မြန်မာနိုင်ငံ၏ စီးပွားရေး အခြေခိုင်ရန်သည် ပြည်ပသို့ ပို့ကုန်တင်ပို့မှု တိုးတက်သည့်အပေါ် မူတည်နေပြီး ၅ နှစ်အတွင်း လက်ရှိ ပို့ကုန်တန်ဖိုးထက် ၃ဆတက်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) ပြည်ထောင် စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောသည်။
၎င်းက“ကျနော်တို့က လောလောဆယ် ကြည့်မယ်ဆိုရင် ထိုင်းကို ယှဉ်ပြိုင်ဖို့ နေနေသာသာ ဗီယက်နမ်လည်း မယှဉ်နိုင်ပါဘူး။ ကမ္ဘောဒီးယားသည်ပင် ကုန်သွယ်မှုနဲ့ GDP အချိုးက ကျနော်တို့ထက် အများကြီး သာပါတယ်။ ကျနော်တို့က ဘယ်လိုလုပ်ရမလဲ ဆိုတော့ ဒီ ၅ နှစ်အတွင်းမှာ ပို့ကုန် ၃ ဆလောက် တက်မှသာလျှင် စီးပွားရေးအရ အခြေခိုင်မှာပါ။ ကျနော်တို့ဆီက ပို့ကုန်အပေါ် အခြေတည်နေပါတယ်”ဟု ပြောဆိုသည်။
ယနေ့ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ်(UMFCCI) ရုံးတွင် ပြုလုပ် သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးနှင့် လုပ်ငန်းရှင်များ ပဏာမ တွေ့ဆုံခြင်း အခမ်းအနားတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ပို့ကုန်တန်ဖိုး ၃ ဆမြှင့်တင်နိုင်ရန်အတွက် အဓိကအခြေခံအဖြစ် စဉ်းစားထားသည်မှာ လယ်ယာထုတ်ကုန်နှင့် စက်မှုကုန်ထုတ် လုပ်ငန်းများဖြစ်ပြီး တွန်းအားပေးသွားရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။
ဒေါက်တာ သန်းမြင့်က “နိုင်ငံတကာ ဈေးကွက်က လက်ခံနိုင်မယ့် ပမာဏက ၃ ဆအထိ လက်ခံနိုင်မယ်၊ ကိုယ့်ဘက်က ၃ ဆပို့နိုင် မလားဆိုတဲ့ မေးခွန်းက ရှိလာတယ်ပေါ့လေ။ အဲ့ဒါပါ။ ဒီဘက်က ၃ ဆတိုးအောင် ထုတ်ပေးနိုင်မလားပေါ့။ အဲ့ဒီမှာ ဘယ်ပေါ်အခြေခံ မလဲဆိုတော့ လယ်ယာကနေ စားသုံးကုန်အပြင် အပိုအလျှံဖြစ်အောင် ထုတ်မယ်။ အသေးစား စက်မှုလုပ်ငန်းတွေကနေ ပို့ကုန်ပြန်ဖြစ်အောင် လုပ်မယ်။ သဘာ၀ ထုတ်ကုန်ကေတော့ ပုံမှန်လောက်ဖြစ်မယ်ဆိုတဲ့အခါ လယ်ယာနဲ့ စက်မှုလုပ်ငန်းကို တွန်းအားပေး မယ်ဆိုရင် ဒါက ၃ဆ ရနိုင်မယ်လို့ စိတ်ထဲမှာ ရှိတဲ့ အတွေးနဲ့ ပြောတာပါ”ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်သည် လက်ရှိတွင် အလွန်နည်းပြီး သွင်းကုန်ကသာ အဆမတန် များပြားလာခြင်းကြောင့် ကုန်သွယ်ရေး လိုငွေများ နှစ်စဉ်ပြလာလျက်ရှိကြောင်း၊ ထိုလိုငွေများသည် ရေရှည်တွင် နိုင်ငံအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်လာမည်ဖြစ်ကြောင်း လည်း ဝန်ကြီးက ပြောသွားသည်။
ကုန်သွယ်ရေးလိုငွေ ပြမှုသည် ယခင်အစိုးရ ဘဏ္ဍာနှစ်များ အဆက်ဆက်တွင်လည်း တစတစ များပြားလာခဲ့သည်ကို အချက် အလက် များ အရ သိရသည်။
နှစ်အလိုက် ကုန်သွယ်ရေး လိုငွေပြမှုသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၄.၉ ဘီလီယံနှင့် ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၅ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း စီးပွား/ကူးသန်း က ထုတ်ပြန်ခဲ့ဖူးသည်။
ကုန်သွယ်မှု တိုးတက်ရေးနှင့်ပတ်သက်၍ ဝန်ကြီး ဒေါက်တာ သန်းမြင့်က တရားမဝင် ကုန်သွယ်မှုများသည်လည်း အရေးကြီးကြောင်း ပြောဆိုခဲ့သေးသည်။
UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်ကလည်း “တရားမဝင် ကုန်သွယ်မှုကိစ္စတွေကို တကယ့် အလေးအနက်ထားပြီး နိုင်ငံတော်ရဲ့ ဆောင် ရွက်မယ့် မူဝါဒတွေထဲမှာ မဖြစ်မနေ ပါဝင်သင့်တယ်လို့ သုံးသပ်ပါတယ်။ ဒါအလေးထား ဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်ပါတယ်”ဟု ပြော သည်။
အာရှ ဖွံ့ဖြိုးရေး ဘဏ်ကလည်း UMFCCI နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် တရားမဝင်ကုန်သွယ်မှုကိစ္စကို အရေးပါဆုံး လုပ်ရမည့် ကိစ္စအဖြစ်ပြောဆို ဆွေးနွေးခဲ့သည်ဟု ဦးဝင်းအောင်က ပြောပြသည်။