သင်္ကြန်နားနီး ဈေးရောင်းကောင်းချိန်ဖြစ်သောကြောင့် မန္တလေး မင်္ဂလာဈေး မီးလောင်ခြင်းသည် ဈေးသည်များ များစွာ အထိနာရကြောင်း ဈေးသူဈေးသားများက ဆိုသည်။
“ဘယ်ကနေ စဖြစ်လဲတော့မသိဘူး၊ အန်တီတို့ စမြင်ရတော့ အပေါ်ကနေ မီးပွားတွေ ကျလာတာ၊ အန်တီဆိုင်ကတော့ အကုန်မီးထဲပါသွားတယ်၊ နှစ်တိုင်းထားတဲ့ မီးအာမခံကို မနှစ်ကမှ မထားတော့တာ” ဟု ဈေးကြီးစဖွင့်ကတည်းက ရောင်းချခဲ့သည့် မင်္ဂလာဈေး ပထမထပ်ရှိ “မြို့မ” ခန်းဝင်ပစ္စည်းဆိုင်မှ ဆိုင်ရှင်ဒေါ်ရင်ရင်က ပြောသည်။
မင်္ဂလာဈေးအောက်ထပ်တွင် အထည်ဆိုင်ဖွင့်လှစ်ထားသည့် မမြင့်မြင့်ကလည်း “အခုလို သင်္ကြန်ရာသီဆို အရမ်းရောင်းကောင်းပြီလေ၊ တချို့ဆို မနေ့ကမှ ပစ္စည်းတွေ ထပ်ဝယ်၊ ထပ်ဖြည့်ထားကြတာ၊ မီးထဲပါသွားတဲ့ဈေးသည်တွေ ကပ်ဆိုက်တာပါပဲ” ဟု ပြောသည်။
အရောင်းအဝယ်လိုက်မည့် သင်္ကြန်ကာလအတွင်း ယခုလိုဈေးမီးလောင်သွားသဖြင့် ဈေးသည်အများစု သောကဖြစ်ရပြီး မီးထဲတွင် ပါမသွားဘဲ ပစ္စည်းပြန်ရသည့် ဈေးသည်များအတွက် ဈေးရောင်းကောင်း ချိန်တွင် ရောင်းချရန် နေရာ လိုအပ်မည်ဖြစ်သည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ယနေ့ထုတ်ပြန်ချက်အရ ဈေးအတွင်းတွင် အခန်းပေါင်း ၅၅၀ ရှိသည့်အနက် တဝက်ကျော်သည် မီးလောင်ဆုံးရှုံးခဲ့သည်။ အဆိုပါ တဝက်ကျော် ပမာဏတွင် ဈေးဖွင့်လှစ်ရောင်းချနေသည့် အထည်ဆိုင်ခန်း ၂၆၀ ကျော်ပါဝင်သည်။
မင်္ဂလာဈေးအောက်ထပ်တွင် ဖွင့်လှစ်သည့် အတည်ဆိုင်ခန်းများမှာ အထည်ဆိုင်၊ အပ်ချုပ်ဆိုင်၊ လူသုံးကုန်ပစ္စည်းဆိုင်၊ ငပိငါးခြောက်နှင့် စားသောက်ကုန်ဆိုင်၊ ကွမ်းနှင့် ကွမ်းပစ္စည်းဆိုင် ရောင်းချလျက်ရှိသည်။
မင်္ဂလာဈေးသည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် တည်ရှိပြီး ဈေးဆိုင်ခန်းသီးသန့်ချည်း ဖွင့်လှစ်ရောင်းချသည့် ဈေးကြီးမဟုတ်ဘဲ လူနေတိုက်ခန်းများ၊ အရောင်းပြခန်းနှင့် ရုံးခန်းများလည်း ပါဝင်ဖွဲ့စည်းထားသည်။
မတ်လ ၂၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့် စတင်မီးလောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေးသည် ယနေ့နေ့လည် ၁ နာရီခွဲအချိန်ထိ မီးကြွင်းမီးကျန်များအား ငြှိမ်းသတ်နေခဲ့ရသည်။
ယခုအခါ မီးသင့်ခဲ့သည့် ဈေးအဆောက်အဦး၏ ကြံ့ခိုင်မှုပိုင်း အားနည်းလာသောကြောင့် မတ်လ ၂၃ ရက်နေ့အပြီး ဈေးဆိုင်ပိုင်ရှင်များအား မိမိကုန်စည်ပစ္စည်းများ လာသယ်ရန် စည်ပင်က နှိုးဆော်ထားသည်။
“ဒီနေ့အပြီးတောင် မဟုတ်ဘူး၊ နာရီပိုင်းအတွင်း အပြီးသယ်ကြဖို့ ပြောနေတယ်၊ တောင်ဘက်အခြမ်းက အပေါ်မှာ ပြိုနေပြီလို့လည်း ကြားတယ်၊ ကိုယ်ပစ္စည်းတွေ မသယ်နိုင်မှာစိုးတော့ အကုန်ပြုံ သယ်ကြတော့ ပြည့်ကျပ်နေပြီ” ဟု ဈေးအရှေ့ဘက်ခြမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
မင်္ဂလာဈေးအတွင်း အရောင်းပြခန်း ၂ ခုနှင့် ဆေးကုမ္ပဏီတခုသာ မီးအာမခံထားထားပြီး ကျန်ဆိုင်ခန်းငယ်များမှာ မီးအာမခံမရှိကြောင်း စည်ပင်သာယာရေးကော်မတီက သိရသည်။
“ဂိုဒေါင်ထဲက ပစ္စည်းတွေအကုန်ပါသွားတယ်၊ ဆိုင်ကလည်း တဝက်လောက်ပဲ ပြန်ရတယ်၊ ဈေးတွေမှာ မီးဘေးကင်းဖို့ လုပ်ပေးတာ အားနည်းသလို၊ ကျမတို့ ဈေးသည်တွေ ကိုယ်တိုင်ကလည်း အဌားနေရာဖြစ်တဲ့အတွက် မီးအာမခံထားဖို့ စိတ်မကူးမိကြဘူး” ဟု ဆုံးရှုံးမှု အများဆုံးဧရိယာတွင် ပါဝင်သည့် ဈေးတောင်ဘက်ခြမ်းရှိ ဆန်နှင့် စားသောက်ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်ပိုင်ရှင်တဦးက ပြောဆိုသည်။