ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသို့ အာဏာမလွဲပြောင်းမီ ခွင့်ပြုချက်များ အလျင်အမြန် ချထားပေးခဲ့ပြီး နောက် မတ်လ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် အချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အမေရိကန် ဒေါ်လာ ၉ ဘီလီယံ နီးပါးတိုးမြင့်လာကြောင်း ဧပြီလ ၄ရက်နေ့တွင် အစိုးရတာဝန်ရှိသူတဦးက ပြောသည်။
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်လျှင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် တိုးမြင့်လာသော ရင်းနှီးမြှုပ်နှံမှုများထဲတွင် စွမ်းအင်၊ ကုန်ထုတ်လုပ်မှုနှင့် ဆက်သွယ်ရေးကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ ဦးစန်းမြင့်က Reuters သို့ ပြောသည်။
နိုင်ငံသား ၅၁ ဒဿမ ၅ သန်းအတွက် အရေးတကြီး လိုအပ်သော အလုပ်အကိုင်ဖန်တီးရန် အခွန်အကောက်နှင့် ပို့ကုန် အခွန်များကို လျှော့ချပေးခဲ့သော မြန်မာဈေးကွက်အပေါ် စိတ်ဝင်စားမှု မြင့်တက်နေခြင်းကို ယင်းရင်းနှီးြ့မှုပ်နှံမှုများက ဖော်ပြနေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်တွင် အနိုင်ရရှိခဲ့ပြီးနောက် ၎င်းဦးဆောင်သော အစိုးရသို့ ဧပြီလတွင် အာဏာမလွဲပြောင်းမီ လုပ်ငန်းလုပ်ကိုင်ခွင့် စီမံကိန်းများကို ယခင်အစိုးရဟောင်းက ခွင့်ပြုပေးခဲ့ကြောင်း ဦးစန်းမြင့်ကပြောသည်။
“လိုအပ်တဲ့ သတင်းအချက်အလက် အားနည်းတဲ့အတွက် အချိန်အတော်ကြာကထဲက စောင့်ဆိုင်းနေရတဲ့ စီမံကိန်းတွေ ကို ဘဏ္ဍာနှစ် မဆုံးခင်မှာ အလျှင်အမြန် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်”ဟု ဦးစန်းမြင့်က ပြောသည်။
၂၀၁၃- ၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄ ဒဿမ ၁ ဘီလီယံရရှိခဲ့သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများတွင် နိုင်ငံခြား ကုမ္မဏီများက လုပ်ပိုင်ခွင့် ရရှိခဲ့ခြင်းနှင့် နိုင်ငံတကာ ဟိုတယ်လုပ်ငန်းများလည်း စတင်ဝင်ရောက်လာခြင်းတို့ကြောင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ကုန်တွင် အရေအတွက် ၂ ဆမြင့်တက်ခဲ့သည်။
နိုင်ငံခြား ရင်နှီးမြှုပ်နှံသူများ စာရင်းတွင် စင်ကာပူနိုင်ငံက ထိပ်ဆုံးမှ ရပ်တည်နေပြီး တရုတ်၊ ဟောင်ကောင်နှင့် နယ်သာလန်နိုင်ငံတို့က နောက်တွင်ရှိနေကြောင်း ဦးစန်းမြင့်ကပြောသည်။ ထို့ပြင် တွက်ချက်နေဆဲ ဖြစ်သည့် အတွက် အသေးစိတ်ကို မဖော်ပြနိုင်သေးကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် အာရှ ဖွံဖြိုးရေးဘဏ် The Asian Development Bank က မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက် မှုမှာ ၂၀၁၇ ခုနှစ် မတ်လ ဘဏ္ဍာရေးနှစ်ကုန်တွင် ၈ ဒဿမ ၄ ရာခိုင်နှုန်းအထိ ရရှိနိုင်ကြောင်း ခန့်မှန်းခဲ့သည်။
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည်လည်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် တိုးတက်လာမည့် အနေအထားရှိသည်။ အထူးစီးပွားရေးဇုန်များ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများနှင့် စွမ်းအင်လုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာနိုင်သည်”ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ပြောသည်။
သမ္မတဟောင်း ဦးသိန်စိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြုပြင်ပြောင်းလဲမှုများ စတင်ပြီးနောက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခဲ့သည်။ ဦးသိန်းစိန်သည် စစ်အုပ်ချုပ်မှု နှစ် ၅၀ အတွင်း ပိတ်ဆို့အရေးယူမှုများနှင့် မကျွမ်းကျင်သော မူဝါဒ ရေးဆွဲမှုများ အောက်တွင် ကျရောက်နေသော မြန်မာနိုင်ငံ၏ စီးပွားရေးကို ပြန်လည်ပြင်ဆင်ရန် ကျွမ်းကျင်သူ ပညာရှင် များ နိုင်ငံရေး နှင့် ကမ္ဘာ့အဆင့် ဘဏ္ဍာရေးအဖွဲ့အစည်းများထံမှ အကူအညီရယူခဲ့သော ဗိုလ်ချုပ်ဟောင်း တယောက် ဖြစ်သည်။
အနောက်တိုင်းနိုင်ငံမှ ကုန်သွယ်မှုပိတ်ပင်ခြင်း အများစုကို လျော့ချပေးသည့်အတွက် ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ခရီးသွားလုပ်ငန်းမှ စက်မှုလုပ်ငန်းအထိ၊ အခြေခံအဆောက်အအုံ၊ လေဆိပ်များနှင့် စိုက်ပျိုးမွေးမြူရေး စသည့် ကဏ္ဍများ တွင် နိုင်ငံခြားကုမ္မဏီများ လုပ်ဆောင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
စစ်တပ်မှ အာဏာမလွဲအပ်မီ ၂၀၀၉ -၂၀၁၀ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားရင်းနှီး မြှူပ်နှံမှု အမေရိကန်ဒေါ်လာ ၃၂၉ ဒဿမ ၆ သန်းရရှိခဲ့ပြီး ယခုအခါတွင် ၂၇ ဆနီးပါး တိုး၍ ဒေါ်လာ ၉ ဘီလီယံအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။