မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (Myanmar Investment Commision- MIC) ကို အသစ်ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုညွှန်ချုပ် ဦးသန်းအောင်ကျော်က ပြောသည်။
MIC သည် အရပ်ဘက်မှ ပညာရှင်များနှင့် လုပ်ငန်းရှင်များ ပါဝင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်သော်လည်း သီးခြား လွတ်လပ်သော အဖွဲ့တခု မဟုတ်ပဲ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန လက်အောက်တွင် လုပ်နေရသည့် အဖွဲ့ အဖြစ် ရပ်တည်ထားသည်ဟု သိရသည်။
၎င်း၏ အဓိက လုပ်ပိုင်ခွင့်မှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများနှင့် ပြည်တွင်း ရင်းနှီး မြှုပ်နှံမှုများကို လုပ်ပိုင်ခွင့် စိစစ်ချထား ပေးရသည့် အဖွဲ့ဖြစ်သည်။ သို့သော် အထူး စီးပွားရေး ဇုန်များနှင့် ပတ်သက်သည့် ရင်းနှီး မြှုပ်နှံမှုများကို MIC က ကိုင်တွယ် ခွင့်မရဘဲ အထူး စီးပွားရေးဇုန် ဆပ်ကော်မတီများက တိုက်ရိုက်ကိုင်တွယ် နေခြင်း ဖြစ်သည်။
ထို့နည်းတူ အချို့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ဝန်ကြီး ဌာနများနှင့် တိုက်ရိုက် ချိတ်ဆက် လုပ်ကိုင်မှုများလည်း ရှိကြောင်း သိရသည်။
အစိုးရသစ် လက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုများ ပုံမှန် ဝင်ရောက်နေပြီး လျှောက်ထားလာသည့် လျှောက်လွှာများကို စိစစ်ထားကာ ပြန်လည် ဖွဲ့စည်းမည့် MIC အသစ်က ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ဦးသန်းအောင်ကျော်က “မကြာခင်မှာ ဖွဲ့တော့မှာ ပေါ့နော်။ အဲဒါ ဖွဲ့ပြီးရင် ပရိုပိုဆယ်တွေကို ကော်မရှင်ကနေ ဆွေးနွေး သုံးသပ်ပြီး ရင်းနှီးမြှုပ်နံှမှု အသစ်တွေကို ခွင့်ပြုမှာပေါ့။ ပရိုပိုဆယ်တွေ ကတော့ လာနေတာပဲ။ ဒါတွေကိုတော့ MIC အသစ်ကပဲ ခွင့်ပြု ပိုင်ခွင့် ရှိတယ်။ အားလုံးကတော့ စိစစ်ထားပြီးပြီ” ဟု ပြောသည်။
လက်ရှိ ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် အစိုးရဘက်မှ ကျွမ်းကျင်သူများနှင့် တာဝန်ရှိသူများ ပါဝင်သလို အရပ်ဘက်မှ ပညာရှင်များနှင့် လုပ်ငန်းရှင်များလည်း ပါဝင်သည်။
MIC ကို အသစ် ပြန်လည် ဖွဲ့စည်းပါက ဥပဒေ ပိုင်းဆိုင်ရာ ပညာရှင်များလည်း ပါဝင်ရန်လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုရာတွင် နိုင်ငံ အကျိုး မထိခိုက် စေသော လုပ်ငန်းများကိုသာ အသေအချာ ရွေးချယ် ခွင့်ပြုသင့်သည်ဟု ကမ္ဘောဇဘဏ် အကြံပေး ဦးသန်းလွင်က အကြံပြု ပြောကြားသည်။
ဦးသန်းလွင် က “အရင်တုန်းက MIC မှာ ပညာရှင်တွေ လည်း ပါဝင်ဖွဲ့စည်းတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အခု ပိုသတိထားရမှာက အခု အစိုးရ လက်ထက်မှာ ရင်းနှီးမြှုပ်နှံမှုတွေက သိသိသာသာ ပိုဝင်လာဖို့ အလားအလာ ရှိတော့ အရေးကြီးတာက ကော်မရှင်ထဲမှာ ဥပဒေ ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တွေ ပါဖို့လိုတယ်။ အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ဆိုရင် အဓိကက ဥပဒေပိုင်းက ပြည့်စုံဖို့ လိုတာပဲ။ ပညာရှင်ပဲဖြစ်ဖြစ် အလျဉ်းသင့်လို့ ခန့်တာမျိုးကတော့ မကောင်းဘူး။ လေးလေးနက်နက် စဉ်းစားပြီး ခန့်ရင် ပိုသင့်တော်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
လက်ရှိ MIC တွင် ယခင် အစိုးရ လက်ထက် ဝန်ကြီးဟောင်းများ ဖြစ်သော ဦးဇေယျာအောင်က ဥက္ကဌ၊ ဦးဌေးအောင်က ဒုဥက္ကဌ တာဝန်ယူခဲ့ပြီး အတွင်းရေးမှူး အဖြစ် ဦးအောင်နိုင်ဦး က တာဝန်ယူထားသည်။ အဖွဲ့ဝင်များ အဖြစ် ဝန်ကြီးဟောင်း ဦးဝင်းထွန်း၊ ဒေါက်တာ မောင်မောင်သိမ်း၊ ဒေါက်တာ ထွန်းရှင် ၊ဒေါက်တာအောင်ထွန်းသက်၊ ဦးဝင်းခိုင်၊ ဒေါ်ခိုင်ခိုင်နွယ် စသည့် ပုဂ္ဂိုလ် စုစုပေါင်း ၁၃ ဦးနှင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းက အစိုးရသစ် လက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်မည်ဟု ယုံကြည်ထားကြပြီး အစိုးရ ကလည်း ယခု ဘဏ္ဍာနှစ်အတွက် အမေရိကန် ဒေါ်လာ ၈ ဘီလီယံခန့် ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရင်းနှီး မြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၆ ဘီလီယံ ဟု ခန့်မှန်းခဲ့ရာ လက်တွေ့ တွင် ၉ ဒသမ ၃ ဘီလီယံ အထိ ရောက်ရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရေးနှင့် ပတ်သက်၍ ဥပဒေပိုင်း ဆိုင်ရာ ပြည့်စုံမှုကို ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံသား ရင်းနှီး မြှုပ်နှံမှု ဥပဒေ ၂ ခုကို ပေါင်းစည်း ပြင်ဆင်သည့် ဥပဒေသည် ယနေ့အထိ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ ကုမ္ပဏီများ အက်ဥပဒေ မှာလည်း ပြင်ဆင်နေဆဲ အခြေအနေသာ ဖြစ်သည်။
အဆိုပါ ဥပဒေများ မှာ မြန်ဆန်စွာ ပြီးစီးနိုင်မည့် အနေအထားဖြစ်ပြီး နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ၂ ခု ကို ၁ ခုတည်း အဖြစ် ပေါင်းစည်းထားသည့် ဥပဒေသည့် ရှေ့နေချုပ်ရုံး မှတ်ချက်များ ရယူပြီးဖြစ်ကာ လွှတ်တော်တွင် တင်ပြ အတည်ပြုရန် အဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်း ဦးသန်းအောင်ကျော်က ပြောသည်။
၎င်းက “ဥပဒေ ၂ ခုကို ပေါင်းတဲ့ဟာ လွှတ်တော်တင်ဖို့ လုပ်နေတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေရယ် ၂ ခု ဖြစ်နေတာပေါ့။ အခုဟာကတော့ တခုတည်း ပေါင်းမယ်ပေါ့။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပေါ့။ ဒါကို ရှေ့နေချုပ်ရုံး အကြံပြုချက် ရပြီးပြီ” ဟု ပြောသည်။