ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် လုပ်ကွက်အသစ်၊ ဖော်ထုတ် လုပ်ကွက်နှင့် အကျိုးတူ လုပ်ကွက်များကို ကျောက်မျက် ကုမ္ပဏီ အဟောင်း၊ အသစ်များအား ထပ်မံလုပ်ကိုင်ခွင့် ပြုတော့မည် မဟုတ်ဘဲ ကျောက်စိမ်းရိုင်း သယံဇာတများ တူးဖော်ထုတ်လုပ်ခြင်းကို ကန့်သတ်သွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။
ယမန်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းနယ်မြေ၌ အတိုင်းအဆမဲ့ ကျောက်စိမ်း တူးဖော်ခြင်း၊ စည်းကမ်းမဲ့ မြေစာစွန့်ပစ်ခြင်းတို့ကြောင့် သဘာ၀ ပတ်ဝန်းကျင် ဆိုးရွာစွာ ပျက်စီးခြင်း၊ မြေစာပုံပြို၍ အသက်ဆုံးရှုံးမှုများ ဖြစ်ခြင်း တို့ကြောင့် ဒေသခံများကိုယ်တိုင်က ဆန့်ကျင် တားမြစ်နေရခြင်းတို့ ဖြစ်ပွားနေရာ နိုင်ငံတော် အစိုးရအနေဖြင့် သက်ဆိုင်ရာ ကုမ္ပဏီများအား ဥပဒေနှင့်အညီ စနစ်တကျ အချိန်မီ တားမြစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ ဝန်ကြီး ဦးအုန်းဝင်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေအား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က ပြဌာန်းခဲ့ပြီး ၎င်းဥပဒေနှင့် ကိုက်ညီသည့် နည်းဥပဒေကိုလည်း ရေးဆွဲလျက်ရှိကြောင်း၊ နည်းဥပဒေ ပြဌာန်းပြီးပါက ကျောက်မျက်ရတနာ အကြီးစားနှင့် အလတ်စား၊ အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များကို ကုမ္ပဏီအလိုက် အရည်အတွက် ကန့်သတ်၍ လုပ်ပိုင်ခွင့် ချထားပေးခြင်းဖြင့် တူးဖော်မှု လုပ်ငန်းများကို ထိန်းချုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၁၀ ဧကနှင့်အောက် လုပ်ကွက်တခုအတွက် ဘက်ဟိုး မြေတူးစက် ၅ စီး၊ မြေသယ်ယာဉ် အစီးရေ ၂၀၊ ၁၀ ဧကအထက်မှ ဧက ၃၀ အထိ ဘက်ဟိုး မြေတူးစက် ၁၂ စီး၊ မြေသယ်ယာဉ် ၃၆ စီး၊ ဧက ၃၀ အထက် လုပ်ကွက်တခုအတွက် ဘက်ဟိုး မြေတူးစက် အစီး ၂၀၊ မြေသယ်ယာဉ် ၄၈ စီးတို့ကို လုပ်ကိုင်ခွင့်ရ လုပ်ကွက်ဧရိယာ အကျယ်အဝန်းအလိုက် အသုံးပြုရမည့် စက်ယန္တရား၊ မြေသည်ယာဉ် အရည်အတွက်နှင့် ဝန်ဆောင်မှုအားကိုလည်း သတ်မှတ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
လုံးခင်း၊ ဖားကန့် ရတနာနယ်မြေရှိ ကုမ္ပဏီများအနေဖြင့် စက်ယန္တရားများ အလွန်အကျွံ သုံးစွဲမှု မရှိစေရေးအတွက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်လျက် ယင်းဒေသရှိ ယာဉ်၊ စက်ယန္တရား ၁၀၂၈၂ စီး ရှိသည့် အနက် ၆၁၀၉ စီးကိုသာ ယာဉ်အသုံးပြုခွင့် လက်မှတ်ထုတ်ပေးခဲ့ပြီး ၄၁၇၃ စီးကို လုပ်ငန်းခွင်တွင် အသုံးမပြုရေး တားမြစ်ခဲ့သည်ဟုလည်း သိရသည်။
ထို့အပြင် ယင်းဒေသတွင် ကျောက်စိမ်း တူးဖော်မှု လုပ်ငန်း၊ မြေစာစွန့်ပစ်မှု လုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း စသည်တို့ကို စနစ်တကျ စီမံခန့်ခွဲကြီးကြပ်နိုင်ရန် ဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သည့် လုံးခင်း၊ ဖားကန့် ရတနာ နယ်မြေ ကျောက်စိမ်း တူးဖော်မှု လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု ဝန်ကြီး ဦးအုန်းဝင်းက လွှတ်တော်သို့ ရှင်းလင်း ပြောကြားသည်။
ဖားကန့်ဒေသခံ ဦးဇော်မိုးက“ဘယ်အဖွဲ့တွေ ဘယ်လိုပဲ လာလုပ်လုပ် ဖားကန့်ဒေသမှာ တရားဥပဒေ စိုးမိုးရေး ရှိမှ ရမယ်။ အဲဒီလို ရှိလာအောင်လည်း ဒေသခံတွေမှာ အသိပညာတွေ ပိုလာဖို့ လိုသလို ကုမ္ပဏီ မျက်နှာကို ကြည့်တဲ့ ဦးဆောင်သူတွေကိုလည်း မရှိစေချင်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မြေစာပုံ ပြိုကျမှု ဖြစ်စဉ်များကိုလည်း ကာကွယ်နိုင်ရန် မြို့နယ် မြေစာစွန့်ပစ်မှု ကြီးကြပ်စစ်ဆေးရေး အဖွဲ့နှင့် ကွင်းဆင်း ကြီးကြပ်ရေးအဖွဲ့များကို ဖွဲ့စည်းမည်ဟုလည်း ဆိုသည်။
ဝန်ကြီး ဦးအုန်းဝင်းက “မြေစာစွန့်ပစ်တဲ့ ကုမ္ပဏီတွေနဲ့ သမဝါယမ အသင်းတွေက လိုက်နာရမယ့် စည်းကမ်းချက်တွေ ရှိပါတယ်။ သတ်မှတ် စည်းကမ်းချက်တွေကို လိုက်နာဖို့ ပျက်ကွက်ရင်တော့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူခံရမှာပါ” ဟု ပြောသည်။
ဒေသအတွင်း ပျက်စီးနေသည့် ဥရုချောင်း ထိန်းသိမ်း ကာကွယ်ရေးအတွက်လည်း ကျွမ်းကျင် ပညာရှင်များ ပါဝင်သည့် တတိယ အဖွဲ့အစည်း (Third Party) တခုကို တာဝန်ပေးအပ်၍ စစ်ဆေးတွေ့ရှိချက်အရ သဘာ၀ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (EMP) များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်တွင် သတ်မှတ်ခဲ့သည့် လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ ဧရိယာ အကျယ်အဝန်းသည် ၁၇၄၄၇၅၇ ဧက ရှိပြီး နိုင်ငံတော်နှင့် အကျိုးတူးလုပ်ကွက် ၃၀၅ ကွက်၊ ပုဂ္ဂလိက လုပ်ကွက် ၇၃၄၄ ကွက်တို့ကို လုပ်ပိုင်ခွင့် ချထားပေးလျက် ရှိကြောင်း၊ လုပ်ပိုင်ခွင့် ချထားပေးသည့် ဧရိယာသည် ရတနာမြေ ဧရိယာ၏ ၁ ဒသမ ၂၅ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့် ရတနာ နယ်မြေ၌ ကျောက်စိမ်းတူးဖော်မှုကို ကန့်သတ်ခြင်း၊ မြေစာစွန့်ပစ်ခြင်းနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာ ကုမ္ပဏီများက စနစ်တကျ ဆောင်ရွက်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီ အစီအမံများ ဆောင်ရွက်လျက်ရှိပြီး အစီအမံများအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု သိရသည်။