ကျောက်ဖြူတွင် ရေနက်ဆိပ်ကမ်းတခု ဆောက်လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုကို ပြန်လည်မြှင့်တင်နိုင်ရန် တရုတ်နိုင်ငံ ကြိုးစားနေခြင်းက ဒေသခံများ၏ ဆန့်ကျင်ကန့်ကွက်မှုနှင့် တရုတ်-မြန်မာ ဆက်ဆံရေးအကြား ဟန်ချက်ညီရေး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရသစ်အတွက် ကနဦး စမ်းသပ်ချက်တခု ဖြစ်သည်။
အထူးစီးပွားရေးဇုန်တခုလည်း ပါဝင်မည်ဖြစ်သည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းက အိန္ဒိယ သမုဒ္ဒရာနှင့် တောင်အာရှအထိ ၎င်းတို့၏ တည်ရှိမှုကို တိုးချဲ့လိုသော တရုတ်အစိုးရ၏ အားထုတ်မှုနှင့် ယခင် စစ်အစိုးရ လက်ထက်က ရှိခဲ့သော အခွင့်ထူးခံ အနေအထားကို ပြန်လည်ရရှိရေးကို အထောက်အကူဖြစ်မည် ဖြစ်သည်။
သို့သော်လည်း အဆိုပါကြိုးစားမှုက မရေရာမှုများ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် မတ်လအတွင်းတွင် သမ္မတရွေး ရွေးချယ်ပြီး ဧပြီလတွင် အာဏာရယူမည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ယခင်က ချထားပေးခဲ့သော စီမံကိန်းကြီးများ ကို ပြန်လည်သုံးသပ်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဒီဇင်ဘာလအတွင်းက တရုတ်ဦးဆောင်သော ကုမ္ပဏီ အုပ်စုတခုသို့ ချထားပေးခဲ့သော ကျောက်ဖြူ စီမံကိန်း အပါအဝင်ဖြစ်သည်။ အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံတွင်းမှ တရုတ် ဆန့်ကျင်ရေး သဘောထားများနှင့် သြဇာကြီးမားသည့် အိမ်နီးချင်းနိုင်ငံနှင့် မိတ်ပျက်ရမည့် အလားအလာများအကြား ချိန်ဆရတော့မည်ဖြစ်သည်။
ကျောက်ဖြူ စီမံကိန်းတွင် လုပ်ကိုင်ခွင့်ရရှိခဲ့သော Citic Group က ၎င်းတို့အနေဖြင့် တရားမျှတစွာ အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပြုလွှာတင်သွင်းခြင်းကို စီမံကိန်းနှင့် ပတ်သက်၍ တာဝန်ရှိသူအားလုံးက စဉ်းစားဆုံးဖြတ်ခဲ့ခြင်း ဖြစ် ကြောင်း ပြောသည်။ မြန်မာနိုင်ငံမှ တရုတ်လှုပ်ရှားမှုများအပေါ် မသင်္ကာမှုများကို ဖြေရှင်း တုန့်ပြန်သည့်အနေဖြင့် အသေးစိတ် ကြေညာချက်တခုကို ထူးထူးခြားခြား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ စီမံကိန်းအပေါ် ဒေသခံများ၏ ထောက်ခံမှု ရရှိရေးအတွက် Citic မှ ဝန်ထမ်းများက ပြီးခဲ့သည့် ရက်များအတွင်း ကျောက်ဖြူဒေသတွင် ဒေသခံများကို အထူးစီးပွားရေးဇုန်တွင် အသုံးပြုနိုင်မည့် ကျွမ်းကျင်မှုများ လေ့ကျင့်သင်ကြားပေးနေသည်။
မြန်မာနိုင်ငံကို စစ်ဗိုလ်ချုပ်ကြီးများ အုပ်ချုပ်ခဲ့စဉ်ကာလအတွင်းတွင် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့ အရေးယူ မှုများပြုလုပ်ခဲ့သဖြင့် စီးပွားရေးနှင့် ပတ်သက်၍ ရွေးချယ်စရာ နည်းပါးသည့် အခြေအနေသို့ရောက်ရှိခဲ့ရပြီး မြန်မာနိုင်ငံ အပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုလည်း တိုးတက်လာခဲ့သည်။ သို့သော်လည်း ၂၀၁၁ ခုနှစ်နောက်ပိုင်း၌ အရပ်သား အမည်ခံ အစိုးရက တံခါးပိတ် အထီးကျန်ဝါဒကို အဆုံးသတ်ရန် အားထုတ်မှု အနေဖြင့် အနောက်နိုင်ငံများဘက်သို့ စတင် ခြေဦး လှည့်လာသည့် အချိန်တွင် တရုတ်၏ သြဇာလွှမ်းမိုးမှု မှေးမှိန်လာခဲ့ရသည်။
တရားဝင်ထုတ်ပြန်သည့် စာရင်းဇယားများ အရ ၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ယခုအမေရိကန်ဒေါ်လာ ၆၈၈သန်း ရှိခဲ့သည်နှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ အနောက်တိုင်းကုမ္ပဏီများ အပါအဝင် စင်ကာပူမှတဆင့် ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများက ၂၀၁၁ ခု နှစ် ကစ၍ စုစုပေါင်း အမေရိကန် ဒေါ်လာ ၇ ဘီလီယံ ရှိခဲ့ပါသည်။
လတ်တလောနှစ်များအတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ၎င်းတို့၏ သြဇာစက်ဝန်းထဲတွင် ဆက်လက်ထားရှိနိုင်ရန်နှင့် အနောက်နိုင်ငံများနှင့် နီးကပ်သွားခြင်းမှ တားဆီးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တရုတ်သမ္မတ ရှီကျင်ဖျင့်နှင့် တွေဆုံခဲ့ပါသည်။ တရုတ်အစိုးရက ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ရှိသည့် ရခိုင်ပြည်နယ်မှ နိုင်ငံရေး သမားများကိုလည်း ဘေဂျင်းမြို့သို့ ဖိတ်ခေါ်ဧည့်ခံခဲ့သည်။ Citic Group က မြန်မာနိုင်ငံကို အရှေ့တောင်အာရှမှ ဗျူဟာမြောက်အရေးအပါဆုံး ဈေးကွက်အဖြစ် ဖော်ပြခဲ့သည်။
“မြန်မာနိုင်ငံမှာ ဆုံးရှုံးမှုတွေ အများကြီးတွေ့ခဲ့ပြီးတဲ့နောက်မှာတော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ဆက်ရှိနေတယ်၊ သြဇာလွှမ်းမိုးဆဲပဲ ဖြစ်တယ်ဆိုတာ မဖြစ်မနေ ပြသနိုင်ဖို့ အတွက် ကျောက်ဖြူစီမံကိန်းက သင်္ကေတ တခုဖြစ်လာပါတယ်” ဟု ဝါရှင်တန် အခြေစိုက် Stimson Center မှ တရုတ်-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူတဦးဖြစ်သော ယွန်ဆန်က ပြော သည်။ အကယ်၍ နောက်လာမည့် မြန်မာအစိုးရက စီမံကိန်းကို ရွှေ့ဆိုင်းလိုက်လျှင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အသူ တရာနက်သည့် ချောက်ထဲသို့ ပစ်ချလိုက်သလို ဖြစ်သွားနိုင်သည့် အန္တရာယ်ရှိသည်ဟု သူကဆိုသည်။
သို့သော်လည်း ယခင် စစ်အစိုးရအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံမှု နှင့် အခြားအငြင်းပွားဖွယ်ရာ စီမံကိန်းများက မြန်မာ နိုင်ငံတွင် ၎င်းတို့အတွက် စိန်ခေါ်မှုတခု ဖြစ်နေသည်။ မြန်မာနိုင်ငံမှ မြေ၊ တွင်းထွက်နှင့် သစ်တောများကို ယူရန်သာ တရုတ်နိုင်ငံက စိတ်အားထက်သန် နေခဲ့သောကြောင့် ပြည်သူများ ထိခိုက်နစ်နာခဲ့ရသည်ဟု အများစုက ယုံကြည်ထား ကြသည်။
၂၀၀၈ ခုနှစ်တွင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများက China National Petroleum ကော်ပိုရေးရှင်းကို ရေနံနှင့် သဘာ၀ ဓာတ် ငွေ့ ပိုက်လိုင်းများ တည်ဆောက်ခွင့်ပြုခဲ့သည့်အတွက် ထောင်နှင့် ချီသော ကျေးလက်ပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ သည်။ သဘာဝပတ်ဝန်းကျင်ရေးရာ စိုးရိမ်စရာများကြောင့် ၂၀၁၁ ခုနှစ်တွင် အစိုးရက မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။ အစိုးရသစ်အနေဖြင့် ထိုစီမံကိန်းကို ပြန်စသင့် မစသင့်ကို ဆုံးဖြတ်ရတော့မည် ဖြစ်သည်။
တရုတ် စီမံကိန်းတခုဖြစ်သည့် လက်ပံတောင်းကြေးနီသတ္တုတွင်း စီမံကိန်းမှာလည်း ဆန္ဒပြ ကန့်ကွက်သူများနှင့် ရဲတပ်ဖွဲ့ကြားတွင် ထိပ်တိုက်တွေ့ဆုံမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ဆိုင်းငံ့ခဲ့ရပြီး နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မရှင်က ပြန်လည် လုပ်ကိုင်ခွင့်ပေးခဲ့ပါသည်။ ကန့်ကွက်ဆန္ဒပြမှုများ ဆက်လက်ရှိနေသော်လည်း ကုမ္ပဏီက ထုတ်လုပ်ရေးလုပ်ငန်းများကို ယခုနှစ် နွေဦးတွင် ပြန်လည်စတင်ရန် စီစဉ်နေသည်။
အဆိုပါ အငြင်းပွားဖွယ်ရာများကို နောက်လာမည့် အစိုးရက ဖြေရှင်းရတော့မည် ဖြစ်ပါသည်။
“ကျနော်တို့ ပါတီ အစိုးရဖြစ်လာတဲ့ အချိန်မှာ ကျောက်ဖြူစီမံကိန်းအပါအဝင် အဓိက စီမံကိန်းတွေ အားလုံးကို ပြန်လည် သုံးသပ်မှာ ဖြစ်ပါတယ်။ ဘယ်ဟာက တိုင်းပြည်အတွက် သင့်တော်မလဲဆိုတာကို တခုချင်း စိစစ်သုံးသပ်သွားမှာ ဖြစ်ပါ တယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ စီးပွားရေး ကော်မတီ ဥက္ကဌ ဦးဟန်သာမြင့်က ပြောသည်။ တရုတ်ထံမှ ရရှိသည်များနှင့် ပတ်သက်၍ တိုင်ပင်အသိပေးခြင်း မရှိခဲ့သည့်အတွက် စိတ်ပျက်ခဲ့ ကြရသည်ဟုလည်း သူကဆိုသည်။
တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင် ဒါဇင်နှင့် ချီသော ကျောက်ဖြူဒေသခံများက တရုတ်နိုင်ငံ၏ နောက်ဆုံး အားထုတ်မှု များအပေါ် အလေးအနက် သံသယရှိနေကြောင်း ပြောကြသည်။ စိုက်ပျိုးရန် မသင့်တော်သောနေရာများသို့ ရွှေ့ပြောင်းပေး ရမည်ကို စိုးရိမ်နေကြသည်။ အလုပ်အသစ်များ လုပ်ကိုင်နိုင်သည့် စွမ်းရည်မရှိသည့်အတွက်လည်း စိုးရိမ်ကြသည်။ အခြား ပိုက်လိုင်းကြောင့် တွေ့ကြုံခဲ့ရသည်များကို ပြောပြခဲ့ကြသည်။
“ကျမရဲ့ မွေးမြူရေးခြံကို ပိုက်လိုင်းတည်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့ နှစ်တွေကထဲက တရုတ်တွေက သိမ်းသွားတယ်။ ကျမ ဒီလို မျိုးနောက်တကြိမ်ထပ်ပြီး မကြုံချင်တော့ဘူး” ဟု မွေးမြူရေးသမားတယောက်ဖြစ်သည့် မလုံးသွင်က ပြောပြသည်။
Citic Group သို့ လုပ်ပိုင်ခွင့်ရွေးချယ်ချထားပေးခဲ့သည့် စိစစ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သော ဦးအောင်ကျော်သန်း ကမူ ပြန်လည်နေရာချထားပေးရမည့် ကျေးလက်ပြည်သူ အနည်းငယ်မျှသာ ရှိကြောင်း စီမံကိန်းက ရခိုင်ပြည်နယ်အတွက် စီးပွားရေး အကျိုးအမြတ်များ ရရှိစေနိုင်မည် ဖြစ်ကြောင်း ပြောသည်။
Citic Group က ၇ နှစ် ကြာမည့် စီမံကိန်းတခုကို ထုတ်ပြန်ခဲ့သည်။ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ဒေသခံများ၏ ထောက်ခံမှုကို ရရှိစေရန် တွေ့ဆုံဆွေးနွေးခြင်းနှင့် ဒေါ်လာသန်းနှင့်ချီ၍ ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်ခြင်းများဖြင့် ကြိုးစားနေသည်။ စီမံကိန်း အထမြောက်လာစေရန် အစိုးရသစ်က နိုင်ငံတကာ အတိုင်းအတာဖြင့် လက်ခံထားသော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စည်းမျဉ်းများကို လေးစားလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းတို့က ဆိုသည်။
သို့သော်လည်း ကျောက်ဖြူစီမံကိန်းက ဒေသခံပြည်သူများအတွက် အကျိုးကျေးဇူးအနည်းငယ်မျှသာ ရရှိနိုင်မည်ဟု အချို့ ကပြောကြသည်။
“ကျောက်ဖြူစီမံကိန်းက ကျနော့်အတွက်တော့ ကျိုးကြောင်းဆီလျော်တဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတခုထက်စာရင် တရုတ် နိုင်ငံက မြေသိမ်းယူတဲ့ သဘောတူညီချက်တခုနဲ့ ပိုပြီးတူနေတယ်။ စက်မှုဇုန်တွေက အခုလို နေရာမျိုး မဟုတ်ဘဲ လူများစု ရှိတဲ့နေရာနဲ့ နီးစပ်မှ အဓိပ္ပါယ်ရှိပါတယ်” ဟု Harvard တက္ကသိုလ် Ash Center မှ စီးပွားရေး ပညာရှင်တဦး ဖြစ်သော David Dapice ကပြောသည်။
( The Wall Street အွန်လိုင်းသတင်းစာပါ Shibani Mahtani ၏ China Moves to Revive Its Sway in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)