စီးပွားရေး

နိုင်ငံပိုင် စက်သုံးဆီများ လေလံစနစ်ဖြင့် ရောင်းချမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ သို့ နိုင်ငံပိုင် စက်သုံးဆီများ ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးမှု ကို မတ်လကုန်ပိုင်း မှ စတင် ရပ်ဆိုင်း၍ လေလံစနစ်ဖြင့် ပြောင်းလဲ ရောင်းချတော့မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

“အရောင်းဆိုင်တွေ များလာတဲ့အတွက် ခွဲဝေရောင်းချ ပေးနိုင်မှု လျော့နည်းလာတဲ့ အတွက် သူမရဘူး ငါမရဘူးဆိုတဲ့ မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်ပေါ်မှု မရှိစေဖို့ အတွက် နောက်ပိုင်း ကာလတွေမှာ နိုင်ငံပိုင် ကဏ္ဍသုံးစွဲမှုက ပိုလျှံလာတဲ့ စက်သုံးဆီတွေကို လေလံစနစ်နဲ့ပဲ ရောင်းချ ပေးသွားတော့မှာ ဖြစ်ပါတယ်”ဟု စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦး က ပြောသည်။

ယခင်က စွမ်းအင်ဝန်ကြီးဌာန၊ ပြည်တွင်းရေနံချက်စက်ရုံမှ ထုတ်လုပ်သည့် စက်သုံးဆီများ ကို နိုင်ငံပိုင်ကဏ္ဍ လုပ်ငန်းများ အတွက် ဦးစားပေး ဖြန့်ဖြူးခဲ့ကြောင်း၊ နိုင်ငံပိုင်ကဏ္ဍမှ ပိုလျှံသည့် ပြည်တွင်းထုတ် စက်သုံးဆီများ ကို ပြည်တွင်းသုံးစွဲမှု အနေဖြင့် မြို့ကြီးများရှိ အရောင်းဆိုင်များ အတွက် တစ်လလျှင် ဂါလံ ၄၀၀၀ နှုန်း နှင့် နယ်မြို့ရှိ ဆိုင်များကို ဂါလံ ၃၂၀၀ နှုန်းဖြင့် ခွဲဝေရောင်းချ ပေးနိုင်ခဲ့သော်လည်း စက်သုံးဆီဆိုင်များ များပြားလာသည့် အတွက် ခွဲတမ်းစနစ် ကို ရပ်ဆိုင်းပြီး လေလံစနစ်ဖြင့် ပြောင်းလဲ ရောင်းချရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် လေလံစနစ်ဖြင့် ရောင်းချပေးမည့် အချိန်အတိအကျ ကို အစိုးရ က ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

“အချိုးကျ ခွဲဝေပေးမှု စနစ် မှာတောင် ဆိုင်အသစ် တိုးလာရင် တိုးလာတဲ့ အလျောက် မူလ ရရှိနေတဲ့ ခွဲတမ်းကို လျှော့ပေးနေတယ်။ ဓာတ်ဆီဖြူ ရချင်လို့မှ လျှောက်လွှာတင်ပြီး ပေးတဲ့ ခွဲတမ်းလေးကို ယူနေကြရတာပါ၊ ဖြစ်နိုင်မယ်ဆိုရင် ပြည်တွင်း ဓာတ်ဆီ ပိုလျှံတယ်ဆိုရင် ပိုပြီးတိုးပေးစေချင်ပါတယ် ။ ပိုတိုးပေးမယ် ဆိုရင်လည်း ဆိုင်တွေက ယူကြမှာပါ။ အခုလို အချိုးကျ ခွဲဝေပေးမှု အနေအထားလေးက ပိုကောင်းမယ်လို့ ထင်ပါတယ်၊ ကျွန်တော့်အမြင်ကတော့ ခွဲတမ်းစနစ်ကို ပိုပြီး ကြိုက်ပါတယ်။ လေလံစနစ်နဲ့ သွားမယ် ဆိုတာကို ဆိုင်တွေကိုတော့ အကြောင်းကြားစာ ပေးပို့လာခြင်း မရှိသေးပါဘူး” ဟု မန္တလေးမြို့ရှိ ပုဂ္ဂလိက စက်သုံးဆီ ဆိုင် တဆိုင်၏ အရောင်းဆိုင် ပိုင်ရှင် ဦးဇော်မင်းက ပြောသည်။

လက်ရှိတွင် ပုဂ္ဂလိက စက်သုံးဆီဆိုင် များကလည်း ခွဲတမ်းစနစ်ဖြင့် သွားနေသော်လည်း ခွဲတမ်း အပြည့်အဝ မရရှိကြောင်း၊ လေလံစနစ်ဖြင့် ပြောင်းလဲလိုက်မည် ဆိုပါက ငွေကြေး ပြည့်စုံသူများက လက်ဦးမှု ယူပြီး စက်သုံးဆီ ဈေးကွက် ကို လက်ဦးမှု ရယူခြင်းများ ရှိလာနိုင်ကြောင်း စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်းရှင် အသိုင်းအဝိုင်း က သုံးသပ်ပြောဆိုနေကြသည်။

ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များက ပြည်တွင်း စက်သုံးဆီ သုံးစွဲမှု လိုအပ်ချက် အတွက် တစ်လလျှင် ဒီဇယ်တန်ချိန် တစ်သိန်းရှစ်သောင်းမှ နှစ်သိန်းခွဲခန့် နှင့် အောက်တိန်းဓာတ်ဆီ တန်ချိန် ၆သောင်း ၇ထောင် မှ ၉သောင်းခန့် အထိ ပြည်ပက မှာယူ တင်သွင်း ရောင်းချ ပေးနေရကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာနက ပုဂ္ပလိက စက်သုံးဆီဆိုင်များ အဖြစ် တရားဝင်လွှဲပြောင်းခြင်းမပြုမီက တစ်နိုင်ငံလုံးတွင် အရောင်းဆိုင်ပေါင်း ၂၁၆ ဆိုင် ရှိခဲ့သော်လည်း လက်ရှိတွင် အရောင်းဆိုင်ပေါင်း ၁၅၀၀ ကျော် ရှိပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ သိရသည်။

ထို့ပြင် ပြည်တွင်း စက်သုံးဆီသုံးစွဲမှု များပြားလာခြင်းကြောင့် နေ့စဉ် ရေနံစိမ်း စည် ၆ သောင်းခန့် သုံးစွဲမှုရှိပြီး ပြည်တွင်း ရေနံချက်စက်ရုံများ၏ စက်သုံးဆီ ထုတ်လုပ်နိုင်မှုမှာ နှစ်သောင်းခန့်သာ ရှိရာ လိုအပ်ချက်၏ သုံးပုံတစ်ပုံ ကို သာ ဖြည့်ဆည်း ပေးနိုင်မှုရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦးက ” လက်ရှိအချိန်မှာ ပြည်တွင်း စက်သုံးဆီ သုံးစွဲမှုက သိသိသာသာ မြင့်တက်လာတယ်။ ပြည်တွင်း ရေနံထွက်ရှိမှုနှုန်းနဲ့ ချက်လုပ်ပေးနိုင်မှုက သုံးစွဲမှုရဲ့ သုံးပုံတစ်ပုံကိုသာ ဖြည့်ဆည်းပေး နိုင်သေးတာကြောင့် ပြည်ပ တင်သွင်းမှုကိုတော့ လျှော့ချလို့ မရနိုင်သေးပါဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို အစိုးရ က တိုက်ရိုက် လုပ်ဆောင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ ပုဂ္ဂလိက သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading