အလှူအတန်းနဲ့ CSR မတူ
This article has been converted from Zawgyi One to Unicode
အလှူအတန်း အလွန်ရက်ရောသည့် လူချမ်းသာဆုံးသူများနှင့် အဆင်းရဲဆုံး ပြည်သူများအကြား ကွာဟချက် အလွန် ကြီးမား နေသော မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍသည် စီးပွားရေးလုပ်ကိုင်ရာတွင် လူမှုရေးအရပါ ပူးပေါင်းတာဝန်ယူခြင်း (Corporate Social Responsibility – CSR) ကို မဖြစ်မနေ လက်ခံကျင့်သုံးချိန်တွင် အခက်အခဲများ ရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင် ပါသည်။
တချိန်က အပယ်ခံဖြစ်ခဲ့သော မြန်မာနိုင်ငံတွင် CSR သဘောတရားကို ပြီးခဲ့သည့် နှစ် အနည်းငယ်အတွင်းတွင် ပိုမိုသတိထား မိလာကြသည်။ သို့သော်လည်း ကုမ္ပဏီ အများအပြားက အဆိုပါဝေါဟာရကို အလွန်အကျွံ သုံးစွဲမှုများနှင့် အဓိပ္ပါယ်မှန်ကို ရောထွေးနားလည်မှုများလည်း ဖြစ်စေခဲ့သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြသည်။ ထို CSR ဟု အမည်တပ်ကာ လှုပ်ရှားမှုများ ပြုလုပ်ကြသူများအနက် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီ အုပ်စုကြီးများ ဖြစ်ကြသော ဦးဇော်ဇော်၏ Max Myanmar Group၊ ဦးတေဇ၏ Htoo Group နှင့် ဦးအောင်ကိုဝင်း ၏ Kanbawza (KBZ) Group တို့လည်း အပါအဝင်ဖြစ်သည်။
၎င်းတို့ ၃ ဦးထဲတွင် ဦးဇော်ဇော်နှင့် ဦးတေဇတို့မှာ အမေရိကန် အစိုးရ၏ နာမည်ပျက်စာရင်းတွင် ပါဝင်နေဆဲဖြစ်ပြီး အမေရိကန် ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ခြင်းခံထားရသည်။ အမေရိကန်အစိုးရ၏ ဒီမိုကရေစီကို ထောက်ခံသည့် မူဝါဒကို ဆန့်ကျင်ခဲ့သော ယခင်စစ်အစိုးရနှင့် အတူ အလုပ်လုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ ခရိုနီစာရင်းဝင်များ ဖြစ်သောကြောင့်ဟု ယူဆနိုင်သည်။ အမေရိကန် ဘဏ္ဍာရေးဌာနက နာမည်ပျက်စာရင်းဝင် အချို့ကို ပယ်ဖျက် ပေးခဲ့ခြင်း နှင့် စာရင်းထဲတွင်ပါဝင်ဆဲသူများအနေဖြင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန် ပြောဆိုခဲ့ခြင်းများကြောင့် လတ်တလောနှစ်များအတွင်း နာမည်ပျက်စာရင်းဝင် ကုမ္ပဏီများက CSR လုပ်ငန်းများ စတင် ဆောင်ရွက် လာခြင်း ဖြစ်သည်ဟု ဝေဖန်မှုများလည်း ပေါ်ထွက်ခဲ့သည်။
မြန်မာနိုင်ငံမှ ကုမ္ပဏီကြီးများက ၎င်းတို့၏ ကိုယ်ပိုင် ပရဟိတဖောင်ဒေးရှင်းများ ထူထောင်၍ CSR လုပ်ငန်းများကို စတင်ခဲ့ကြပြီး ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်နှစ် အတွင်းတွင် ဦးဇော်ဇော်၊ ဦးတေဇနှင့် ဦးအောင်ကိုဝင်းတို့က သူတို့ လုပ်ငန်းအုပ်စုများ အမည်ဖြင့် ဖောင်ဒေးရှင်းများ ထူထောင်ခဲ့ကြသည်။
အဆိုပါ စီးပွားရေး လုပ်ငန်းကြီးများက မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေး လုပ်ငန်းများတွေ ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြသော်လည်း သူတို့၏ ပူးပေါင်းပါဝင်မှုသည် နိုင်ငံတကာမှ သတ်မှတ်လက်ခံထားသည့် CSR ၏ စံနှုန်းများနှင့် ကိုက်ညီမှုရှိသည်ဟု ယူဆနိုင်ခြင်း မရှိသေးပါ။
“CSR နဲ့ ပတ်သက်လို့ ကျနော်နားလည်တာကတော့ ဒါက လူမှုအသိုင်းအဝိုင်းအတွက် ရေရှည်အကျိုးသက်ရောက်မှု ရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ စီးပွားရေး အမြောက်အမြားက CSR လို့ တံဆိပ်ကပ်ထားပေမယ့် အများစုက အလှူအတန်း လုပ်တာတွေသာ ဖြစ်နေတယ်” ဟု ပါရမီ စွမ်းအင်ကုမ္ပဏီ အုပ်စုမှ CSR မန်နေဂျာ ဦးအောင်မျိုးရှိန် က ဧရာဝတီသို့ ပြောသည်။
အကြမ်းအားဖြင့် CSR သည် မိမိလုပ်ငန်းကြောင့် ရပ်ရွာအသိုင်းအဝိုင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ရှောင်ကျဉ်ခြင်းမှသည် ရရှိသော အမြတ်အစွန်း၏ သတ်မှတ်ထားသော ရာခိုင်နှုန်းကို မိမိလုပ်ငန်းကြောင့် ထိခိုက်ခံစားရသော ရပ်ရွာအသိုင်းအဝိုင်း သို့မဟုတ် အမှန်တကယ် လိုအပ်နေသောသူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ပုံမှန် ထည့်ဝင်ပေးခြင်းတို့အထိ ပါဝင်သည်။
မြန်မာနိုင်ငံတွင်မူ ပြီးခဲ့သည့် နှစ်များအတွင်း CSR စတင်ဆောင်ရွက်မှုများက ကို့ယို့ကားယား အမြင်အချို့ကို ဖြစ်စေခဲ့သည်။ ပြည်ပတွင် အခက်အခဲကြုံတွေ့ခဲ့ရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာသော အလုပ်သမားများက ကမ္ဘောဇဘဏ်၏ ကြော်ငြာ အကျၤ ီကို ဝတ်ထားခြင်းမျိုးမှသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် များကို လေ့ကျင့်သင်တန်း ပေးရန်အတွက် အမေရိကန်အစိုးရ၏ နာမည်ပျက်စာရင်းဝင် ဦးတေဇ ပိုင်ဆိုင်သည့် ဘဏ်တခုမှ အလှူငွေ လက်ခံပေးခြင်းမျိုး အထိဖြစ်သည်။
CSR နှင့် ပတ်သက်၍ အဓိပ္ပါယ်ကောက်ယူမှုများ ရောထွေးဝေဝါးနေချိန်တွင် CSR စတင်ဆောင်ရွက်မှုများ၏ နောက်ကွယ်တွင် မလိုလားအပ်သော နောက်ခံအကြောင်းအရာများ ရှိနေသည်ဟု အချို့ကပြောကြသည်။
“CSR ဆိုတဲ့ စကားလုံးကို သုံးစွဲခြင်းက ငွေကြေးခဝါချဖို့အတွက် နည်းလမ်းကောင်းတခုပဲ။ တကယ့် CSR အစစ်က စီးပွားရေး လုပ်ငန်းတွေအနေနဲ့ သူတို့က လူမှုအသိုင်းအဝိုင်းကို ဘယ်လိုကောင်းကျိုး ပေးနိုင်မလဲဆိုတာကို သိရမှာဖြစ်ပါတယ်။ ဒါပေမယ့် အများစုက ဟန်ပြလုပ်ကြတယ်။ ရောထွေးနေတယ်” ဟု ဦးအောင်မျိုးရှိန်ကပြောသည်။
ထိုသို့ရောထွေးမှုများ ရှိနေချိန်တွင် ပြည်သူအသီးသီးကလည်း CSR ကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသည်။ Asean CSR Network ၏ အမှုဆောင်အရာရှိချုပ် Thomas Thomas က CSR သည် ငွေကြေးကို မည်သို့သုံးစွဲသနည်းဆိုခြင်း မဟုတ် ဘဲ မည်ကဲ့သို့ရှာ ဖွေသနည်း ဆိုသည့် အချက်ဖြစ်သည်ဟုပြောသည်။
“မကောင်းမှုတွေ အများကြီးလုပ်တယ်။ ပြီးတော့ ဘုရားကျောင်းတွေ စေတီတွေ ဗလီတွေ ဆောက်ဖို့ ကြိုးစားကြတယ်။ အလှူ အတန်းတွေလုပ်ကြတယ်။ ဘုရားသခင်က ခွင့်လွှတ်တယ်လို့ ပြောတယ်။ အဲဒီလိုမျိုး တွေနဲ့ CSR က မဆိုင်ပါဘူး” ဟု သူက Reporting Asean သို့ မကြာသေးမီက ပြောခဲ့သည်။
ယခုကိစ္စတွင် သူက အမေရိကန် အစိုးရ၏ သဘောထားနှင့် တူညီသည့် အသွင်ရှိ သည်။ ၂၀၁၄ ခုနှစ်အတွင်းက အမေရိကန် အစိုးရ၏ အရေးယူပိတ်ဆို့မှု စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စာရင်းမှ ပယ်ဖျက်ပေးစေရန် မည်ကဲ့သို့ ဆောင်ရွက်ပေးရန် လိုအပ်သည်ဆိုခြင်းများကို ရှင်းလင်းခဲ့သော အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားဆိုင်ရာ ဒုတိယ ဝန်ကြီး Tom Malinowski က CSR သည် အလှူအတန်း ရက်ရောမှုထက် ပိုသည် ဟု ဧရာဝတီသို့ ပြောခဲ့သည်။
“အလှူဒါနပြုတာတွေကို ကြိုဆိုပေမယ့် ထည့်သွင်း စဉ်းစားမှာမဟုတ်ဘူးဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ ပြီးပါပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ ငွေကိုဘယ်လို သုံးစွဲတယ်ဆိုတာက အရေးမကြီးပေမယ့် ဘယ်လို ရှာဖွေသလဲ ဆိုတာက အရေးကြီးပါတယ်” ဟု သူကဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ဖူးသော Myanmar Centre for Responsible Business (MCRB)၏ ဒါရိုက်တာ Vicky Bowman က အမှန်တကယ် အားဖြင့် မြန်မာစီးပွားရေး လုပ်ငန်းအများအပြားက တိကျရေရာမှု မရှိသည့် CSR ဆိုသည့် စကားလုံးကို မသုံးစွဲလိုကြကြောင်းပြောသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာ ပြည်သူများက ၎င်းကို ကွဲပြားသည့် အဓိပ္ပါယ် အမျိုးမျိုးဖြင့် နားလည်ကြသောကြောင့် ဖြစ်သည်။
မကြာသေးမီက ကရင်ပြည်နယ် ဘားအံမြို့တွင် MCRB ကုမ္ပဏီများအတွက် အလုပ်ရုံဆွေးနွေးပွဲတခုပြုလုပ်ခဲ့ပြီး CSR သည် “လူမှုအသိုင်းအဝိုင်းတွင် ရင်းနှီးမြှုပ်နှံခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း၊ ပရဟိတလုပ်ငန်း၊ အထောက်အပံ့ပေး ခြင်း နှင့် သဘာဝဘေးအန္တရယ် ကယ်ဆယ်ရေး ” ဟုနားလည်ကြသလား သို့မဟုတ် “စီးပွားရေး လုပ်ငန်းများက လူမှုအသိုင်းအဝိုင်းအပေါ် ၎င်းတို့ကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးသက်ရောက်မှုအတွက် တာဝန်ယူခြင်း” ဟု နားလည်ကြသလားဆိုသည်ကို စစ်တမ်းကောက်ယူခဲ့သည်။ ဒုတိယ ဖွင့်ဆိုချက်မှာ ဥရောပ သမဂ္ဂ၏ ဖွင့်ဆိုချက်ဖြစ်သည်။
ကုမ္ပဏီများ၏ အဖြေက ၅၀ ရာခိုင်နှုန်းစီ ဖြစ်နေသည်။ ၂ မျိုးလုံးဖြစ်သည်ဟု ယူဆသူ အချို့ပင်ရှိသည်ဟု Vicky Bowman ကပြောသည်။
MCRB အနေဖြင့် CSR အစား ကွဲပြားသည့် ဝေါဟာရ ၂ ခုကို အသုံးပြုသည်ဟု Vicky Bowman ကဆိုသည်။ စီးပွားရေး လုပ်နည်းလုပ်ဟန်ပေါ်တွင် ရည်ညွှန်းသည့် “တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း” ဆိုသည့် စကားလုံး နှင့် စီးပွားရေး လုပ်ငန်းများ အတွက် အခြေခံကျသည့် ဥပဒေနှင့် ကျင့်ဝတ်များထက် ပိုလွန်သော“ လူမှုအသိုင်းအဝိုင်းတွင် ရင်းနှီးမြှုပ်နှံ ခြင်း” သို့ မဟုတ် “တန်ဘိုးဝေမျှမှုကို ဖန်တီးခြင်း” တို့ ဖြစ်သည်။
“ကျန်တာကတော့ ပရဟိတပေါ့။ စီးပွားရေးနဲ့ မဆိုင်ပါဘူး။ ပရဟိတလုပ်တာ မမှားပါဘူး။ တကယ်တော့ အဲဒါက အံ့သြစရာ ကောင်းပါတယ်။ နိုင်ငံအတွက် ဂုဏ်ယူစရာက မြန်မာနိုင်ငံက ကမ္ဘာမှာ အလှူဒါနပြုတဲ့နေရာမှာ ထိပ်တန်းက ရှိနေတယ်ဆိုတာပါပဲ” ဟု သူကပြောသည်။ လန်ဒန်အခြေစိုက် Charitable Aid Foundation ၏ ကမ္ဘာပေါ်တွင် အလှူဒါန ပြုလုပ်မှုအများဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်တွင် နောက်တကြိမ်ပြန်လည်ပါဝင်လာခဲ့ခြင်းကို ရည် ညွှန်းခြင်း ဖြစ်ပါသည်။
“ဒါပေမယ့် CSR ကို ကျောင်းတွေ၊ ဆေးခန်းတွေ ဆောက်ပေးတာနဲ့ သရုပ်ဖော်လို့ မရပါဘူး။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှု၊ အကျင့်ပျက်ခြစားမှု သို့မဟုတ် အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်မှုတွေနဲ့ ငွေရှာခဲ့တယ်ဆိုရင်ပေါ့” ဟု သူက ဆက်ပြောသည်။
CSR အတွက် အရေးပါသည်မှာ ကုမ္ပဏီတခုက လူမှုအသိုင်းအဝိုင်း၏ သဘောတူညီမှုကို ကြိုတင်ရယူဆောင်ရွက်ခြင်း (social license) ဖြစ်သည်ဟု Vicky Bowman ကဆိုသည်။
“ဒါက သပိတ်မှောက်တာတွေ ဆန္ဒပြတာတွေ မရှိဘဲနဲ့ လုပ်ကိုင်ခွင့်ရတာမျိုး ဖြစ်ပါတယ်။ မြစ်ဆုံနဲ့ ဒဂုံစီးတီး စီမံကိန်းတွေ မှာ မြင်တွေ့ရသလိုပဲ ပြည်သူရဲ့ သဘောထားထင်မြင်ချက်ကို အလေးထားမှု ပိုတိုးလာနေတဲ့ အစိုးရဆီကလည်း တရားဝင်လုပ်ကိုင်ခွင့်တွေ ပိုပြီး လွယ်လွယ်ကူကူရမှာ ဖြစ်ပါတယ်” ဟု သူကပြောသည်။ ပြည်သူတို့၏ ဆန့်ကျင်ကန့်ကွက်မှုကို ကြီးမားစွာ ကြုံတွေ့ခဲ့ရသည့် အငြင်းပွားဖွယ်ရာ ရေအားလျှပ်စစ် စီမံကိန်းနှင့် အဆင့်မြင့် အိမ်ယာ စီမံကိန်းများကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။
“သဘောတရား အရဆိုရင်တော့ ဥပဒေကို ချိုးဖောက်ခဲ့ရင် တာဝန်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းတခု မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဒီမှာက စီးပွားရေးလုပ်ငန်းတွေ အပေါ်မှာ ချမှတ်ကျင့်သုံးနေတဲ့ ဥပဒေတွေက မရှင်းလင်းမှုတွေ၊ အသစ်ဖြစ်နေ တာတွေ၊ မသိရတာတွေ၊ အငြင်းပွားဖွယ်ရာ ဖြစ်နေတာတွေ၊ အစဉ်တစိုက် ကျင့်သုံးမှုမရှိတာတွေကို မကြာခဏ တွေ့နေရပါတယ်” ဟု Vicky Bowman က ပြောသည်။ မြန်မာနိုင်ငံမှ ကုမ္ပဏီအများစု၏ အဓိက စိန်ခေါ်မှုမှာ ဥပဒေကို လေးစားလိုက် နာမှု အားနည်းခြင်း ဖြစ်ပြီး အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေစည်းကမ်းများ ရှားပါးသည့် အတွက် လေထု ရေထု ညစ် ညမ်းမှုများ ကြုံတွေ့လာရသည့်အခါတွင် ပို၍ မြင်သာထင်ရှားလာသည်ဟု သူက ထောက်ပြသည်။
ဧဒင် ကုမ္ပဏီ အုပ်စု၏ ဥက္ကဌ ဦးချစ်ခိုင် ကလည်း အလားတူ သဘောထား ရှိသည်ကိုတွေ့ရသည်။
“CSR ကို စနစ်တကျလေ့လာနိုင်ဖို့ အစိုးရက ဆောင်ရွက်ပေးဖို့ လိုနေပါတယ်။ အခုအချိန်က မိသားစု စီးပွားရေး ပုံစံကနေ နိုင်ငံတကာ စံနှုန်းပုံစံကို ပြောင်းလဲရတော့မယ့် အချိန်ပါ” ဟု ဦးချစ်ခိုင်က ပြောသည်။