ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အနီးရှိ ပုသိမ်စက်မှုမြို့တော် စီမံကိန်းကို တာဝန်ယူတည်ဆောက်နေသည့် ဧရာဝတီဖွံ့ဖြိုးတိုးတက် မှု အများပိုင်ကုမ္ပဏီက ကျပ်သန်း ၂ သောင်းတန်ဖိုးရှိ အစုရှယ်ယာများကို လာမည့်မေလတွင် ထုတ်ရောင်းမည်ဖြစ်ကြောင်း သိရ သည်။
“ကုမ္ပဏီရဲ့ အစုရှယ်ယာတစုကို ၁ သောင်းကျပ်သတ်မှတ်ပြီးတော့ မေလလောက်မှာ ရှယ်ယာတွေကို အများပြည်သူကို ထုတ် ရောင်း သွားမှာ ဖြစ်ပါတယ်။ အများပိုင်ဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး အခုလိုရောင်းတာပါ။ ပထမအဆင့်အနေနဲ့ ကျပ် ၂၀ ဘီလီယံ (ကျပ်သန်း ၂ သောင်း) ဖိုးလောက် ရောင်းချသွားမှာပါ”ဟု ဧရာဝတီ ဖွံ့ဖြိုးတိုးတက်မှု အများပိုင် ကုမ္ပဏီ(ADC) ဥက္ကဋ္ဌ ဦးရဲမင်းအောင် က ဧရာဝတီကို ပြောသည်။
ပုသိမ်စက်မှုမြို့တော် စီမံကိန်းကို ပုသိမ်မြို့နယ် ပေါက်ကုန်းကျေးရွာ အနီးရှိ မြေဧက ၂,၂၀၀ ပေါ်တွင် ADC ကုမ္ပဏီက ပြီးခဲ့သည့် ဇန်နဝါရီလက စတင် တည်ဆောက်နေခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ သီလဝါ အထူးစီးပွားရေးဇုန်အား နမူနာယူ၍ တည်ဆောက်ခြင်း ဖြစ် ကြောင်း သိရသည်။
“စီမံကိန်းတခုလုံးအတွက် ဒေါ်လာသန်း ၁၀၀ ကျော်လောက်သုံးစွဲပြီး တည်ဆောက်သွားမယ်လို့ ခန့်မှန်းထားတယ်။ ကျနော်တို့ကုမ္ပဏီ အနေနဲ့ လက်ရှိဒေါ်လာ ၁၀ သန်းကျော် စိုက်ထုတ်သုံးစွဲထားပြီး ဖြစ်ပါတယ်”ဟု ADC ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးနေနေလွှမ်းမိုး ကလည်း ပြောသည်။
ဧရာဝတီ ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ (ADC) ကို ဧရာဟင်္သာ ကုမ္ပဏီက စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ADC ၏ ရှယ်ယာ အများစုကို ဧရာဟင်္သာ ကုမ္ပဏီက ပိုင်ဆိုင်ကြောင်း သိရသည်။
စက်မှုမြို့တော် စီမံကိန်းတွင် တန်ချိန် ၁၀,၀၀၀ တင်ဆောင်နိုင်သော သင်္ဘောများ ဝင်ရောက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်း ၁ ခု၊ ချောင်းကူးတံတား ၂ စင်း၊ ရေဆိုးသန့်စက်ရုံ၊ ရေချိုသန့်စက်ရုံ၊ ရေတားတမံများနှင့် စက်မှုဇုန်အတွက် အသုံးပြုမည့် လျှပ်စစ်ဓာတ်အားခွဲရုံ ၁ ခု တည်ဆောက်မည် ဖြစ်ကြောင်း၊ ထိုစီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် အပြီးတည်ဆောက်ရန် ရည်မှန်းထားကြောင်း ADC ကုမ္ပဏီ က ပြောဆိုသည်။
ပုသိမ်စက်မှုမြို့တော်တွင် စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်မီး၊ ရေနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် မြေနေရာများ ဖန်တီးပေးမည်ဖြစ်ပြီး လတ်တလောတွင် ထိုင်ဝမ်၊ အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ လုပ်ငန်းရှင်များကို ပုသိမ်စက်မှုမြို့တော်တွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
“ကျနော်တို့က စက်ရုံ၊ အလုပ်ရုံတွေအတွက် မြေနေရာကို နှစ် ၂၀၊ နှစ် ၃၀ စသဖြင့် ငှားရမ်းမယ်။ သူတို့အတွက် လိုအပ်တဲ့ လျှပ်စစ် မီး၊ ရေ စတာတွေ စီစဉ်ပေးမယ်။ ဒါဆိုရင် Invester (ရင်းနှီးမြှုပ်နှံသူ) တွေအတွက် ရင်းနှီးမြှုပ်နှံဖို့ အဆင်ပြေနိုင်ပါတယ်။ ပြည်ပက Invester တွေကိုလည်း ပုသိမ်မှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထားပါတယ်”ဟု ADC ကုမ္ပဏီ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
ဝန်ကြီးချုပ်ဦးသိန်းအောင် ဦးဆောင်သည့် ဧရာဝတီတိုင်းအစိုးရ လက်ထက်တွင် ပုသိမ်၊ မြောင်းမြနှင့် မအူပင် စက်မှုဇုန်များ ပေါ်ပေါက်ခဲ့ပြီး ပုသိမ်စက်မှုဇုန်၌ ထိုင်ဝမ်နှင့် မလေးရှားနိုင်ငံတို့မှ လုပ်ငန်းရှင်များက အထည်ချုပ် စက်ရုံများ တည်ထောင် လုပ်ကိုင်လျက်ရှိသည်ကို တွေ့ရသည်။