မြန်မာနိုင်ငံ၏ လက်ရှိဘဏ်ခွဲ အများဆုံးဖြစ်သော ကမ္ဘောဇဘဏ်သည် နိုင်ငံတကာဘဏ် ကိုယ်စားလှယ်ရုံးအဖြစ် ထိုင်းနိုင်ငံတွင် စတင်ဖွင့်ခွင့်ရပြီဖြစ်ကြောင်း ယနေ့ ထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံဗဟိုဘဏ်မှ ကမ္ဘောဇဘဏ်အား ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က ဘဏ်ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ခွင့်လိုင်စင်ကို ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ယခုကဲ့သို့ ရုံးဖွင့်လှစ်ခွင့် ရရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေး ဆက်သွယ်ဆောင်ရွက်မည့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးနိုင်မည်ဟု ထုတ်ပြန်ထားသည်။
ကမ္ဘောဇဘဏ်၏ အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက “နိုင်ငံရဲ့ ငွေကြေးဈေးကွက်နဲ့ ပတ်သက်ပြီး ကျနော်တို့မှာရှိတဲ့ အတွေ့အကြုံတွေ အခြေခံပြီးတော့ ကုန်သွယ်မှုပိုင်းမှာ တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရုံမက မြန်မာနိုင်ငံထဲကို ဝင်လာလယ့် ထိုင်းစီးပွားရေး လုပ်ငန်းတွေ အတွက်လည်း အကြံပြုတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ပါတယ်” ဟု ပြောသည်။
ကမ္ဘောဇဘဏ်သည် ကိုယ်စားလှယ်ရုံး ဖွင့်ခွင့်ရသော်လည်း ဘဏ်လုပ်ငန်း စတင်လုပ်ကိုင်နိုင်ရန် ဘဏ်ခွဲဖွင့်လှစ်ခွင့်ကို လျှောက်ထားဆဲဖြစ်ပြီး ရရှိရန် စောင့်ဆိုင်းဆဲဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်၏ အကြံပေး ဦးသန်းလွင်က “ဒါပြီးရင် ဘဏ်ခွဲဖွင့်ခွင့်က ရလာမှာပေါ့။ ဘဏ်ကိုယ်စာလှယ်ရုံး ဖွင့်ခွင့်နဲ့ ဘဏ်ခွဲဖွင့်ခွင့်က ကြာတတ်လားဆိုရင် ပြောလို့မရပါဘူး။ တနိုင်ငံနဲ့ တနိုင်ငံ မတူဘူး။ ထိုင်းကတော့ နည်းနည်း မြန်ဖို့ရှိတယ်။ စင်ကာပူကျတော့ နည်းနည်း နှေးတာပေါ့ဗျာ။ ထိုင်းကတော့ ဒီမှာ နယ်စပ်ကုန်သွယ်ရေးလည်း ရှိတော့ ဒါလည်း နောက်ပိုင်းကျရင် ဘဏ်သုံးတဲ့ စနစ်များလာရင် အဆင်ပြေအောင် သူတို့လည်း မြန်မြန်ဆန်ဆန် ပေးပါလိပ်မယ်။ ဒါက ၂ နိုင်ငံ ဆက်ဆံရေးပေါ် မူတည်တာ” ဟု ပြောသည်။
ကမ္ဘောဇဘဏ်အနေဖြင့် ဘဏ်ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်ကို ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယခု ထိုင်းနိုင်ငံတွင် စတင် ဖွင့်လှစ်ခွင့်ရရှိခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ရရှိမည်ဆိုပါက အရေအတွက် ၃ သန်း နီးပါးခန့်ရှိသည်ဟု ဆိုသော မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လုပ်သားများအတွက် ငွေလွှဲငွေယူ ကိစ္စများလည်း ပိုမိုအဆင်ပြေသွားမည် ဖြစ်သည်။
ဦးသန်းလွင်က “အဆင်ပြေရင် ၂၀၁၆ ထဲမှာလည်း ဖွင့်ဖို့ ဖြစ်နိုင်တဲ့ အလားအလာ ရှိလာနိုင်ပါတယ်။ အရေးကြီးတာက ကိုယ်နိုင်ငံသားတွေ ဟိုမှာများတာကို။ ဘဏ်ခွဲသာ ဖွင့်လိုက်ရင်တော့ ငွေလွှဲကိစ္စ တော်တော် အဆင်ပြေသွားလိပ်မယ်။ရွှေ့ပြောင်း လုပ်သားတွေကလည်း များတာဆိုတော့” ဟု ပြောသည်။
ကမ္ဘောဇဘဏ်သည် ပြည်တွင်း အခွန်ထမ်းဆောင်မှုတွင် ၄ နှစ်ဆက်တိုက် အခွန်အများဆုံး ဆောင်သည့် စာရင်းဝင် လုပ်ငန်းတခုဖြစ်ပြီး မြန်မာ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန (MCRB) က သတ်မှတ်သော ပွင့်လင်းမြင်သာမှု အဆင့််သတ်မှတ်ချက်တွင်လည်း ထိပ်ဆုံးပိုင်းမှ ပါဝင်သည့် လုပ်ငန်း ဖြစ်သည်။