို့ကြောင့် ဖြစ်သည်။

အဆိုပါ ဆုံးရှုံးမှုက အာရှဒေသမှ ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက်ဆိုလျှင် GDP ၏ ၈ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ ရှိနိုင်သည် ဟု လေ့လာဆန်းစစ်မှုများက ဆိုသည်။ မြန်မာနိုင်ငံအတွက်ဆိုလျှင် ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှ ၁၆ ဘီလီယံအတွင်းဖြစ်သည်။

ခန့်မှန်းတွက်ချက်မှုများက လက်တွေ့မကျသည့် အသွင်ရှိသည်ဆိုလျှင်ပင် ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင် လေထုညစ်ညမ်းမှုက ပိုမိုဆိုးရွားလာပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စံချိန် စံညွှန်းများထက် စတင် ကျော်လွန်နေသည်ကို သတိပြုရမည် ဖြစ်သည်။ ကျေးလက်ဒေသများတွင် ပလပ်စတစ်နှင့် အခြားအမှိုက်များကို မြစ်ချောင်းများထဲသို့ စွန့်ပစ်ခြင်း သို့ မဟုတ် မီးရှို့ခြင်းများကို လုပ်ရိုးလုပ်စဉ် ပြုလုပ်နေကြဆဲဖြစ်ပြီး စည်းကမ်းတင်းကျပ်စွာ ကိုင်တွယ်ခြင်း မရှိသည့်အတွက် ကားများမှ မှောင်မဲသည့် မီးခိုးလုံးများ မှုတ်ထုတ်နေသည့် အခြေအနေ ပိုမိုကောင်းမွန်လာခြင်း မရှိသေးပါ။

ကျန်းမာရေးဆိုင်ရာ စာရင်းအင်း ပညာရှင်များကလည်း သက်ရောက်မှုများကို လေ့လာမှတ်သားခဲ့ကြပြီး ဖြစ်သည်။ WHO ၏ လေ့လာမှုတခုဖြစ်သော Global Burden of Disease အရ လေထုညစ်ညမ်းမှုကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ် လူဦးရေ ၏ ၂.၅ ရာခိုင်နှုန်းခန့်သည် ရောဂါ သို့မဟုတ် မသန်စွမ်းမှု ခံစားနေကြရသည်။ ပြန်လည်ကောင်းမွန်လာသူ အချို့ ရှိသော်လည်း အခြားသူများမှာ သေဆုံးကြရသည်။

အရေးယူဆောင်ရွက်ခြင်း မရှိခဲ့လျှင် အခြေအနေက အလွန်ဆိုးရွားသည့် အနေအထားတခုသို့ ရောက်ရှိသွားနိုင်ပါသည်။ တရုတ်နိုင်ငံတွင် လေထုညစ်ညမ်းမှု အထူးသဖြင့် ရုပ်ကြွင်းလောင်စာများကြောင့် နှစ်စဉ် လူ ၁ သန်းမှ ၃ သန်းအထိ သေဆုံးနေရသည်ဟု လေ့လာမှုများအရ ခန့်မှန်းထားပြီး ဗြိတိန်နိုင်ငံမှာပင် တနှစ်လျှင် လူ ၃၀၀၀၀ မှ ၆၀၀၀၀ အထိ သေဆုံးနေသည်။

ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သည့် ကြီးမားသော ရေကာတာကြီးများ တည်ဆောက်ခြင်းအားဖြင့် လေထုညစ်ညမ်းမှုကို ရှောင်ရှားနိုင်ပါသည်။ သို့သော်လည်း သိပ္ပံပညာရှင်များနှင့် စီးပွားရေး ပညာရှင်များသည် ရေကာတာကြီးများကြောင့် ရရှိသည့် စွမ်းအင်အကျိုးအမြတ်က လူနေမှုဘဝ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် သဘာဝပတ်ဝန်းကျင် တည်ငြိမ်မှု တို့အတွက် ပြန်လည်ပေးရသည့် တန်ဖိုးနှင့် စာလျှင် ထိုက်တန်မှုမရှိဟု တွေ့ရှိခဲ့ကြပြီး ဖြစ်သည်။ ထို့ပြင် နောက်ထပ် ဝန်ထုပ်ဝန်ပိုးတခုမှာ လူ့ အသိုင်းအဝိုင်းအတွင်းတွင် အကျိုးမြတ်ရရှိမှု မညီမျှခြင်းဖြစ်သည်။ ထို့ကြောင့် ကျေးလက်ပြည်သူများက တောင်းဆိုလာသည့် အခါ မူဝါဒချမှတ်သူများက လျှပ်စစ်ဓာတ်အား ၁၂၈၀ မီဂါဝပ် ထုတ်လုပ်မည့် မွန်ပြည်နယ် အံဒင်ဒေသမှ ကျောက်မီးသွေး လောင်စာသုံးဓာတ်အားပေးစက်ရုံနှင့် ဓာတ်အား ၆၀၀၀ မီဂါဝပ်ထုတ်နိုင်မည့် မြစ်ဆုံရေကာတာ အစရှိသည့် စီမံကိန်းများကို ရွှေ့ဆိုင်းနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ကျေးလက်ဒေသများတွင် လုံလောက်အားထားရသည့် လျှပ်စစ်ဓာတ်အား မရရှိနိုင်သေးသည့် အချိန်တွင် မြို့ကြီးများမှ လျှပ်စစ်ဓာတ်အားလိုအပ်ချက်က တိုးလာနေသည်။ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်စရာများက လျစ်လျူရှုခံနေရသည်။ လူသားတို့၏ စားနပ်ရိက္ခာ၊ အသက်မွေးမှုနှင့် လုံခြုံရေးအတွက် အားထားနေရသည့် ဂေဟစနစ်ကလည်း ထိခိုက်လွယ်သည့်အတွက် စွမ်းအင်လိုအပ်ချက်အတွက် စွန့်စားခြင်းကြောင့် ပိုမိုပျက်စီး ယိုယွင်းလာလိမ့်မည်ဖြစ်သည်။

မူဝါဒ ချမှတ်သူများ အနေဖြင့် စွမ်းအင်ပိုမိုလိုအပ်လာနေသော ပြည်သူများ၏ ဆန္ဒကို ဖြည့်ဆည်းခြင်းနှင့် ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေး၊ စီးပွားရေး အလားအလာများကြားတွင် ကြီးမားသော အခက်အခဲကို ရင်ဆိုင်နေရသည်။ ယနေ့ခေတ်တွင် ကံကောင်းသည်မှာ လေထုညစ်ညမ်းမှုများသော၊ သက်ရောက်မှုကြီးသော ယခင်က နည်းလမ်းများအပြင် အခြားနည်းလမ်းများ ပေါ်ပေါက်လာသောကြောင့် ဖြစ်သည်။ နေစွမ်းအင်၊ လေစွမ်း အင်တို့ကို အသုံးပြု၍ ကမ္ဘာမြေကို ထိခိုက်ပျက်စီးမှုမရှိစေဘဲ လုံလောက်သည့် လျှပ်စစ်ဓာတ်အားကို ပေးနိုင်လာသော ကြောင့်ဖြစ်ပါသည်။

သန့်ရှင်းသော ပြည့်မြဲစွမ်းအင်သစ်ကို ထုတ်လုပ်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ် အတွင်းတွင် ကမ္ဘာတလွှား၌ အမေရိကန်ဒေါ် လာ ၃၂၉ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ ထုတ်ယူနိုင်မည့် ဓာတ်အား စုစုပေါင်းမှာ ၁၂၁ ၀၀၀ မီဂါဝပ်ဖြစ်သည်။ ကျောက်မီးသွေး၊ ဓာတ်ငွေ့နှင့် ရေနံကို အသုံးပြုသည့် ဓာတ်အားပေးစက်ရုံ အသစ်များ တည်ဆောက်မှုထက် ပြည့်မြဲစွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံမှုက ပိုမိုများပြားခဲ့သော ပထမဆုံးနှစ်လည်း ဖြစ်သည်။

ချီလီ၊ အိန္ဒိယနှင့် အမေရိကန် နိုင်ငံတို့တွင် နေရာင်ခြည်စွမ်းအင်မှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားခက ၁ယူနစ်(၁ ကီလိုဝပ်နာရီ)လျှင် ၆ ဆင့်(cents)မှ ၈ ဆင့် အတွင်း ရှိသည်။ တရုတ်၊ အမေရိကန် နှင့် အခြားနေရာများတွင် လေစွမ်းအင်မှ ဓာတ်အား ထုတ်လုပ်သည့် အခါ ၁ ယူနစ်လျှင် ၃ ဆင့် မှ ၈ ဆင့် အတွင်းကျသင့်ပါသည်။ အစိုးရက ထည့်ဝင်ကျခံပေးခြင်း မရှိသည့် နှုန်းထားများ ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် မူဝါဒများ ချမှတ်ထားသည့်အတွက် ကုန်ကျစရိတ် နည်းပါးခြင်း ဖြစ်ပါသည်။

လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်တို့ မှာ ထုတ်လုပ်မှုများလာသည်နှင့် အမျှ စရိတ်ကျဆင်းလာခြင်းနှင့် နည်းပညာ၊ ကျွမ်းကျင်များ ပိုမိုတိုးတက်လာခြင်းများကြောင့် ကုန်ကျစရိတ် နှစ်စဉ်ကျဆင်းလာခဲ့သည်။ Oxford တက္ကသိုလ်မှ သုတေသီများ ဖြစ်သည့် Doyne Farmer နှင့် François Lafond တို့က နေစွမ်းအင်အတွက် ကုန်ကျစရိတ်သည် အနည်းဆုံး ၂၀၃၀ ခုနှစ်အထိ နှစ်စဉ် ၁၀ ရာခိုင်နှုန်းစီခန့် ကျဆင်းသွားလိမ့်မည်ဟု အခိုင်အမာ ပြောကြားခဲ့ကြသည်။ ထိုနည်းအတိုင်းဆိုလျှင် ၂၀၁၇ ခုနှစ်ရောက်သည့် အချိန်တွင် နေရောင်ခြည်စွမ်းအင်က ကမ္ဘာ့ စွမ်းအင်လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်လိမ့်မည် ဖြစ်သည်။

နေစွမ်းအင်နှင့် လေစွမ်းအင်တို့၏ ဈေးနှုန်းများကို မြန်မာနိုင်ငံမှ စွမ်းအင်စီမံကိန်း အသစ်များနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ အံဒင် ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေးစက်မှ ရရှိမည့် ဓာတ်အားသည် ၁ ယူနစ်လျှင် ၇.၇၅ ဆင့်ရှိမည်ဟု ခန့် မှန်းရပြီး ကျန်းမာရေး၊ လူမှုဘဝ၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုအပေါ် ထိခိုက်မှုများကို ပါထည့်သွင်းစဉ်းစား မည်ဆို လျှင် များစွာမြင့်မားသွားမည် ဖြစ်သည်။

ပို့လွှတ်ဖြန့်ဖြူးမှု ကုန်ကျစရိတ်များ မပါဝင်သော နေစွမ်းအင်နှင့် လေစွမ်းအင်ဈေးနှုန်းများက မြန်မာနိုင်ငံတွင် အိမ်ထောင်စု များ ကျခံနေရသည့် ဓာတ်အားခ ဈေးနှုန်းများနှင့် နှိုင်းယှဉ်လျှင် မြင့်မားနေသည့် အသွင်ရှိပါသည်။ သို့သော်လည်း ယခု ကိစ္စမှာ ဓာတ်အားခ ၁ ယူနစ်၏ ကုန်ကျစရိတ် မဟုတ်ပါ။ ပို့ဆောင်ပေးမည့် ဓာတ်အား ယူနစ်တိုင်းက သုံးစွဲသူများ အတွက် မည်မျှတန်ဖိုးရှိနိုင်မည်နည်း ဆိုသည့် အချက်ဖြစ်ပါသည်။ အဆိုပါ ဓာတ်အားများကို မည်ကဲ့သို့ ထိရောက်စွာ အသုံးချသည်၊ သုံးစွဲသူများက စွမ်းဆောင်ရည်ကောင်းသည့် အသုံးအဆောင်ပစ္စည်းများကို ရွေးချယ်ခြင်း ရှိ မရှိ နှင့် လေလွင့် ဆုံးရှုံးမှုကိုရှောင်လွှဲနိုင်အောင် သူတို့၏ အလေ့အထများကို မည်မျှပြောင်းလဲသနည်းဆိုသည့် အပေါ်တွင် မူတည်နေပါသည်။

တနည်းဆိုရသော် အားလုံးအတွက် ဓာတ်အားခ ထည့်ဝင်ကျခံပေးခြင်းကို ရှောင်ရှားခြင်း အပါအဝင် စွမ်းအင်ကို အကျိုးရှိစွာ အသုံးချရေးကို ပိုမိုအလေးပေးခြင်းက သုံးစွဲသူများ၏ ကုန်ကျစရိတ်ကို တည်ငြိမ်စေရန်၊ လျှပ်စစ်ဓာတ်အား၏ အရည်အသွေးနှင့် သဘာဝပတ်ဝန်းကျင်ကို အထောက်အကူ ဖြစ်စေပါလိမ့်မည်။

နေစွမ်းအင်နှင့် လေစွမ်းအင်ကို ထိရောက်စွာ အသုံးပြုနိုင်ရေးကို ဦးတည်သည့် စွမ်းအင်စနစ်တခု တည်ဆောက်ရေးက သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများကို ကောင်းစွာနားမလည်ခဲ့သော ယခင်က အမွေအနှစ် များကို ရပ်တန့် နိုင်မည်ဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံကသာ အတိတ်ကို ရပ်တန့်ရန် ရွေးချယ်ခဲ့လျှင် စွမ်းအင်ရေးရာ တွင် ခုန်ပျံကျော်လွှားသွားနိုင်ရေးကို ဖြစ်စေနိုင်သည့်တံခါး ပွင့်နေပြီ ဖြစ်ပါသည်။

နေစွမ်းအင်နှင့် လေစွမ်းအင်ကို ထိရောက်စွာ အသုံးပြုနိုင်ရေးသည် သွားသင့်သော လမ်းကြောင်းတခုလည်း ဖြစ်ပါသည်။ အဆင့်မြင့် ဘက်ထရီများ အသုံးပြုသော နေစွမ်းအင် စနစ်နှင့် အတူ ဓာတ်အားကွန်ရက်ငယ်များ အတွင်းသို့ ရေအားလျှပ်စစ် စက်ရုံငယ်များမှ ရရှိသော ဓာတ်အားကို ပေါင်းထည့်ပေးခြင်းကို တနိုင်ငံလုံးတွင် တပြိုင်နက်ထဲလို ဆောင်ရွက်ခြင်းအားဖြင့် ရေရှည် အကျိုးရှိသည့် လျှပ်စစ်စွမ်းအင် ရရှိရေးကို အရှိန်မြှင့် တင်သွားနိုင်မည် ဖြစ်သည်။ ကုန်ကျစရိတ် နည်းပါးပြီး လေထုညစ်ညမ်းမှုနှင့် ဆူညံသံကိုလည်း သက်သာစေသော လျှပ်စစ် စွမ်းအင်သုံး ဆိုင်ကယ်၊ ကားနှင့် ခရီးသည်တင်ကားများ ဖြစ်လာနိုင်ဖို့လည်း အခွင့်အလမ်း ရှိလာပါလိမ့်မည်။ မြို့ကြီး၊ မြို့ငယ် အသီးသီးတွင် နေထိုင်ကြသူများ၏ ဘဝလည်း ကောင်းမွန်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း အမြောက်အများ ဖန်တီးပေးနိုင်မည် ဖြစ်သည်။

အံ့သြဖွယ်ရာကောင်းသည်မှာ ထိုသို့ ခုန်ပျံကျော်လွှားသွား နိုင်ရေးအတွက် ပြည်သူလူထုပိုင် ငွေကြေးကို ထိခိုက်စရာ မလို ခြင်းဖြစ်သည်။ အကယ်၍ အစိုးရ၏ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများသာ ရှင်းလင်းသေချာပြီး တည်ငြိမ်မှုရှိခဲ့လျှင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများက နေစွမ်းအင်၊ လေစွမ်းအင်၊ ဓာတ်အား ကွန်ရက်ငယ်များနှင့် လျှပ်စစ် ကားများအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြနိုင်ပါသည်။

ရင်းနှီးမြှုပ်နှံသူများက သေချာမှုနှင့် ကြောင်းကျိုးဆီလျှော်သော စည်းကမ်းချက်များ လိုချင်ပါသည်။ ထိုသို့ ပြုလုပ်နိုင်ခဲ့ လျှင် အစိုးရအတွက်လည်း အကန့်အသတ်ဖြင့် ရှိနေသည့် ဘဏ္ဍာငွေများကို အလားတူ အရေးကြီးသည့်နေရာများ ဖြစ်သော ဆင်းရဲနွမ်းပါးသူများ၏ သက်သာချောင်ချိရေးနှင့် စွမ်းအင်ကို အကျိုးရှိစွာ အသုံးချရေးများစသည် တို့တွင် သုံးစွဲနိုင်မည် ဖြစ်သည်။ မှန်ကန်စွာ ဆောင်ရွက်နိုင်ခဲ့မည်ဆိုလျှင် ရလဒ်အနေဖြင့် တနိုင်ငံလုံး အကျိုးရှိနိုင်သလို ပိုမို ကြီးမားသော ဟန်ချက်ညီမျှမှုကိုလည်း ရရှိနိုင်ပါလိမ့်မည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော David Fullbrook ၏ Keeping it Clean: Renewable Energy a Better Way for Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ David Fullbrook သည် စင်ကာပူနိုင်ငံ အခြေစိုက် DNV GL – Energy’s Clean Technology Centre မှ နည်းဗျူဟာနှင့် မူဝါဒဆိုင်ရာ အကြီးတန်း အကြံပေးတဦး ဖြစ်ပြီး ဖွံ့ဖြိုးရေး အဖွဲ့အစည်းအများ အပြားအတွက် အရှေ့အာရှဒေသ၏ စိုက်ပျိုးရေး၊ စွမ်းအင်၊ စားနပ် ရိက္ခာဖူလုံရေးနှင့် သဘာ၀ သယံဇာတ အရင်းအမြစ်ဆိုင်ရာ သုတေသနများ ပြုလုပ်ခဲ့သည့် စီးပွားရေးပညာရှင်တဦးလည်း ဖြစ်ပါသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading