သင်္ကြန် ရုံးပိတ်ရက် ကာလများအတွက် ပြေးဆွဲကြမည့် အဝေးပြေးကား လက်မှတ်ဈေးနှုန်းများကို ဈေးမြှင့် ရောင်းချပါက ရန်ကုန် တိုင်း ဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(မထသ)က အရေးယူမည်ဟု သတိပေး ထားသော်လည်း စည်းကမ်း ဖောက်ဖျက်မှုများ ရှိနေဆဲဖြစ်သည်ဟု ခရီးသည်များက ပြောဆိုကြသည်။
အဝေးပြေး ကားလက်မှတ်များ ဝယ်ယူရာတွင် အရောင်းဌာနများက ကားလက်မှတ် ဖြတ်ပိုင်းပေါ်တွင် မူရင်းဈေးနှုန်း အတိုင်း ရေး ထားသော်လည်း အမှန်တကယ်ဝယ်ယူရသည့် ကားလက်မှတ်ဈေးနှုန်းသည် နှစ်ဆနီးပါးပေး၍ ဝယ်ယူနေရကြောင်း၊ ထို့ကြောင့် တိုင်ကြားရန် အခက်အခဲဖြစ်နေကြောင်းလည်း ခရီးသည်များက ပြောဆို ကြသည်။
သင်္ကြန်ကာလအတွင်း ခရီးသွား ကားလက်မှတ်များကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုတောင်းခံပါက ကားလက်မှတ်နှင့် နိုင်ငံသားမှတ် ပုံတင် ယူဆောင်၍ တိုင်ကြားလာပါက ချက်ချင်းစိုက်လျော် ဆောင်ရွက်ပေးမည်ဟု မထသ အဝေးပြေးက ထုတ်ပြန် ပြောကြားထား သည်။
“ကားလက်မှတ်ဖြတ်တော့ ပုံမှန်ဈေးနှုန်းအတိုင်း ရေးပေးတယ်။ အမှန်တော့ တသောင်းနှစ်ထောင်ပဲ ပေးရတာကို တကယ်တမ်း ခြောက်ထောင်လောက် ပိုပေးဝယ်ရတာ။ ဒီလက်မှတ်ပြပြီး အဝေးပြေးက မထသ ရုံးကို သွားရမှာလေ။ ဘယ်လို တိုင်ရမလဲ။ သူတို့ရောင်းတဲ့ပုံစံက ယူချင်ယူ၊ မယူချင်နေ ဆိုပြီးရောင်းနေတာ။ ဒီတော့ ဘယ်လိုလုပ် တိုင်မလဲ”ဟု မန္တလေးတိုင်း ညောင်ဦးသို့ ပြန်မည့် ကိုမျိုးမင်းက ပြောသည်။
အလားတူ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သို့ သွားရောက်မည့် မနှင်းဝေထက် ကလည်း“လက်မှတ်ဝယ်ရတာ အဆင်မပြေဘူး။ ပြီးခဲ့ တဲ့လ ၁၉ ရက်က ဝယ်တာ ၉ ရက်နေ့ ပြန်ဖို့ကို လက်မှတ်မရှိဘူးပြောပြီး လက်မှတ်ဈေးကြီးတာတော့ ရှိတယ်လို့ ပြောပြန်တယ်။ အဲဒီ လက်မှတ်ဈေးတွေက အထူးဆိုရင် ကျပ် ၂၄,၀၀၀ ၊ ရိုးရိုးက ကျပ် ၂၁,၀၀၀ ရှိတယ်။ ပုံမှန်ဈေးနှုန်းထက် ပိုပေးဝယ်ခဲ့ရတယ်” ဟု ပြောပြသည်။
စည်းကမ်း ဖောက်ဖျက်သည့် အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများနှင့်ပတ်သက်၍ မတ်လ ၁၈ ရက်မှ စတင်ပြီး ယနေ့အချိန်ထိ မထသ အဝေးပြေးက စိုက်ထုတ်လျော်ကြေးပေးရသည့်ငွေ စုစုပေါင်း ၆၅၁,၀၀၀ ကျပ် ရှိခဲ့ကြောင်း၊ တိုင်ကြားခံထားသည့် ယာဉ် လိုင်း ၁၃ လိုင်း၊ လက်မှတ်ပေါင်း ၈၇ စောင်နှင့် တိုင်ကြားသူ ၃၈ ဦး ရှိနေပြီဖြစ်ကြောင်း မထသ အဝေးပြေး ဥက္ကဋ္ဌ ဦးညွှန့်ဝေက ပြော သည်။
ဦးညွှန့်ဝေက “ဒဂုံ-ဧရာနဲ့ အောင်မင်္ဂလာအဝေးပြေးကွင်းမှာ အောင်မင်္ဂလာ အဝေးပြေးက အဆိုးဆုံး။ လာတိုင်တဲ့ ယာဉ်လိုင်း ၁၃ လိုင်း မှာ ၁၀ လိုင်းက အောင်မင်္ဂလာ အဝေးပြေးကပါ။ အဓိက မကွေး၊ ပြည်၊ ချောက်၊ ရေနံချောင်း ဘက်တွေပါ။ ဈေးနှုန်းကို နှစ်ဆ နှစ်ဆခွဲ ယူထားတယ်။ မိုးရာသီနဲ့တော့ မတူဘူး။ အခုက ရက်ရှည်ရုံးပိတ်ရက် ဆိုတော့ လူများတယ်။ ကားကလည်း “ ခ ” လိုင်စင်ပဲ ကျနော်တို့က ခွင့်ပြုထားတယ်”ဟုလည်း ပြောဆိုသည်။
ပြီးခဲ့သည့်နှစ်က ယာဉ်စီးခတန်ဖိုး ပိုမိုတောင်းခံသည့် ယာဉ်လိုင်းများအား ယာဉ်တစီးလျှင် ဒဏ်ကြေးငွေ ကျပ်ငါးသောင်းဖြင့် အရေးယူခဲ့ရာ အောင်မင်္ဂလာအဝေပြေး ယာဉ်စခန်းနှင့် ဒဂုံ-ဧရာ အဝေးပြေး ယာဉ်စခန်းတို့မှ ဒဏ်ကြေးငွေ စုစုပေါင်း ကျပ် ၂၇ သိန်း ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မ.ထ.သ(အဝေးပြေး) က ပြောဆိုသည်။