မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် ရှေ့အလားအလာတွင် အရောင်းအဝယ်များ ပိုဖြစ်လာနိုင်သော်လည်း ဈေးနှုန်းများ အကျဘက်သို့ ဦးတည်လာမည့် အလားအလာရှိကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များက ပြောသည်။
အစိုးရသစ်လက်ထက်တွင် အခြေခံလူတန်းစားနှင့် လူလတ်တန်းစားများအတွက် အိမ်ရာစီမံကိန်းများ မူဝါဒချမှတ်အကောင်အထည်ဖော်မည်ဟု ယုံကြည်ထားခြင်းနှင့် မြို့သစ်စီမံကိန်းများ ထပ်မံပေါ်ပေါက်လာပြီး မြေကွက်လွတ်များ ပေါ်ထွက်လာရန် ရှိခြင်းတို့ကြောင့် အရောင်းအဝယ်များ ပိုမိုဖြစ်လာနိုင်သည်ဟု အွန်လိုင်းအိမ်ခြံမြေရောင်းဝယ် ကုမ္ပဏီ imyanmarhouse.com မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။
“ဈေးကွက်က အကျဘက်ကို ဦးတည်လာတယ်လို့ ပြောလို့ ရနိုင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုရင် အစိုးရပေါ့။ အစိုးရသစ်က အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေကို ဦးတည်ပြီးတော့ မူဝါဒတွေ ဖော် ဆောင်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီလို ဖော်ဆောင်တဲ့ အခါမှာ အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေ တက်နိုင် အောင်လို့ အိမ်ခြံမြေဈေးနှုန်းတွေ မဖြစ်ဖြစ်အောင် ချပေးမယ်လို့ ယုံပါတယ်။ဒီလို မူဝါဒတွေ ချမယ်၊ စီမံကိန်း တွေ အကောင်အထည်ဖော်မယ်ဆိုရင် နောင် ၅ နှစ်အတွင်းမှာ အိမ်ခြံမြေဈေးနှုန်းတွေ ကျအောင် လုပ်ပေးမယ်လို့ယုံပါတယ်” ဟု ဦးနေမင်းသူက ပြောသည်။
မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများ ချရာတွင် စင်ကာပူနိုင်ငံကို အတုယူသင့်ပြီး စင်ကာပူနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများမြင့်တက်ခဲ့စဉ်က ရောင်းခွန် ဝယ်ခွန်များ ကောက်ယူခဲ့ပြီး ဝယ်ယူထား သူက ၁ နှစ် အတွင်း ပြန်လည်ရောင်းချပါက ရောင်းခွန်အဖြစ် ၁၆ ရာခိုင်နှုန်း ရောင်းခွန်ဆောင်ခိုင်းကြောင်း၊ ယင်းသို့ ရောင်းခွန် ဝယ်ခွန် ဆောင်ခိုင်းသည့်အတွက် ဈေးကစားမှုများ နည်းပါးသွားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကိုက်ညီသည့် မူဝါဒများ ချမှတ်လုပ်ဆောင်ရန် လိုကြောင်း ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် အိမ်ခြံမြေဈေးကွက်မှာ အေးစက်နေပြီး အစိုးရသစ်၏ မူဝါဒများအပေါ်တွင် စောင့်ကြည့်နေဆဲ အခြေအနေသာ ဖြစ်ကြောင်း၊ အစိုးရသစ်၏ အိမ်ခြံမြေနှင့် ပတ်သက်သော မူဝါဒများနှင့် စီမံကိန်းများ အပေါ် တွင် မူတည်နေကြောင်း သိရသည်။
အိမ်ခြံမြေ လောကတွင် ဈေးကွက်အေးစက်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး လွန်ခဲ့သည့် ၁ နှစ်ခန့်ကတည်းက ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ညည်းညူခဲ့ကြကြောင်း၊ ကြိုပွိုင့် စနစ်ဖြင့် ဆောက်သော ဆောက် လုပ်ရေး လုပ်ငန်းရှင် တော်တော်များများ လုပ်ငန်း မဆက်နိုင်ဘဲ ထိုင်နေခဲ့ရသည့် အဖြစ်မျိုးအထိ ရှိခဲ့ကြပြီး တိုက်ခန်းများကို ခေါ်ဈေးထက် လက်တွေ့ဈေးတွင် နှိမ့်ကာ ရောင်းချမှုများ ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
လတ်တလော ဈေးကွက်တွင် အိမ်ခြံမြေ အရောင်းအဝယ် အေးစက်နေပြီး ကန်ထရိုက် တိုက်ခန်းအရောင်း အဝယ်များ ရပ်တန့် နေကြောင်း တောဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကိုကိုထွေးက ပြောသည်။
“ဒီနေ့ အိမ်ခြံမြေဟာ ရပ်တန့်သလောက် နီးနီးကို ဖြစ်နေတယ်ဆိုတာ ရောင်းတဲ့ ဝယ်တဲ့ သူတွေ အားလုံး ခံစားနေရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လက်ထဲဝယ်ထားတဲ့ သူတွေ developer တွေကလည်း ဆက် မဆောက်နိုင်လောက်အောင် ရပ်တန့်နေပါတယ်။ဒီက အနေအထားကိုပြောမယ်ဆိုရင် ကျနော်တို့နိုင်ငံက စီးပွားရေး လုပ်ငန်းပမာဏအားဖြင့် ကြည့်မယ်ဆိုရင် အခြားနိုင်ငံတွေထက် တော်တော် ကျဉ်းမြောင်းပါတယ်။ ဒီအနေထားမှာ ဝင်ငွေနည်းပါးတဲ့သူ ပိုများပါတယ်။ ဝင်ငွေနည်းတာများတဲ့ အတွက် လက်ရှိရှိနေတဲ့ အိမ်ခြံမြေဈေးတွေ သူတို့အတွက် အလှမ်မမှီအောင် ဝေးကွာနေတယ်လို့ အားလုံးက ယူဆပါတယ်” ဟု ဦးကိုကိုထွေးက ပြောသည်။
နိုင်ငံတကာအခြေအနေတွင် ဆောက်လုပ်ရေးကုမ္ပဏီများနှင့် ဝယ်ယူလိုသူများ နှစ်ဦးနှစ်ဘက် အတွက် သင့်သင့်မျှတသော အခြေအနေနှင့် ဆောက်နိုင် နေနိုင်ရန် နှစ်ရှည်ဘဏ်ချေးငွေများဖြင့် ဖန်တီး ပေးလေ့ရှိကြောင်းလည်း ၎င်းက ပြောသည်။
သို့သော်လက်ရှိမြန်မာနိုင်ငံ၏ ဘဏ်တိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်းဖြစ်ပြီး နိုင်ငံတကာ ဘဏ်တိုးနှုန်းများနှင့် ယှဉ်လျှင် မြင့်မားနေဆဲဖြစ်ကာ နှစ်ရှည်ချေးငွေပေးနိုင်မှုလည်း မရှိကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ သိရှိရသည်။