ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးထင်ကျော် ဦးဆောင်သော အစိုးရသစ် မတ်လ ၃၀ ရက်နေ့မှ စတင် အာ ဏာ ရယူ ပြီးနောက် ပြည်တွင်းငွေလဲဈေးကွက်တွင် မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု ပြန်လည် မြင့်တက် လာပြီး အမေရိကန်ဒေါ်လာနှင့်မြန်မာငွေ လဲလှယ်နှုန်းထားတွင် ကျပ်ငွေ တန်ဖိုးက တအိအိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။
ပုံမှန်းအားဖြင့် အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၃၀၀ အထိ ဈေးပေါက်ခဲ့သော်လည်း အစိုးရသစ် အာဏာ ရယူပြီးနောက် အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၂၀၀ အောက်ထိ တအိအိ ကျဆင်းခဲ့ရာ အစိုးရ သစ်ကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ တိုးလာကာ မြန်မာ့စီးပွားရေး အလျှင်အမြန် ဖွံ့ဖြိုးတိုးတက် လာမည်ဆိုသော ယူဆချက်များက မြန်မာကျပ်ငွေ မြင့်တက်လာရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်ကြောင်း စီးပွားရေးအသိုင်းအဝိုင်းက ပြောဆိုသည်။
အစိုးရသစ် စတင် အာဏာရယူချိန်သည် လက်ရှိကာလအတွင် အချိန်းအနည်းငယ်မ ျှသာရှိသေး၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ လိုသူများ၏ ကနဦးခြေလှမ်းများကို သိသာထင်ရှားစွာ မမြင်တွေ့ရသေးသော်လည်း မြန်မာနိုင်ငံသည် နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ ထိုသို့ ဖြစ်ပေါ်လာမည်ဟူသော မျှော်လင့်မှု၊ ထိုမျှော်လင့်မှုနှင့်ထပ်တူ မြန်မာ့စီးပွားရေးကောင်းမွန်လာမည့် အလားအလာများရှိလာသည်ဟူသော ယုံကြည်နေကြကြောင်း၊ အဆို ပါ ယုံကြည်မှု၏ အကျိုးသက်ရောက်မှုက လက်ရှိမြန်မာကျပ်ငွေတန်ဖိုးကို ပြန်လာမာစေပြီး မြန်မာကျပ်ငွေ အမြင့်ဆုံး မြင့်တက်မည်ဟု ထင်ကြေးပေးမှုများက စီးပွားရေးလောကအပေါ် ဂယက်ရိုက်မှုများဖြစ်ပေါ်စေကြောင်း စီးပွားရေးအသိုင်းအဝိုင်းက ဆိုသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှု အားအလွန်နည်းခြင်းနှင့် သွင်းကုန်လိုအပ်ချက်များပြားလာခြင်းကြောင့် ကုန်သွယ် ရေး လိုငွေပြကာ ထိုလိုငွေအတွက် ဒေါ်လာလိုအပ်ချက်များ၍ ငွေလဲနှုန်းမြင့်တက်ခြင်း၊ ထိုဒေါ်လာ လိုအပ်ချက် ဈေးကွက်အပေါ်တွင် ဗဟိုဘဏ်၏ ဖြည့်ဆည်းပေးနိုင်မှု တာဝန်ရှိသော်လည်း ဗဟိုဘဏ်တွင် အရန်ငွေအင်အား နည်းပါး ခြင်းကြောင့် ငွေလဲနှုန်းတည်ငြိမ်အောင် ပီပီပြင်ပြင်မဆောင်ရွက်နိုင်ခြင်း၊ ငွေကိုင်ထားသူများအတွက် ရင်းနှီးမြှုပ်နှံကစားရန် အခွင့်အလမ်းရှားပါးမှုကြောင့် ဒေါ်လာဈေးကွက်တွင် ဝင်ရောက် ဈေးကစားခြင်း တို့ အပါ အဝင် အခြားသော အချက်များနှင့်အတူ မြန်မာကျပ်ငွေသည် ယခင်အစိုးသက်တမ်း နှောင်းပိုင်းကာလ တလျှောက် မတည်ငြိမ်မှုများ ခဏခဏဖြစ်ခဲ့ပြီး ကျပ်ငွေတန်ဖိုး သိသိ သာသာကြဆင်းကာ အမေရိကန် ၁ဒေါ်လာ လျှင် မြန်မာငွေ ၁၃၀၀ ကျပ်ကျော်အထိ ငွေလှဲနှုန်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၇ ရက်နေ့ အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၁၇၅ ကျပ်ဝန်းကျင်သို့ ကျဆင်းလာပြီး တရားဝင် လိုင်စင်ဖြင့် လုပ်ကိုင်နေသော ငွေလဲကောင်တာများနှင့် ပုဂ္ဂလိဘဏ်များသည် ဒေါ်လာဝယ်ယူခြင်းကို ရပ်ဆိုင်း လိုက်ကြပြီး ဒေါ်လာအရောင်းအဝယ်သည် တရားမဝင် ငွေလဲဈေးကွက်တွင်သာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရှိရသည်။
စီးပွားရေးပညာရှင်တဦးဖြစ်သည့် ဒေါက်တာမောင်အောင်က “နိုင်ငံတကာရဲ့ ယုံကြည်မှုနဲ့ထပ်တူ မြန်မာငွေအပေါ် ယုံကြည်မှုက ပိုလာတာပေါ့။စီးပွားရေးပိတ်ဆို့မှုကလည်း မကြာခင်လွတ်လာမှာ၊လွတ်လာပြီဆိုတာနဲ့ ငွေကြေး စီးဆင်းမှုရော ကုန်သွယ်မှုရော ရင်းနှီးမြှုပ်နှံမှုရော တက်လာပြီဆို ကျန်တဲ့ ဟာတွေကလိုက်လာမယ်။ ပြောချင် တာက စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် အလားအလာ ပိုရှိတဲ့ အခါမှာ တဖက်ကလည်း မြန်မာငွေ မာလာတာ အဲ့ဒီသဘောပါပဲ၊ တိုင်းပြည်တခုရဲ့ ငွေမာတယ်၊ မမာဘူးဆိုတာ သူ့ရဲ့စီးပွားရေးကောင်းလာမှုအပေါ်မူတည်တာပဲ။ တိုင်းပြည်က စီးပွားရေးတိုးတက်နေတယ်ဆိုရင် သူ့ငွေက မာတာပဲ” ဟု ပြောသည်။
အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ ၂၀၁၆ အာရှဖွံ့ဖြိုးရေး အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှု သည် ယခု ၂၀၁၆ ခုနှစ် မတ်လကုန်အထိ ၇ ဒသမ ၂ရာခိုင်နှုန်းအထိ ရှိမည်ဟု ခန့်မှန်းခဲ့ပြီး လာမည့် ၂၀၁၇ တွင် ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိလာမည်ဟု ခန့်မှန်းကြောင်း၊ ထို့ပြင်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင် ရောက် လာမည် ဖြစ် ပြီး အထူးသဖြင့် အထူးစီးပွားရေးဇုန်များ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများနှင့် စွမ်းအင်ကဏ္ဍများတွင် ပိုမိုဝင်ရောက်လာမည်ဟု ဆိုထားသည်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သည့် အလားအလားများမြင်နေရပြီဖြစ်ပြီး ယင်းနှင့်အတူ မြန်မာ ငွေတန်ဖိုးက ပိုမိုခိုင်မာလာဖို့ ရှိသည်ဟုလည်း မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။
“နောက် ၆ လလောက်အတွင်းမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေက ပိုပြီးအားကောင်းလာဖို့ရှိတယ်။ အမေရိကားက ကုန်သည်တွေက ဇွန်လဆန်းပိုင်းမှာ လာဖို့တွေ ရှိတယ်။ဒါမျိုးတွေက အလားအလာနဲ့ တကယ်တန်း ငွေဝင်လာ ပြီဆို မြန်မာငွေကက ပိုပြီးတော တောင့်တင်းခိုင်မာလာနိုင်တယ်လို့ ထင်တယ်။ ဆက်ပြီး သိပ်မကျ ဘူးပေါ့။ အဓိကကတော့ နိုင်ငံရေးနဲ့ ယုံကြည်မှု အများကြီးပါပါတယ်။ရင်းနှီးမြှုပ်နှံသူတွေ တကယ်ကိုလာပါမယ်။ ကြိုးနီ စနစ်တွေ ပယ်ဖျက်ဖို့ပဲလိုတာပေါ့” ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။
မြန်မာနိုင်ငံတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာခြင်းနှင့် ထပ်တူ ပြည်တွင်းသို့ ဒေါ်လာစီးဆင်းမှု ပိုမို လာရန် သာ ရှိနေပြီး ငွေတန်ဖိုး မာနေမည့် အခြေအနေကိုသာ မြင်ရကြောင်း ဂျာမန်ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ GIZ ၏ ဘဏ်လုပ်ငန်း ပညာရှင် ဦးစံသိန်းက ပြောသည်။
“စီးပွားရေးမဟုတ်သောအခြားကဏ္ဍမှာ ကျနော်တို့တိုင်းပြည်က အရမ်းအားကောင်း လာတယ်ပေါ့ဗျာ။ အပြောင်း အလဲနဲ့အတူ ဒီမိုကရေစီအစိုးရဖြစ်လာတယ်။ အဲ့လိုဖြစ်လာတဲ့ အခါမှာ နိုင်ငံရေး roll ကလည်း တက်လာတယ်။ ဒါကလည်း ကဏ္ဍတခုအနေနဲ့ပါတယ်လို့ မြင်ပါတယ်။ နောက်တခု စီးပွားရေး အခြေအနေကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဝင်လာမယ်။ နိုင်ငံခြားအကူအညီတွေ ဝင်လာမယ်။အဲ့ဒီမှာ Supply of dollar က ရှိလာမယ်။ အဲ့ဒီအခါကျတော့ မြန်မာငွေ တန်ဖိုး မာလာတယ်။ ကျနေ်ာတို့ စီးပွားရေးအခြေအနေက ငွေဖောင်းပွမှုကလည်း ရှိနေတယ်ဗျ။ ငွေဖောင်းပွလေ ငွေတန်ဖိုးကျလေပဲ။ ငွေဖောင်းပွမှု ရှိလာပေမယ့် ကိုယ့်ငွေက အားကောင်း သလိုဖြစ်လာ တယ်။ ခါထိုင်းထက်နည်းနည်း ပြန်မာလာတဲ့ သဘောပေါ့” ဟု ၎င်းက ပြောသည်။
မြန်မာငွေတန်ဖိုး ပြန်လည်မာလာခြင်းသည် ခဏတဖြုတ်သာ မဟုတ်ဘဲ ရေရှည် တည်ငြိမ်စွာသွားရန် ပိုမိုအရေးကြီးကြောင်းနှင့် ထို့သို့ ဖြစ်ရန်မှာ ဗဟိုဘဏ်၏ နိုင်ငံခြားအရံငွေအင်အားတောင့်တင်းရန်နှင့် နိုင်ငံပို့ကုန် မြှင့်တင်နိုင်မှုအပေါ်တွင် မူတည်နေကြောင်း စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက သုံးသပ်သည်။
“အခုငွေတန်ဖိုးတက်နေတာကတော့ တိုင်းပြည်အပြောင်းအလဲကြောင့်လို့ ပြောနိုင်ပါတယ်။
ဆက်ပြီးမာလား၊ မမာဘူးလားဆိုတာကတော့ ပြည်ပပို့ကုန်ကို ဘယ်လောက်ထိ မြှင့်တင်ပေးနိုင်မလဲ။ နိုင်ငံခြား အရံငွေ ဘယ်လောက်ထိ တက်လာမလဲ၊ ဆိုတာပေါ် မူတည်လိပ်မယ်။ မာတယ် မမာဘူးဆိုတာထက် ရေရှည်တည်ငြိမ်တဲ့ ငွေလဲနှုန်းတခုဖြစ်လာမလားဆိုတာတော့ ကျနော် မပြောနိုင်သေးဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၏ နိုင်ငံခြားအရန်ငွေပမာဏမှာ နည်းလာလျှက်ရှိသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားပြီး ၂၀၁၄ ခုနှစ်တွင် သွင်းကုန်တန်ဖိုး ၃လစာ ရှိခဲ့ရာမှာ ယခုအခါတွင် သွင်းကုန်တန်ဖိုး ၂လခွဲစာအထိ လျော့ကြသွားကြောင်း ထုတ်ပြန်ထားကြောင်း၊ ပို့ကုန်မြှင့်တင်နိုင်မှုတွင်လည်း လက်ရှိအချိန်တွင် သိသာသော အပြောင်းအလဲမရှိသေးသည့် အပြင် လက်ရှိပြီးဆုံးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပို့ကုန်နှင့် သွင်းကုန် ကွာဟမှု များပြားချက်ကြောင့် ကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ အထိ ပြခဲ့ကြောင်း သိရှိရသည်။