ရန်ကုန်မြို့လယ်ခေါင် အချက်အချာကျနေရာတွင် တည်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေဖြစ်သော ဗိုလ်ချုပ်လမ်း နှင့်ပြည်လမ်းထောင့်ရှိ မြေကွက်ပေါ်တွင် Parkway Yangon Hospital စီမံကိန်းသည် ပြည်သူ အကျိုးမပြုခြင်း၊ ပွင့်လင်းမြင် သာမှုမရှိခြင်းတို့ကြောင့် ယင်းစီမံကိန်း ရပ်ဆိုင်းရန် အရေးကြီးအဆိုကို ပြည်သူ့ လွှတ်တော်က ယနေ့ အတည်ပြု လိုက်ကြောင်း သိရှိရသည်။
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ ခွင့်ပြုခဲ့သည့် ဝန်ကြီးဌာနပိုင် မြေကို နှစ်ရှည်ငှားရမ်းကာ ပုဂ္ဂလိကဆေးရုံ တည် ဆောက် မည့် စီမံကိန်းမှာ ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် ရပ်ဆိုင်းပေးရန် အရေးကြီးအဆိုကို ရေကြည် မြို့ နယ် မှ ဒေါက်တာ စံရွှေဝင်း က မေလ ၄ရက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ခံ လွှတ် တော် ကိုယ်စားလှယ်များနှင့်အတူ ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း အဆိုကို ထောက်ခံပြီး ပြည်သူ့လွှတ်တော်က စီမံကိန်း ရပ်ဆိုင်း ရန် အဆိုကို သဘောတူညီထောက်ခံပေးလိုက်ခြင်း ဖြစ်သည်။
“ကျနော်အနေနဲ့ ကျွမ်းကျင်မှုရှှုထောင့်ကကြည့်ရင် အဖက်ဖက်ကိုစဉ်းစားတယ်။ positive ဘက်ရော Negative ဘက်ကိုပါ ခြုံငုံစဉ်းစားပြီးတဲ့အခါ အဆိုကိုထောက်ခံပါတယ်” ဟု ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုသည်။
လမ်းတော်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက Parkway Yangon Hospital စီမံကိန်းသာမက ယခင်အစိုးရလက်ထက် မတော်မတရား လုပ်ခဲ့သည့် စီမံကိန်းများအားလုံးကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ပြောဆိုသည်။
လမ်းမတော်မြို့နယ်မဲဆန္ဒနယ်က ဦးခင်မောင်ဝင်းက “ မတော်မတရား စီမံကိန်းအမည်ခံတဲ့ လုပ်ငန်းတွေကို ဆန်းစစ် ဖို့လိုပါတယ်၊ နောက်ကွယ်က အဂတိတရားတွေ ဘယ်လောက်လဲဆိုတာလည်း ဆန်းစစ်ရမှာဖြစ် ပါတယ်၊ ပြုပြင်ေ ပြာင်းလဲတယ်၊ ပြင်ဆင်တယ်ဆိုတာ မကောင်းတဲ့ အဟောင်းတွေကို ရှင်းလင်းသုတ်သင်ပြီးမှ လုပ်ဆောင်နိုင် မှာဖြစ်ပါတယ်”ဟု ပြောသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂ ဦးကမူ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍကို မြှင့်တင် အားပေးနိုင်ရေး အတွက် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကParkway Yangon Hospital တည်ဆောက်မည့် စီမံကိန်းကို စဉ်းသားသင့်သည်ဟု ပြော ဆိုပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကမူ ပုဂ္ဂလိက ဆေးရုံ တည်ဆောက်မည့်နေရာသည် အများပြည်သူ ဆေးရုံကြီးအတွက် နေရာဖြစ်သင့်သည်ဟု ဆိုကြသည်။
ပြည်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည်က “ဒီနေရာမှာ ပုဂ္ဂလိကပိုင်ဆေးရုံထက် အစိုးရ ဆေးရုံကြီးပဲ ဖြစ်သင့်ပါတယ်၊ ဆင်းရဲချမ်းသာမရွေး လာရောက်ကုသနိုင်မယ့် ဆေးရုံမျိုးပဲဖြစ်ရပါမယ်”ဟု ပြောသည်။
အဆိုပါပုဂ္ဂလိက ဆေးရုံ တည်ဆောက်မည့် မြေနေရာသည် မြန်မာ-ဂျပန် ချစ်ကြည်ရေး ဆေးရုံ တည်ဆောက်ရန် လျာ ထား သည့် မြေ ၁၀ ဒသမ ၄၄၆ ဧကအတွင်းရှိ မြေ ၄ ဒသမ ၃ဧကပေါ်တွင် တည်ဆောက်ရန် ပြန်လည်ငှားရမ်းခဲ့သည့် မြေနေရာဖြစ်သည်။
Parkway Yangon Hospital စီမံကိန်းကို အာရှ၏ အကြီးဆုံး ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတခု ဖြစ်သည့် IHH Healthcare ၏ ကုမ္ဗဏီခွဲ Parkway Healthcare Indo-China ၊ စင်ကာပူနိုင်ငံမှ Macondray Holdings နှင့် ပြည်တွင်း ကုမ္ပဏီများ ဖြစ်သည့် AMMK Medicare နှင့် Global Star တို့ ဖက်စပ်ပါဝင်သည့် Andaman Alliance Healthcare အုပ်စု က တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ Andaman Alliance Healthcare ကုမ္ဗဏီအုပ်စုတွင် ပါဝင်သော ပြည်တွင်း ကုမ္ဗဏီ ၂ ခုမှာ ဒဂုံဦးဝင်းအောင်နှင့် IBTC လုပ်ငန်းရှင် ဦးအောင်မိုးကျော် တို့ ပိုင်ဆိုင်သော ကုမ္ဗဏီခွဲများ ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဆေးရုံစီမံကိန်း တွင် ၃၇ ဒသမ ၅ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်ထားကြောင်း သိရှိရသည်။