ဆက်သွယ်ရေး လုပ်ငန်းများအတွက် ဝန်ဆောင်မှု ပေးနိုင်ရန် ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်သစ်တခု ထပ်မံရွေးချယ်လိုက်သဖြင့် စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ ပေါ်ပေါက်လာဦးမည် ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနက ပြောသည်။
ယနေ့ နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် ရယူသုံးစွဲမည့် ပြည်တွင်းအများပိုင် ကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်နိုင်ရန် နိုင်ငံခြား မိတ်ဖက်ကုမ္ပဏီ ရွေးချယ်ထားရှိမှု လုပ်ငန်းစဉ် အဆင့်ဆင့် ရှင်းလင်းပွဲတွင် ဒုတိယ ဝန်ကြီး ဦးဝင်းသန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အော်ပရေတာ လိုင်စင်ရရှိခဲ့သည့် အစုရှယ်ယာရှင် ၃ ခုမှာ ပြည်တွင်း အများပိုင် ကုမ္ပဏီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသည့် Myanmar National Telecom Holding Public Limited ၊ အစိုးရ၏ အစုရှယ်ယာရှင်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပြု တင်ပြထားသည့် Star High Public Co., Ltd နှင့် ဗီယက်နမ်နိုင်ငံမှ Viettel ကုမ္ပဏီတို့ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဗီယက်နမ် Viettel ကုမ္ပဏီကို တင်ဒါရွေးချယ်ရေး လုပ်ငန်းစဉ်တွေအတိုင်း ပြည်ပ အကြံပေးအဖွဲ့တခုဖြစ်တဲ့ Roland Berger Consultant ကုမ္ပဏီကို ငှားပြီး စနစ်တကျ ရွေးချယ်ခဲ့တာပါ” ဟု ဒုတိယ ဝန်ကြီး ဦးဝင်းသန်းက ရှင်းလင်းပွဲတွင် ပြောသည်။
အစုရှယ်ယာရှင် တဦးဖြစ်သည့် Myanmar National Telecom Holding Public Limited ကို ရွေးချယ်ရခြင်းမှာ တိုင်းရင်းသားများ ပိုင်ဆိုင်သည့် အများပိုင် ကုမ္ပဏီတခု ဖြစ်သောကြောင့်ဟု သိရပြီး အစိုးရအစုရှင်အဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနကို ရွေးချယ်ရခြင်းမှာ တောင့်တင်းခိုင်မာသည့် ဝန်ကြီးဌာနတခု ဖြစ်သည့်အပြင် MEC Tele ထုတ်လုပ်သည့် အတွေ့အကြုံရှိထားသဖြင့် ရွေးချယ်ရခြင်း ဖြစ်သည်ဟု သိရသည်။
“ပြည်တွင်းက အများပိုင် ကုမ္ပဏီကို ရွေးချယ်ရတာကလည်း ငွေရေးကြေးရေး ခိုင်မာတောင့်တင်းမှု၊ ငွေစာရင်း ရှင်းတမ်းနဲ့ နိုင်ငံတကာမှာပါ ရင်းနှီးမြှပ်နှံနိုင်သလားဆိုတဲ့ အချက်အလက်တွေအပေါ်မှာ မူတည် ရွေးချယ်တာပါ။ ပြီးတော့ Viettel ကလည်း မလုပ်မဖြစ် လုပ်ပေးပါမယ်ဆိုတဲ့ ကတိခံဝန်ချက်တွေက ဥပဒေကြောင်းအရပါ အာမခံချက်တွေ ရှိပါတယ်” ဟု သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး တဦးဖြစ်သူ ဒေါက်တာ ဇော်ဦးက ရှင်းလင်းပွဲတွင် ပြောကြားသည်။
ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ ရှာဖွေရာတွင်လည်း တင်ဒါရရှိရေး စိတ်ပါဝင်စားသူ ကုမ္ပဏီ ၇ ခု ရှိခဲ့ရာ ဆက်သွယ်ရေး လုပ်ငန်း ဆောင်ရွက်သည့် နိုင်ငံတကာ ကုမ္ပဏီကြီး ၅ ခု၊ တရုတ် ကုမ္ပဏီကြီး ၂ ခုတို့ ပါဝင်ခဲ့သော်လည်း နောက်ဆုံးတွင် ဗီယက်နမ်နိုင်ငံမှ Viettel ကုမ္ပဏီတခုသာ အဆိုပြု တင်ပြလာကြောင်း၊ အဆိုပြု တင်ပြရာတွင်လည်း သတ်မှတ်ချက်များနှင့် ညီညွတ်သဖြင့် ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောသည်။
ထို့ကြောင့် ယခု အော်ပရေတာ အသစ်ကို Successful Applicant အဖြစ် သတ်မှတ်ပြီး အဖွဲ့အချင်းချင်းကြား ဖက်စပ်ဖွဲ့စည်းရေး လုပ်ငန်းဆိုင်ရာ သဘောတူညီချက် ရရှိရေးအတွက် အသေးစိတ် ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက် ဆောင်ရွက်ခွင့် ပြုနိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြ အတည်ပြုချက် ရယူထားကြောင်း သိရသည်။
လက်ရှိ အချိန်တွင် ဦးသိန်းစိန် အစိုးရက ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု တချို့ ဆောင်ရွက်ခဲ့ရာ ပြည်ပ အော်ပရေတာများအဖြစ် Ooredoo Mynamar Limited ၊ Telenor Myanmar Limited နှင့် ပြည်တွင်း အော်ပရေတာများအဖြစ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) နှင့် KDDI Summit Global Myanmar Co.,Ltd တို့ကို ဆက်သွယ်ရေး ဥပဒေအရ အော်ပရေတာ လိုင်စင်များ ချထားပေးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
စတုတ္ထမြောက် အော်ပရေတာ အသစ်တခု ထပ်မံရွေးချယ်ခြင်းနှင့် ပတ်သက်၍ လိုင်စင်ရရှိပြီး တခြား အော်ပရေတာ များလည်း သိရှိပြီး ဖြစ်ကြောင်း ဒု ဝန်ကြီး ဦးဝင်းသန်းက ဖြည့်စွက် ပြောကြားခဲ့သည်။