၂၀၁၅-၁၆ ဘဏ္ဍာနှစ်၏ ရင်းနှီးမြုပ်နှံမှုတွင် နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှု သာမက နိုင်ငံသားရင်းနှီးမြုပ်နှံမှုတွင် ခန့်မှန်း လျှာချက်ထက် ပိုမိုရရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။
ပြီးခဲ့သည့် အစိုးရသက်တမ်းတွင် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှု လုပ်ငန်းခွင့်ပြုမှုပေါင်း ၂၁၃ ခုတွင် စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၉၄၈၁ ဒသမ ၂၇၅ ရရှိခဲ့ပြီး ခန့်မှန်းထားသည့် မပဏာထက် ပိုမိုရရှိခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။
အလားတူ မြန်မာနိုင်ငံသားများ ရင်းနှီးမြုပ်နှံမှုတွင် ခွင့်ပြုချက်ချထားပေးခဲ့သည့် လုပ်ငန်းပေါင်း ၁၅၁ ခုရှိခဲ့ပြီး စုစုပေါင်း တန်ဖိုး မြန်မာကျပ်ငွေဖြင့် သန်းပေါင်း ၅၉၃၃၂၄၅ ဒသမ ၅၆၃ ကျပ် ရရှိခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် ပိုမိုရရှိခဲ့ကြောင်း စာရင်းအရ သိရသည်။
“နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုကို FDI promotion plan အရ ၆ ဘီလီယံ ခန့်မှန်းထားပေမယ့် ဌာနတွင်းခန့်မှန်းထားတာက ၇ ဘီလီယံ ရှိထားတယ်။ မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုကလည်း ကျပ်သန်းပေါင်း ၁၅၆၂၁၆၉ ဒသမ ၈၁၂ ပဲ ခန့်မှန်း ထားတာ။ နှစ်မျိုးလုံး ပိုဝင်ခဲ့ပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စီမံရေးရာဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုတွင် ဝင်ရောက်ခဲ့သည့် နိုင်ငံပေါင်း ၂၇ နိုင်ငံအနက် အဓိက ရင်းနှီးမြုပ်နှံမှုအများဆုံး ဝင်ရောက် သည့်နိုင်ငံမှာ စင်္ကာပူနှင့် တရုတ်နိုင်ငံတို့မှဖြစ်သည်။ အခြားနိုင်ငံများဖြစ်သည့် နယ်သာလန်၊ မလေးရှား၊ ထိုင်း၊ ဟောင်ကောင် ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ယူကေနိုင်ငံတို့မှ ရင်းနှီးမြုပ်နှံမှု ဝင်ရောက်ခဲ့သည်။
နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှု အဓိကဝင်ရောက်ခဲ့သည့် လုပ်ငန်းအမျိုးအစားမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးနှင့် စက်မှုလုပ်ငန်း၊ အိမ်ယာအဆောက်အအုံ၊ လျှပ်စစ်နှင့် ဟိုတယ်ခရီးလုပ်ငန်း များတွင် ဖြစ်သည်။
“နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ၅၀ ဒသမ ၈ ရာခိုင်နှုန်း အများဆုံး ဝင်ရောက်ခဲ့တယ်။ ဒါကလည်း ရေနံချက်စက်ရုံတခုကို တနင်္သာရီဒေသမှာ ထွက်လာတဲ့ရေနံကို ပြန်ချက်မယ့် စက်ရုံအတွက် ၂ ဘီလီယံ ရေရှည် ရင်းနှီးမြုပ်နှံမှုအနေနဲ့ ဝင်ရောက်ခဲ့တယ်”ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုတွင် အများဆုံးဝင်ရောက်ခဲ့သည့် လုပ်ငန်းအမျိုးအစားမှာ အိမ်ယာဖွံ့ဖြိုးရေးကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ရင်းနှီးမြုပ်နံှများ ဝင်ရောက်ခဲ့သည်။ ထိုပြင် စက်မှုလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၊ စက်မှုဇုန်လုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းတွင်လည်း ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်ခဲ့သည်။
“ပြည်တွင်းမှာ စက်မှုထွန်းကားဖို့က ထုတ်လုပ်မှုပိုင်းက မရှိဘူး။ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ထုတ်လုပ်မှု ပိုင်းမှာ ရင်းနှီးမြုပ်နှံတာမျိုးမရှိဘူး။ သူတို့က ငွေချက်ခြင်းပေါ်မယ့် ဓာတ်ဆိဆိုင်၊ ဘဏ်လုပ်ငန်း၊ လေကြောင်းလိုင်း၊ ရှော့ပင်း မောလ် တွေမှာ ရင်းကြတယ်။ ပြည်တွင်းက နာမည်ကြီးလှပါတယ်ဆိုတဲ့ သူဌေးတွေက ဘဏ်တွေပဲ ဖွင့်ဖို့မြင်တယ်။ တကယ်တမ်း ထုတ်လုပ်ရေးပိုင်းမှာ ရင်းနှီးမြုပ်မယ်ဆိုရင် ပြည်တွင်းဈေးကွက်ကိုတောင် ထိန်းနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပိုင်းတွင် နိုင်ငံတကာမှ လက်ခံသည့် အစိုးရတက်လာခြင်းနှင့်အတူ နိုင်ငံတကာနှင့် ပူးပေါင်းရန် နှစ်ဘက်သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းများ ရှိခြင်းကြောင့် ရင်းနှီးမြုပ်နှံမှုပိုင်းတွင် အလားအလာကောင်းများ ရှိနေဦးဖြစ်ကြောင်း ထိုပြင် ရင်းနှီးမြုပ်နှံမှုများ ဝင်လာပြီးနောက်ပိုင်း မူပိုင်ခွင့်ဥပဒေများသည် အရေးကြီးလာမည်ဖြစ်သည်။
“အစိုးရသစ်မှာ MICကို ပြန်မဖွဲ့ရသေးဘူး။ အဖွဲ့ထွက်လာရင် သွားမယ့်ပုံစံတွေ ပြောနိုင်မယ်။ ကော်မရှင်ကလည်း လူ တွေရွေးပြီး ပြန်ဖွဲ့သွားမယ်။ အခုဆိုရင် ရှေ့နေချုပ် သွားနေပြီ။ ပြန်ဖွဲ့ပြီးသွားရင် ရင်းနှီးမြုပ်နှံမှုမှာ တိုးတက်မှု အလားအလာ မြင်တာက အိမ်ရာအဆောက်အအုံကဏ္ဍ ထုတ်လုပ်မှုကဏ္ဍတွေ ဖြစ်လာနိုင်တယ်” စီမံရေးရာဌာနမှ တာဝန်ရှိသူက ပြောသည်။
ယခုအစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခြင်း မလုပ်ရသေးကြောင်း ထိုပြင် ယခုတက်လာသည့် အစိုးရသက်တမ်းတွင် နိုင်ငံသားရင်းနှီးမြုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုဥပဒေကို ပေါင်းသွားမည်ဖြစ်ပြီး ၁၉၁၄ ခုနှစ်ကတည်းက ထုတ်ထားသည့် ကုမ္ပဏီများဆိုင်ရာဥပဒေကိုလည်း လွတ်တော်တွင် တင်ပြသွားမည်ဟု သိရသည်။
အာရှဖွံဖြိုးရေးဘဏ်ကလည်း “အာရှ၏ အလားအလာ အစီရင်ခံစာ ၂၀၁၆” ခရီးသွားလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းများ တွင် ရင်းနှီးမြုပ်နှံမှု တိုးတက်လာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။