မနှစ်က ရေကြီးရေလျံမှုကြောင့် တိုင်းပြည်၏ စိုက်ပျိုးမြေ ၅ ပုံ ၁ ပုံခန့် ပျက်စီး သွားခဲ့ရသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် အစောပိုင်းတွင် ၈.၄ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု မျှော်လင့်ရကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏ Asian Development Outlook 2016 တွင် ဖော်ပြထားသည်။ ယင်းသည် အာရှနှင့် ပစိဖိတ်ဒေသတွင် အမြင့်ဆုံးနှုန်း ဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့သည့် အချိန်မှစ၍ မြန်မာ့စီးပွားရေး တိုးတက်မှု အင်အားကောင်းလာခဲ့ပြီး ၂၀၁၂ ခုနှစ်မှစ၍ GDP တိုးတက်မှုက နှစ်စဉ် ၆ ရာခိုင်နှုန်းထက် ကျော်လွန်လာခဲ့သည်။ သို့သော် ၂၀၁၅ ခုနှစ်တွင်မှု တိုင်းပြည်၏ ထိရှလွယ်သည့် စီးပွားရေးနှင့် လူမှုရေး တိုးတက်မှုများကို လမ်းချော် သွားစေနိုင်မည်ဟု အချို့က စိုးရိမ်ခဲ့ကြသော သဘာဝဘေးအန္တရာယ်တခု နှင့် ကြုံတွေ့ခဲ့ရသည်။
“၂၀၁၅ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လများတွင် ဆိုင်ကလုံးမုန်တိုင်းတခုနှင့် မုန်သုန်မိုးကြီးမားစွာ ရွာသွန်းခဲ့သည့်အတွက် ရေ လွှမ်းမိုးမှုများ၊ မြေပြိုမှုများ ပေါ်ပေါက်ခဲ့သည့်အတွက် လူ ၁၃၂ ဦးသေဆုံးခဲ့ရကာ လူ ၁.၆ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး စိုက်ပျိုးမြေ ၅ ပုံ ၁ ပုံ ပျက်စီးခဲ့ရသည်” ဟု Asian Development Outlook 2016 အစီရင်ခံစာတွင် ဖော်ပြထားသည်။
စီးပွားရေးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ခန့် ရှိမည်ဟု ခန့်မှန်းရပြီး တိုင်းပြည် GDP ၏ ၃ ရာခိုင်နှုန်း နှင့် ညီမျှသည်။ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့ရသည့် စိုက်ပျိုးရေး ကဏ္ဍက တိုင်းပြည်၏ GDP တွင် ၃၀ ရာခိုင်နှုန်း ရှိပြီး အလုပ်အကိုင်နေရာ၏ ၆၀ ရာခိုင်နှုန်းကျော် ရှိသည်။
သို့ရာတွင် တိုးတက်နေသည့် စီးပွားရေး၏ ကျန်အစိတ်အပိုင်းများကို သဘာဝဘေးအန္တရာယ်က အနည်းငယ်မျှသာ နှေးကွေးစေခဲ့ကြောင်းလည်း ADB က ဆိုသည်။ အထည်ချုပ် လုပ်ငန်းထွက်ကုန်များ နိုင်ငံခြားတင်ပို့မှုက ၂၈ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန် ဒေါ်လာ ၂ ဘီလီယံ အထိရောက်ရှိလာကြောင်းနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုလည်း အနည်းငယ် တိုးလာခဲ့ကြောင်း ဆိုသည်။
“စီးပွားရေးက သဘာဝအရင်းအမြစ်တင်ပို့မှု၊ ဆောက်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍများ တိုးတက်မှု အပေါ်တွင်သာ အခြေခံ နေရသည်” ဟု အစီရင်ခံစာက မှတ်ချက်ပြုလိုက်သည်။
နိုင်ငံရေး ပွင့်လင်းလွတ်လတ်လာမှုနှင့်အတူ ခရီးသွားလုပ်ငန်း ကဏ္ဍသည် စီးပွားရေးအတွက် အဓိကမောင်းနှင်အားတခု ဖြစ်လာခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၄.၇သန်း ဝင်ရောက်လာခဲ့ပြီး ၇၀ ရာခိုင်နှုန်းခန့်မှာ အိမ်နီးချင်းနိုင်ငံများမှတဆင့် ကုန်းလမ်းမှ ဝင်ရောက်လာကြခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ လှည့် ခရီးသည် များ၏ ငွေကြေး သုံးစွဲမှုမှာလည်း ၁၉ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံ အထိ ရှိခဲ့ကြောင်း သိရသည်။
ဖွံ့ဖြိုးတိုးတက်ရန် တာဆူနေသော်လည်း မြန်မာနိုင်ငံသည် စီးပွားရေးတွင် အရေးပါသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ အခြားသော အာရှနိုင်ငံများကဲ့သို့ပင် စီးပွားရေး အင်အားကြီးထွားသော တရုတ်နိုင်ငံ ဖွံ့ဖြိုးမှုကျဆင်းခြင်း၏ သက်ရောက်မှုကို ခံစားခဲ့ရသည်။ သို့သော်လည်း သက်ရောက်မှုက အိန္ဒိယနှင့် ထိုင်းကဲ့သို့သော အိမ်နီးချင်းနိုင်ငံများထက် နည်းပါးခဲ့သည်ဟု Asian Development Outlook 2016 အစီရင်ခံစာက ဆိုသည်။
လူမျိုးရေးနှင့် ခွဲခြားမှုဆိုင်ရာ တင်းမာမှုများကြောင့် နိုင်ငံ့ပုံရိပ် ထိခိုက်မှုများ ရှိနေဆဲဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတလွှားရှိ အခြေခံ အဆောက်အဦးများမှာလည်း အဆင့်မြှင့်တင်ရန် လိုအပ်နေကြောင်း ထောက်ပြထားသည်။ အကျင့်ပျက်ခြစားမှုကို ဖြေရှင်းရန်၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးရေးကို တွန်းအားပေးရန် လိုအပ်နေကြောင်းလည်း ပြောသည်။
စီးပွားရေး ရုတ်တရက်ဖွံ့ဖြိုးလာသည့် နိုင်ငံများတွင် တွေ့ကြုံနေကျ ပြဿနာတခုဖြစ်သော ငွေကြေးဖောင်းပွမှု အလွန်အမင်းမြင့်မားနေခြင်းနှင့် ရင်ဆိုင်နေရကြောင်း ဆိုပြီး ၂၀၁၅ ခုနှစ် ရေဘေးမှ နာလန်ပြန်ထူလာနေပြီး အခြေခံစားကုန် ဈေးနှုန်းများ ကျဆင်းလာခဲ့လျှင် လာမည့်နှစ်တွင် ငွေကြေး ဖောင်းပွမှုလျော့ကျသွားမည်ဟု မျှော်လင့်ရသည်ဟု Asian Development Outlook 2016 အစီရင်ခံစာက ဆိုသည်။
ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ထိန်းသိမ်းရမည့် အစိုးရသစ်၏ စွမ်းဆောင်ရည် နှင့် ပတ်သက်၍ မရေရာ သေးခြင်း၊ ရာသီဥတုသက်ရောက်မှုကြောင့် ထိခိုက်လွယ်ခြင်း စသည့် စိန်ခေါ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံအတွက် အလားအလာကောင်းများ ရှိနေပြီး ၂၀၁၇ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုက အာရှတွင် အမြင့်ဆုံးတခု အနေဖြင့် ၈.၃ ရာခိုင်နှုန်းတွင် ဆက်လက်ရှိနေမည်ဟု Asian Development Outlook 2016 အစီရင်ခံစာတွင် ခန့်မှန်းထားသည်။