အာရှတိုက်၏ ပျောက်ဆုံးနေသော ကွင်းဆက်တခုအဖြစ် တချိန်က သတ်မှတ်ခဲ့ကြသော မြန်မာနိုင်ငံတွင် လမ်းဖောက်သည့်လုပ်ငန်းများ အကြီးအကျယ် ဖွံ့ဖြိုးလာသည်နှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည်ဟု ယူဆကြသည့် အဓိကလမ်းမကြီးအတွက် စီမံကိန်းများပြုလုပ်နေသလို အရေးတကြီးလည်း ဆောက်လုပ်နေသည်။ စီမံကိန်းများ တလျှောက်တွင် ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း အပစ်အခတ် ရပ်စဲမှုများ ပြုလုပ်နေသည်။
အခြားသော စီမံကိန်းများထက် အရင် စတင်ခဲ့သည့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ ဆက်သွယ်ထားသည့် လမ်းများသည် လူသုံးကုန်ပစ္စည်းများနှင့် အခြားကုန်စည်များ ကူးသန်းရောင်းဝယ်မှုကို တိုးမြင့်စေသည်သာမက ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာရန်လည်း အားပေးနိုင်ခဲ့သည်။
အရေးပါသည့် ပထဝီနိုင်ငံရေး အချက်အခြာနေရာတွွင် ရှိသော မြန်မာနိုင်ငံသည် လမ်းဖောက်လုပ်ခြင်းများ တရှိန်ထိုး မြင့်တက်လာခြင်းနှင့်အတူ တိုးတက် ပွင့်လန်းလာတော့မည် ဖြစ်သည်။
လမ်းသစ်
မြန်မာနိုင်ငံ အရှေ့ပိုင်း ကော့ကရိတ်ခရိုင်အတွင်းမှ မတ်စောက်သော တောင်စောင်းများကြားရှိ ၂ လမ်းသွား လမ်းပေါ်တွင် ကုန်တင်ကားကြီးများက အရှိန်ပြင်းပြင်းဖြင့် ရွေ့လျားနေကြသည်။ ထိုလမ်းသည် ဗီယက်နမ်နိုင်ငံ ကမ်းခြေမြို့ ဖြစ်သည့် Danang မှ ထိုင်းနိုင်ငံကို ကျော်ဖြတ်၍ မြန်မာနိုင်ငံသို့ ဆက်သွယ်ပေးမည့် အရှေ့- အနောက်စင်္ကြ ံ လမ်း၏ နောက်ဆုံး အပိုင်းဖြစ်ပါသည်။
ထိုင်းနိုင်ငံနယ်စပ်ရှိ မြဝတီနှင့် ကော့ကရိတ်ကြားမှ ကီလိုမီတာ ၅၀ ရှည်လျားသည့် လမ်းပိုင်းက အလွန်ဆုံး ဖြစ်ပြီး စင်္ကြ ံ လမ်း၏ အကျဉ်းဆုံးနေရာ ဖြစ်သည်ဟု သိကြသည်။ ထိုင်းနိုင်ငံမှ အစိုးရပိုင်းနှင့် ပုဂ္ဂလိက ကဏ္ဍတို့၏ ထောက်ပံ့ကူညီမှု ဖြင့် လမ်းလုပ်ငန်းများကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပြီး ပြီးခဲ့သည့် နှစ် နွေရာသီတွင် ပြီးဆုံးခဲ့သည်။ လုပ်ငန်း ပြီးဆုံး၍ ၁ နှစ် ခန့်ပင် မကြာသည့် အချိန်၌ လမ်းပိုင်း အသစ်က လမ်းကို စီးပွားရေး အဓိက လမ်းကြောင်းတခု ဖြစ်စေခဲ့ကြောင်း ထင်ရှား လာခဲ့သည်။
စစ်အစိုးရလက်ထက်က ကော့ကရိတ်တွင် တောင်ပေါ်လမ်းတခု ဖောက်လုပ်ခဲ့သော်လည်း လမ်းက အလွန်ကျဉ်းမြောင်းပြီး တလမ်းသွားသာ ဖြစ်သည့်အတွက် အဆင်းတရက် အတက်တရက် အလှည့်ဖြင့် သွားလာခဲ့ရသည်။ ယာဉ်များမှာလည်း တနာရီလျှင် ကီလိုမီတာ ၃၀ ထက် ပိုမြန်အောင် မောင်းနှင်နိုင်ခြင်း မရှိခဲ့ပါ။
လမ်းအသစ်ဖြစ်လာသည့်အခါ ယဉ်မောင်းများသည်လည်း တနာရီလျှင် ကီလိုမီတာ ၈၀ ကျော် မောင်းနှင်နိုင်လာကြပြီး ထိုင်းနိုင်ငံနယ်စပ်သို့ တနာရီပင်မကြာဘဲ သွားရောက်နိုင်လာကြသည်။ ယခင်က ကြာမြင့်ခဲ့ချိန်၏ ၅ ပုံ ၁ ပုံသာ ကြာမြင့် တော့သည်။ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ပို့ဆောင်ပေးနေသည့် အသက် ၃၀ အရွယ် ကုန်သည်တဦးက “လမ်းသစ်က အဖုအထစ်များပေမယ့် ကားတွေ သွားလို့ကောင်းပါတယ်။ ကျနော့်ရဲ့ စီးပွားရေးလည်း ကောင်းလာပါတယ်။ ဘာကြောင့်လဲဆိုတော့ မြဝတီကနေ နေ့ချင်းပြန်သွားလို့ ရလို့ ဖြစ်ပါတယ်။” ဟု ပြောသည်။
အမှန်တကယ်တွင်လည်း လမ်းက ကုန်သွယ်ရေးအတွက် အကျိုးဖြစ်စေခဲ့သည်။ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၏ ပထမ ၆လ ပတ်ဖြစ်သည့် ဧပြီလမှ စက်တင်ဘာလအတွင်းတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ သွင်းကုန်တန်ဘိုးက အမေရိကန်ဒေါ်လာ သန်း ၉၀၀ ခန့်ရှိခဲ့ရာ ယမန်နှစ်ကထက်စာလျှင် ၁၇ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့ပြီးနောက်ပိုင်းတွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား ကုန်သွယ် ရေးက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သော်လည်း လမ်းဖွင့်လှစ်ခဲ့သည့် ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ဘဏ္ဍာရေး အကျိုး အမြတ် အများဆုံးရရှိလာခဲ့သည်ဟု ခန့်မှန်းရသည်။ နယ်စပ်ကုန်သွယ်ရေး၏ ၃၀ ရာခိုင်နှုန်းက မြဝတီမှ တဆင့် ကူးသန်း ခြင်းကြောင့် လည်း တစိတ်တပိုင်း ဖြစ်ပါသည်။
စစချင်း
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြားတွင် အဓိက လမ်းကြီးများ ဖောက်လုပ်မည့် အခြားအစီအစဉ် အများအပြားလည်း ရှိနေပါသည်။ ပြီးခဲ့သည့် ဆောင်းဦးရာသီက မြဝတီနှင့် ထိုင်းနိုင်ငံမဲဆောက်မြို့ကြားမှ သောင်ရင်းမြစ်ကို ဖြတ်ကျော် ဆက်သွယ် ပေးမည့် ဒုတိယမြောက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား တည်ဆောက်မှုများ စတင်ခဲ့သည်။ ယာဉ်အသွားအလာ ပိုမို ကျယ်ပြန့်လာမည့် အလားအလာကို မျှော်လင့်၍ တံတားသစ်က တံတားဟောင်းထက် ဝန်အလေးချိန် ပိုမိုခံနိုင်အောင် ပုံစံထုတ် တည်ဆောက်ထားသည်။
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က မော်လမြိုင် မှ တံတား ၃ ခုကို ပြန်လည်ပြင်ဆင်ရေးအတွက် ချေးငွေထုတ်ပေးရန် ယမန်နှစ်က ဆုံးဖြတ်ခဲ့သည်။
ထားဝယ်ဒေသတွင် ထိုင်းနိုင်ငံမှ အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီ ဖြစ်သော Italian-Thai Development က မြန်မာ နိုင်ငံ တောင်ပိုင်း ထားဝယ်မြို့နှင့် ထိုင်းနိုင်ငံမှ Kanchanaburi မြို့တို့ကြားတွင် ၁၅၀ ကီလိုမီတာခန့် ရှည်လျားသည့် လမ်းကို ဖောက်လုပ်မည် ဖြစ်သည်။ အဆိုပါလမ်းက အရှေ့တောင်အာရှ ပင်မကုန်းမြေကို ဖြတ်သန်းထားသည့် နိုင်ငံ တကာ လမ်းမကြီးတခု ဖြစ်သော တောင်ပိုင်း စီးပွားရေး စင်္ကြ ံလမ်းနှင့် ဆက်သွယ်မည် ဖြစ်သည်။ ဖောက်လုပ် ပြီးစီး သွား သည့် အချိန်တွင် ကော့ကရိတ်မှ လမ်းသစ်ကဲ့သို့ပင် နယ်စပ်ကုန်သွယ်ရေး အပေါ်သက်ရောက်မှုရှိလာမည် ဖြစ်သည်။
လက်ရှိတည်ဆောက်မှုများက လွန်ခဲ့သော နှစ်ပေါင်းများစွာကဆိုလျှင် တွေးပင်တွေးနိုင်မည် မဟုတ်ပါ။ စစ်အစိုးရ အုပ်ချုပ်စဉ်ကာလများအတွင်း နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုများကြောင့် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အဦး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အလွန်နည်းပါးခဲ့ရသည်။ အစိုးရတပ်များနှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြားမှ တိုက်ပွဲများကြောင့် ကော့ကရိတ်မြို့နယ်အတွင်းနှင့် ပတ်ဝန်းကျင်မှ လမ်းများမှာ မကြာခန ပိတ်ထားခဲ့ရသည်။ ကော့ကရိတ်မြို့နယ်သည် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA) တို့ သြဇာလွှမ်းမိုးသည့် ဒေသဖြစ်ပါသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ အပြောင်းအလဲများ ရှိလာသည်။ နိုင်ငံခြားတိုင်းပြည်များက မြန်မာနိုင်ငံကို တရားဝင် ဖွံ့ဖြိုးရေးအကူအညီများ ပြန်ပေးလာခဲ့သလို သမ္မတ ဦးသိန်းစိန်၏ အစိုးရကလည်း နိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းအလယ်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ ကမ္ဘာ့ဘဏ်နှင့် အာရှဖံွ့ဖြိုးရေး ဘဏ်ကဲ့သိုသော နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများ၏ ချေးငွေများ ပြန်လည်ရရှိလာသည့် အတွက် အခြေခံ အဆောက်အဦး အဆင့်မြှင့်တင်မှုများလည်း ပြုလုပ်နိုင်လာသည်။
ထို့ပြင် ၂၀၁၃ ခုနှစ်မှ စ၍ KNU နှင့် DKBA တို့ကလည်း အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လာသည့်အချိန်တွင် ပြေငြိမ်းလိုသည့် သဘောထားများ ပြသခဲ့ကြသည့်အတွက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ကြသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိလမ်းများ တလျှောက်တွင် DKBA တပ်ဖွဲ့၏ စစ်ဆေးရေး စခန်းများ ဆက်လက်ရှိနေသေး သော်လည်း ၎င်းတို့၏ တပ်သားများက နိုင်ငံတော် တံဆိပ်တပ်ဆင်ထားသော ဝတ်စုံများဝတ်ဆင်ထားကြပြီး တခါတရံ တွင် ကမ္ဘာလှည့် ခရီးသည်များနှင့်ပင် တွဲ၍ ဓာတ်ပုံရိုက်ကြသည်။ လမ်းသစ်တလျှောက်တွင် လုံခြုံစွာ သွားလာနိုင်ခြင်း ကြောင့်လည်း ယာဉ်သွားလာမှု များပြားလာရေးကို အထောက်အကူ ဖြစ်စေခဲ့သည်။
စီးပွားရေး ချဲ့ထွင်မှု
မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး ဝယ်လိုအား သိသိသာသာတိုးတက်လာသည့်အတွက် လမ်းသစ် တလျှောက် အသွားအပြန် မောင်းနှင်နေကြသော ကုန်တင်ကားများပေါ်တွင် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများဖြင့် ပြည့်နေသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်ရေးလုပ်ငန်း ကဏ္ဍတိုးတက်လာသည်ကို မြင်တွေ့နေရသည်။ ထိုင်းနိုင်ငံတွင် အလုပ်သမားခ ဈေးနှုန်းများ မြင့်တက်လာပြီး အလုပ်သမား ရှားပါးလာသည့် အချိန်တွင် မြန်မာနိုင်ငံ၌ လုပ်သားအင်အား ပိုလျှံနေပြီး လုပ်ခလစာကလည်း အိမ်နီးချင်း နိုင်ငံများ၏ ၃ ပုံ ၁ ပုံသာ ရှိသည်။ အခြေခံအဆောက်အဦး အဆင့်မြှင့်တင်ခြင်း၊ ကုန်ကြမ်းနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ အလွယ်တကူ ပို့ဆောင်နိုင်အောင် ပြုလုပ်ခြင်းများအားဖြင့် ကုန်ပစ္စည်း ထုတ်လုပ်သူများက မြန်မာနိုင်ငံသို့ စက်ရုံများ ပြောင်းရွှေ့ အခြေစိုက်လာစေရန် ဆွဲဆောင်နိုင်ပါလိမ့်မည်။
ထိုင်းနိုင်ငံနယ်စပ် မြဝတီ ဆင်ဖြေဖုံးဒေသတွင် ဒေသခံစီးပွားရေးသမားများက ဦးဆောင်သည့် စက်မှုဇုန်တခုကို တည် ဆောက် ဖွင့်လှစ်တော့မည် ဖြစ်သည်။ ထိုင်းကုမ္ပဏီများကလည်း သစ်စက်နှင့် ရာဘာပင်စိုက်ပျိုးမှုများ စတင်နေပြီ ဖြစ်သဖြင့် အလုပ်အကိုင်များ ရှိလာမည့် အလားအလာကောင်းများလည်း ရှိနေသည်။
အဆိုပါ လုပ်ငန်းများကြောင့် မြန်မာနိုင်ငံအရှေ့ဘက်ပိုင်းတွင် နေထိုက်သူများအတွက် စီးပွားရေးအကျိုး အမြတ်များ ရှိ လာမည်ဟုလည်း မျှော်လင့်ချက်များကို မြင့်တက်စေသည်။
မြန်မာနိုင်ငံမှ ကုန်ထုတ်လုပ်ငန်း ကဏ္ဍတွင် အစားအစာ၊ လူသုံးကုန်ပစ္စည်းနှင့် ပြည်တွင်းစားသုံးမှု အတွက် ထုတ်လုပ်သည့် အခြားကုန်ပစ္စည်းများက အများဆုံးပါဝင်နေကြသည်။ နိုင်ငံခြားတင်ပို့မှုမှာမူ အထည်ချုပ်လုပ်ငန်းများကဲ့သို့ အငယ်စား လုပ်ငန်းများတွင်သာ အကန့်အသတ်ဖြင့် ရှိနေသည်။ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် မော်တော်ယာဉ် သို့မဟုတ်အီလက်ထရောနစ် ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများ မရှိသလောက်ပင် ဖြစ်သည်။
သို့သော်လည်း အခြားသောနိုင်ငံတကာ လမ်းများတည်ဆောက်ခြင်း အားဖြင့် ထိုင်းနိုင်ငံတွင် တည်ရှိသည့် ကုန်ထုတ်လုပ် ရေး စက်ရုံများမှ ပစ္စည်း အစိတ်အပိုင်းများ အလွယ်တကူ ထောက်ပံ့ပေးနိုင်ခဲ့လျှင် အခြေအနေ ထူးခြားစွာ ပြောင်းလဲသွား မည်ဖြစ်သည်။
Nippon Express က ပြီးခဲ့သည့် နွေရာသီက စ၍ ထိုင်းနှင့် မြန်မာနိုင်ငံကြားတွင် ကုန်းလမ်းပို့ဆောင်ရေး ဝန်ဆောင်မှုများ ပေးနေပြီ ဖြစ်သည်။ အရှေ့-အနောက် စီးပွားရေး စင်္ကြ ံလမ်းကို အသုံးပြုခြင်း ဖြစ်သည်။ ရန်ကုန်နှင့် ဘန်ကောက်ကြား ခရီးကြာမြင့်ချိန်မှာ ၃ ရက်သာကြာသည့် အတွက် ရက်သတ္တပတ် ၂ ပတ်မှ ၃ ပတ် အတွင်းကြာမြင့်သော မလက္ကာ ရေလက်ကြားကို ဖြတ်ကျော်ရသည့် ပုံမှန်ရေကြောင်းလမ်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။
၎င်းတို့၏ ဝန်ဆောင်မှုအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခြင်း မရှိကြသေးသည့်အတွက် Nippon Express အနေဖြင့် တပတ်လျှင် ကုန်တင်ကား ၁ စီး သို့မဟုတ် ၂ စီးသာ ပို့ဆောင်ပေးနိုင်ပါသည်။ သို့သော်လည်း အရှေ့တောင်အာရှ နိုင်ငံ များ အဖွဲ့(ASEAN) ၏ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ရေး ကွင်းဆက်အတွင်းသို့ ပူးပေါင်းပါဝင် နိုင်ခဲ့လျှင် ကုန်ပစ္စည်း ထုတ် လုပ်သူများက မြန်မာနိုင်ငံတွင်းတွင် ခေတ်မီစက်ရုံများ တည်ထောင်ရန် ဝင်ရောက်လာကြရေးအတွက် လမ်းဖွင့်ပေး နိုင်ရန် Nippon Express က မျှော်လင့်ထားသည်။
နိုင်ငံတကာ လမ်းများ ဖောက်လုပ်ရေးက ထိုင်းနိုင်ငံနယ်စပ်နှင့် နီးသည့် ဒေသများ အတွက်သာ မဟုတ်ပါ။ မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် မန္တလေးနှင့် တရုတ်နိုင်ငံ နယ်စပ်သို့ ဆက်သွယ်ထားသည့် လမ်းတလမ်းလည်း ရှိပါသည်။ အကြီးစား ကုန်းတွင်းဆိပ်ကမ်း တခုတည်ဆောက်ရေးကို တရုတ်နိုင်ငံ၏ ငွေကြေးအထောက်အပံ့ဖြင့် စတင်ပြင်ဆင်နေပါ သည်။ ထိုင်းနိုင်ငံထက် ကြီးသည့် ကုန်သွယ်ဘက်ဖြစ်သော တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး အတွက် အခြေခံ အဆောက်အဦး အဆင့်မြှင့်တင်ခြင်းပြုလုပ်ခဲ့လျှင် မြန်မာနိုင်ငံအတွက် ကြီးမားသော သက်ရောက်မှု ရရှိလိမ့်မည်ဟု ဂျပန် ကုန်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတခုမှ တာဝန်ရှိသူတဦးကပြောသည်။
အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော စစ်ကိုင်းတိုင်းအတွင်းတွင် အိန္ဒိယ အစိုးရ၏ အထောက်အပံ့ဖြင့် လမ်း တလမ်း ဖောက်လုပ်နေပါသည်။ နိုင်ငံတကာ လမ်းများက စီးပွားရေးတိုးတက်မှု နှေးကွေးနေသည့် အရှေ့မြောက်ပိုင်းရှိ ပြည်နယ် ၇ခုကို အကျိုးရှိစေလိမ့်မည်ဟု အိန္ဒိယ အစိုးရက မျှော်လင့်ထားသည်။ အိမ်နီးချင်းနိုင်ငံများ ၏ ငွေကြေး အကူ အညီ ဖြင့် နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်လာစေခြင်းက ဒေသတွင်းတွင် မြဝတီကဲ့သို့ အောင်မြင်မှုများ ရရှိစေနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံက အာရှ၏ ပျောက်ဆုံးနေသောကွင်းဆက် ဖြစ်ခဲ့ရခြင်းမှာ ရာစုနှစ်ဝက် ခန့်ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေး ကာလ အတွင်းတွင် ကမ္ဘာ့စီးပွားရေးနှင့် တံခါးပိတ်ထားခဲ့၍ ဖြစ်ပါသည်။
သို့သော်လည်း တရုတ်၊ အိန္ဒိယ နှင့် အာဆီယံနိုင်ငံများနှင့် ဆက်သွယ်ထားသည့် နေရာတွင်ရှိနေသော မြန်မာနိုင်ငံ အနေ ဖြင့် ကမ္ဘာ့လူဦးရေ၏ တဝက်ခန့် ရှိသောဈေးကွက် အတွက် အဝင်အထွက်ဂိတ်ပေါက် တခုအဖြစ် ဝန်ဆောင်ပေးနိုင်ပါ သည်။ အခြေခံ အဆောက်အဦးများကို အဆင့်မြှင့်တင်ခြင်း အထူးသဖြင့် နိုင်ငံတကာလမ်းများ တည်ဆောက်ခြင်းအား ဖြင့် မြန်မာနိုင်ငံ အတွက် အာရှဒေသ၏ စီးပွားရေး အချက်အချာနေရာ ဖြစ်လာနိုင်သည့် အလားအလာများရှိနေပါသည်။
( Nikkei Asia Review မှ Motokazu Matsui ၏ Roads can convert Myanmar from economic void to hub ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)