ရန်ကုန် စတော့ အိတ်ချိန်း ဈေးကွက်ကြောင့် အိမ်ခြံမြေ၊ ရွှေနှင့် ကား ဈေးကွက်များတွင် ရင်းနှီးမြုပ်နှံသူ လျော့ကျဖွယ် မရှိကြောင်း လေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုသည်။
ယခင်က ငွေကြေးတတ်နိုင်သူအများစု ဝင်ရောက်ဈေးကစားခဲ့သည့် မော်တော်ကား၊ နိုင်ငံခြားငွေကြေးလဲလှယ်ခြင်း နှင့် ရွှေ ဈေးကွက် နေရာတွင် စတော့ ရှယ်ယာ ဈေးကွက် အပေါ် နေရာသစ် အဖြစ် အရင်းအနှီး ဈေးကွက်ကို ပြောင်းရွှေ့လာကြသော်လည်း အိမ်ခြံမြေ၊ ရွှေ နှင့် ကား စသည့် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံသူ လျော့ကျဖွယ် မရှိဟု သိရသည်။
မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းထုတ်လုပ် ဖြန့်ဖြူးသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက “ကားဈေးကွက် ထဲမှာလည်း ကျဆင်းသွားဖို့ မရှိပါဘူး။ FMI မှာ ရင်းနှီးမြုပ်နှံမယ့်သူတွေမှာ အိမ်ခြံမြေ နဲ့ ကားမှာ ရင်းနှီးမယ့်သူတွေ မပါပါဘူး။ စတော့ ဈေးကွက်မှာလည်း ရွေးချယ်စရာ ထောင်ချီ မရှိသေးဘူး။ မြန်မာနိုင်ငံမှာ ရှိရုံ လုပ်တာပါ။ နိုင်ငံတကာ ပုံစံမျိုး မဟုတ်သေးပါဘူး” ဟု ရှင်းပြသည်။
လက်တလောတွင် ဒေါ်လာ နှင့်ရွှေဈေးကွက် မှာလည်း ဈေးနှုန်းအတက်အကျ မြန်ဆန်နေသလို ကားဈေးကွက် ၌လည်း ဈေးကွက် ငြိမ်သက်နေသည့် အခြေအနေဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
“အိမ်ခြံမြေ ဈေးကွက်မှာ ဝင်လာမယ့် ရင်းနှီးမြုပ်နှံမှု တချို့လည်း စတော့ရှယ်ယာ ဈေးကွက်ထဲကို အထိုက်အလျောက် စီးဝင်သွားနိုင်တယ်။ ဒါပေမယ့် စတော့ရှယ်ယာ ဈေးကွက် ပေါ်လာလို့ အိမ်ခြံမြေ ဈေးကွက် အေးသွားတာ မဟုတ်ဘူး။ ဈေးကွက်က သူ့ သဘာဝအလျောက် အေးနေတာ”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဦးက သုံးသပ်သည်။
ဆက်လက်၍ ဦးသန်းဦးက “အစိုးရသစ်က မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဘယ်လို မူဝါဒ ချမှတ်ပြီး ကျင့်သုံးမလဲ။ အခုချိန်ထိ မသိရသေးဘူး။ မြန်မာနိုင်ငံရဲ့ စီးပွားရေး တစိတ်တပိုင်းဖြစ်တဲ့ အိမ်ခြံမြေအပေါ်မှာရော ဘယ်လိုမူဝါဒတွေ ရေးဆွဲမှာလဲ။ အဲဒါကို စောင့်ကြည့်ပြီးမှ အိမ်ခြံမြေ ဈေးကွက်က အေးတယ် သွက်တယ် ကျတယ် ပြောလို့ရမယ်” ဟု ပြောသည်။
စတော့ရှယ်ယာဈေးကွက် ပေါ်ထွန်းလာခြင်းသည် အိမ်ခြံမြေဈေးကွက် အပေါ်တွင် သက်ရောက်မှုရှိလာနိုင်ကြောင်း ခန့်မှန်းမှုများ ရှိနေသော်လည်း ဈေးကစားခြင်း မဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ရန်ကုန် စတော့ရှယ်ယာ အရောင်းအဝယ် ဈေးကွက် မတိုင်ခင် ကာလ က အဓိက အားဖြင့် ရွှေဈေးနှုန်းနှင့် နိုင်ငံခြားငွေ လဲလှယ်သည့် နှုန်းထားများ အပြောင်းအလဲ ဖြစ်ခဲ့သော်လည်း အိမ်ခြံမြေနှင့် ကားဈေးကွက်တွင် အပြောင်းအလဲ ထူးခြားမှု မရှိခဲ့ပေ။
မတ်လ ၂၅ ရက်မတိုင်ခင် က မီးလင်း ရွှေ (အခေါက်) တကျပ်သားလျှင် ကျပ် ၈ သိန်းကျော် အထိ ဈေးမြင့်တက်ခဲ့သော်လည်း လက်ရှိ နှုန်းထားမှာ တကျပ်သားလျှင် ၇၈၈၆၀၀ ကျပ် ဖြစ်နေရာ ဈေးနှုန်း ကျဆင်းနေကြောင်း၊ အမေရိကန် ဒေါ်လာ ဈေးနှုန်းမှာလည်း ယခင်က တဒေါ်လာလျှင် ၁၃၀၀ အထိ မြင့်တက်ခဲ့ရာက လတ်တလောတွင် ကျပ် ၁၂၀၀ ဝန်းကျင်သာ ရှိတော့ကြောင်း သိရသည်။
ပြည်တွင်း ပြည်ပ မှ ရင်းနှီးမြုပ်နှံလိုသူများ က အစိုးရသစ် ချမှတ်မည့် စီးပွားရေး မူဝါဒကို စောင့်ကြည့်နေဆဲဖြစ်ရာ အိမ်ခြံမြေ ဈေးကွက်သာမက စီးပွားရေး လုပ်ငန်း အများစု တုံ့ဆိုင်းနေသည့် ကာလဖြစ်သည်။
“အခုချိန်က အိမ်ခြံမြေကလည်း အေးတယ်။ အခြားဈေးကွက်တွေကလည်း အေးနေချိန်မှာ စတော့ရှယ်ယာက အသစ် အဆန်း ဖြစ်နေတာ။ တခြား ယှဉ်ပြိုင်နိုင်တဲ့ ကုန်ပစ္စည်း ရှိလာမှ သိရမှာ။ အခုချိန်မှာက စတော့ဈေးကွက်မှာ ရင်းနှီး မြုပ်နှံသူက စတင် ထိတွေ့တဲ့သဘောပဲ ရှိပါသေးတယ်။ ကျွမ်းကျင်မှု မရှိသေးပါဘူး။ ဒါပေမယ့် ရင်းနှီးမြုပ်နှံသူတွေ အတွက် ရွေးချယ်စရာ တိုးလာတာပေါ့။ စတော့ဈေးကွက် ဘယ်လောက် အောင်မြင်လဲ စောင့်ကြည့် ပြီးမှ ဘယ်ဈေးကွက်မှာ ကျဆင်းသွားတယ်လို့ ပြောလို့ရမှာပါ”ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးဖြစ်သည့် ရန်ကုန်စတော့ဈေးကွက်ကို မတ်လ ၂၅ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ပထမမြန်မာ ရင်းနှီး မြုပ်နှံမှုကုမ္ပဏီ (FMI) က ရှယ်ယာများကို စတင် ရောင်းချခဲ့ရာတွင် ရှယ်ယာတစုလျှင် ၃၁၀၀၀ ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ပြီး ဝယ်လိုအား များခဲ့ရာ ၄၀၀၀၀ ကျပ် ဝန်းကျင် အထိ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ဒုတိယကုမ္ပဏီ အဖြစ် သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) ကလည်း ဧပြီလကုန် တွင် စတင်၍ ရှယ်ယာ အရောင်းအဝယ် ပြုလုပ်မည်ဖြစ်ကြောင်း သိရ သည်။
မြန်မာနိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်း ဖြစ်သည့် ရန်ကုန် စတော့ အိတ်ချိန်းကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး မြန်မာ့ စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း၊ တိုကျို စတော့အိတ်ချိန်းက ၁၈ ဒသမ ၇၅ ရာခိုင်နှုန်းနှင့် ဂျပန် ဒိုင်ဝါ သုတေသနက ၃၀ ဒသမ ၂၅ ရာခိုင်နှုန်း ထည့်ဝင်၍ အကောင်အထည် ဖော်ခဲ့ကြခြင်း ဖြစ်သည်။
ရန်ကုန်စတော့ အိတ်ချိန်းသို့ ရှယ်ယာများ ဝင်ရောက် ရောင်းချခွင့် ရထားသည့် အခြားကုမ္ပဏီများမှာ မြန်မာနိုင်ငံ သားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာ့လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်းနှင့် Great Horkham ကုမ္ပဏီ တို့ဖြစ်ကြောင်း၊ ရှယ်ယာ ရောင်းချခွင့်ပြုရန် လျှောက်ထားသည့် အများပိုင်ကုမ္ပဏီများလည်း ရှိကြောင်း၊ လက်ရှိခွင့်ပြုထားသည် ကုမ္ပဏီများနှင့် ထပ်တိုးမည့် ကုမ္ပဏီများ စုစုပေါင်းလျှင် ရှယ်ယာဈေးကွက်တွင် ရောင်းချ ခွင့် ရရှိမည့် ကုမ္ပဏီ ၁၀ ခု ကျော်မည်ဖြစ်ကြောင်း သိရသည်။