မလေးရှားမှ အဝင်နည်းခြင်းနှင့် ပြည်တွင်းဆီကန်များက အလုံအလောက် မရောင်းချနိုင်၍ မန္တလေး၌ စားအုန်းဆီဈေးနှုန်း ယခုနှစ် အတွင်း အမြင့်ဆုံး ရောက်ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေသူများက ပြောသည်။
“ရန်ကုန်က ဆီကန်တွေက လိုသလောက် ထုတ်မပေးနိုင်တာရယ်၊ သင်္ကြန်နားနီး ဆီလှောင်ကြတာ ဆုံသွားတော့ မမျှော်မှန်းတဲ့ဈေးဖြစ်သွားတာ၊ ဆီအဝင်နည်းတဲ့အချိန် လုပ်စားတဲ့သူတွေကြောင့် ဈေးက ပိုကောင်းသွားတယ်”ဟု ရန်ကုန်မှ မန္တလေးဈေးကွက်သို့ စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေသည့် ဆီလုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။
ယခုနှစ်ဆန်းပိုင်းက မန္တလေးဈေးကွက်၌ စားအုန်းဆီ တပိဿာလျှင် ကျပ် ၁၄၀၀ ဝန်းကျင်သာ ရှိခဲ့သော စားအုန်းဆီ ဈေးသည် ဧပြီ ၅ ရက်တွင် တပိဿာ ၁၉၈၀ အထိဖြစ်သွားခဲ့ရာ ယခုနှစ်အတွက် အမြင့်ဆုံးဈေး ဖြစ်ကြောင်း ဆီဈေးကွက်အတွင်းမှ သိရသည်။
“ရန်ကုန်မှာရှိတဲ့ တရုတ်ပိုင် ဆီကန်တွေ ဆေးမယ်လုပ်တော့ ဆီအနယ်တွွေဖြစ်ပြီး အရောင်း ပိတ်လိုက်ရတယ်၊ လိုသလောက် ရောင်း မပေးနိုင်တော့ ဈေးက ထိုးတက်သွားတာ”ဟု မန္တလေးမြို့ရှိ ဆီစက်ပိုင်ရှင် တစ်ဦးက ပြောသည်။
ယနေ့စားအုန်းဆီဈေးသည် ၁၈၂၀ ကျပ်ဖြင့် ဈေးအနည်းငယ်ပြန်ကျသွားကြောင်း ဈေးကွက်အတွင်း ရန်ကုန်မှ စားအုန်းဆီပြန်ဝင် လာသောကြောင့် ဈေး ထပ်မတက်နိုင်ကြောင်း မန္တလေးမြို့ ဆီလုပ်ငန်းရှင်များက ခန့်မှန်းကြသည်။
မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ အမှုဆောင် ဦးသန်းလွင်က “ဆီ အတုလုပ်တဲ့ သူတွေတော့ ရိုက်ခတ်မှုနည်းနည်း ရှိမှာပေါ့၊ အရင်းကြီးတော့ အမြတ်ရတာ လျော့သွားမယ်၊ သင်္ကြန်မတိုင်ခင် ဆီပြန်ဝင်လာပြီဆိုပေမယ့် ဒီဘက် (မန္တလေး) ပို့ဖို့ အလုပ်သမားခ၊ ကားခရှိတော့ ဒီဈေးအောက်တော့ မကျနိုင်တော့ဘူး”ဟု ပြောသည်။
မလေးရှားမှ ပြည်တွင်းသို့ စားအုန်းဆီ အဓိကတင်သွင်းလျက်ရှိရာ ရန်ကုန်မှ မန္တလေးသို့ စားအုန်းဆီဖြန့်ဖြူး ရောင်းချနေသည့် ဆီ လုပ်ငန်းရှင် ၇ ဦးရှိပြီး လုပ်ငန်းရှင် တစ်ဦးလျှင် တရက် ဆီပေပါ ၁၀၀ မှ ၁၅၀ ကြား ရောင်းချခွင့်ရကြောင်း မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။