FMI အစုရှယ်ယာ ၁ စု ၃၁၀၀၀ ကျပ်ဖြင့် ရန်ကုန် စတော့အိတ်ချိန်း အရောင်းအဝယ်စဖြစ်
This article has been converted from Zawgyi One to Unicode
ယနေ့ အရောင်းအဝယ်များ စတင်လိုက်သော ရန်ကုန်စတော့ အိတ်ချိန်းတွင် FMI ကုမ္ပဏီ၏ ရှယ်ယာများ တစုလျှင် ၃၁၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်သွားပြီး ဝယ်လိုအား ရောင်းလိုအားမမျှဘဲ အဝယ်များလျက် ရှိသည်။
ရန်ကုန် စတော့အိတ်ချိန်း၌ FMI ကုမ္ပဏီက ရှယ်ယာများ စတင်ရောင်းချခွင့်ရရှိပြီး ယနေ့ နံနက် ၁၀ နာရီ တွင် ရှယ်ယာ ၁ စုလျှင် ၂၆၀၀၀ ကျပ်ဖြင့် ဈေး စတင်ဖွင့်ခဲ့သည်။
အများဆုံးဈေးကို ၁ စုလျှင် ၃၁၀၀၀ ကျပ်နှင့် အနည်းဆုံးဈေး ၂၁၀၀၀ ကျပ်အတွင်း အရောင်းအဝယ်များ ကစားခဲ့ရာ ဈေးကွက်ပေါက်ဈေးအတိုင်း ပေးဝယ်မည့် အစုရှယ်ယာ အရေအတွက် ၈ သောင်း ကျော်အထိ အဝယ်များ မြင့်တက်ခဲ့သည်။
အရောင်းဘက်တွင် စတင်ဈေးဖွင့်ဖွင့်ချင်း ရှယ်ယာစု ၂ သောင်းကျော်နှင့် ဖွင့်ခဲ့သော်လည်း ဈေးပိတ်ချိန် ၁၁ နာရီတွင် အရောင်း အစုရှယ်ယာ စုစုပေါင်း ၄၂၆၁၀ အထိ အရောင်းတက်သွားခဲ့သည်။
ထို့ကြောင့် နံနက်ခင်း စတော့ဈေးကွက်ပိတ်ချိန် အရောင်းအဝယ်ကို ကြည့်မည်ဆိုလျှင် ရောင်းလိုအား ရှယ်ယာ စုစုပေါင်း ၄၂၆၁၀ နှင့် ဝယ်လိုအား ရှယ်ယာ စုစုပေါင်း ၈ သောင်း ကျော်ဖြစ်ရာ အရောင်းအဝယ် ဖြစ်သည့်ပမာဏ ရှယ်ယာစု ၄၂၆၁၀ ဖြစ်သည်။
ယင်းပမာဏသည် နံနက်ခင်း စတော့ဈေးကွက်ပိတ်ချိန် FMI ၏ ရှယ်ယာပေါက်ဈေး ၃၁၀၀၀ ကျပ်နှင့် အရောင်းအဝယ် ဖြစ်သွားသည့် ပမာဏဖြစ်သည်။
FMI ကုမ္ပဏီသည် လက်ရှိရောင်းချနေသည့် အစုရှယ်ယာများမှာ ရှယ်ယာဟောင်းများ ဖြစ်ပြီး ၎င်းတို့က ရှယ်ယာသစ်များကို ရောင်း ချခြင်း မရှိသေးကြောင်း သိရသည်။
လက်ရှိအခြေအနေအရ ဆိုပါက ဝယ်လိုအား အင်မတန်များနေရာ FMI ရှယ်ယာတန်ဖိုးများမှာ ဆက်တက်မည့် အလားအလာကို ပြ နေသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ FMI ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေက“ဒီနေ့တက်သွားပါပြီ။ ရှယ်ယာတွေ ဆက်တက်ဖို့ မျှော်လင့်ပါတယ်၊ လုပ်ငန်းတွေလည်း ဆက်တိုးချဲ့ဖို့ အများကြီး ရှိပါတယ်”ဟု ပြောသည်။
ရန်ကုန် စတော့အိတ်ချိန်းသို့ အစုရှယ်ယာများ ဝင်ရောက် ရောင်းချခွင့်ရသည့် အများပိုင်ကုမ္ပဏီ ၆ ခုတွင် FMI ကုမ္ပဏီက ကနဦး ဆုံး ရောင်းချခွင့် ရရှိခဲ့သည့် ကုမ္ပဏီလည်း ဖြစ်သည်။
စတော့အိတ်ချိန်းသို့ ဝင်ရောက် ရောင်းချခွင့် ရှိသည့် အများပိုင်ကုမ္ပဏီ ၆ ခုမှာ FMI ကုမ္ပဏီ၊ မြန်မာ့ လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း၊ ပထမပုဂ္ဂလိက ဘဏ်၊ မြန်မာနိုင်ငံသားများ ဘဏ်၊ မြန်မာသီလဝါ အထူး စီးပွားရေးဇုန် ဟိုးလ်ဒင်း အများပိုင် လီမိတက်နှင့် Great Horkham ကုမ္ပဏီတို့ ဖြစ်သည်။