ဧရာဝတီတိုင်း အတွင်းရှိ လယ်သမားများသည် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၉၈ ဘီလီယံကျော်အား ပြန်လည် မပေးဆပ်နိုင်ကြသေးကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးသန်းဌေးအောင်က “ဘဏ်ကနေ လယ်သမားတွေကို ထုတ်ချေးထားပြီး ပြန်ဆပ်ဖို့ ပျက်ကွက်နေတဲ့ ငွေပမာဏက ၂၀၁၂ ကနေ ၂၀၁၅ အထိဆိုရင် ကျပ်ငွေ ၁၉၈ ဘီလီယံကျော် လောက် ဖြစ်နေတယ်။ ဘိုကလေးမြို့နယ်ဆိုရင် ဧရာဝတီတိုင်းမှာတင် မဟုတ်ဘူး မြန်မာတနိုင်ငံလုံး အနေအထားနဲ့ ချေးငွေပြန်မဆပ်ဆုံး နံပါတ် ၁ မြို့နယ် ဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။
စိုက်စရိတ်ချေးငွေ ပြန်မဆပ်နိုင်သည့် ဧရာဝတီတိုင်း အတွင်းရှိ လယ်သမားများအား သက်ဆိုင်ရာမြို့နယ် လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာများက တရားလိုပြုလုပ်၍ တရားစွဲဆိုထားသည့် အမှုပေါင်း ၄၇၉ မှုရှိကြောင်း၊ တရားစွဲဆိုပြီးနောက် ချေးငွေပြန်ဆပ်သည့်အတွက် ၂၁၉ မှုကို ပိတ်သိမ်းပေးခဲ့ကြောင်း၊ လက်ရှိအချိန်အထိ အမှုပေါင်း ၂၆၀ သည် သက်ဆိုင်ရာ မြို့နယ်တရားရုံးများ၌ ရင်ဆိုင်လျှက်ရှိကြောင်း သိရသည်။
စိုက်ပျိုးစရိတ်ချေးငွေများ ပြန်မဆပ်နိုင်သည့် အခြေအနေနှင့် ပတ်သက်ပြီး ကန်ကြီးထောင့်မြို့နယ်မှ လယ်သမား ဦးမြင့်ဝင်းက “လယ်သမားတွေထဲမှာ အမှန်တကယ် လယ်တွေရေမြုပ်လို့၊ ထိခိုက်ပျက်စီးလို့ ဘဏ်ချေးငွေ ပြန်မဆပ်နိုင်တာတွေ ရှိပါတယ်။ ဒါပေမယ့် နည်းတယ်။ တကယ်တမ်း ပြန်မဆပ်နိုင်သူ အများစုက ဘဏ်ချေးငွေကို သူတို့ပေးရမယ့် တခြားအကြွေးတွေ ဆပ်တယ်။ လယ်ထဲကို မရောက်ဘူး။ အချိန်တန်လို့ စိုက်စရိတ်လိုတော့ အတိုးနဲ့ အပြင်က ချေးတယ်။ စပါးပေါ်တော့ အတိုးသမားကို ထိုးဆပ်လိုက်တယ်။ အစိုးရကို ပြန်မဆပ်နိုင်တော့ဘူး။ အများစုက အဲဒီလိုတွေ ဖြစ်နေတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်း၌ စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်သည့် ဖြစ်ရပ်များမှာ ၂၀၁၂ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၂ ခုနှစ်က မအူပင်နှင့် လပွတ္တာမြို့နယ် ၂ ခုသာ ချေးငွေအကြေဆပ်ရန် ကျန်ရှိသော်လည်း ၂၀၁၃ ခုနှစ်တွင် ဧရာဝတီတိုင်းရှိ မြို့နယ် ၂၆ မြို့နယ်အနက် ၁၈ မြို့နယ်တွင် ချေးငွေအကြေဆပ်ရန် ပျက်ကွက်ခဲ့ကြောင်း တိုင်းမြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် စာရင်းများအရ သိရသည်။
စိုက်ပျိုးစားရိတ်ချေးငွေ ကြွေးကျန်ပမာဏသည်လည်း ၂၀၁၂ ခုနှစ်တွင် ငွေကျပ်သိန်း ၄၈၀ ရှိရာမှ ၂၀၁၃ ခုနှစ်တွင် ကြွေးကျန် ငွေကျပ် ၄ ဒသမ ၇ ဘီလီယံ၊ ၂၀၁၄ ခုနှစ်တွင် ကျပ် ၂၃ ဘီလီယံနှင့် ၂၀၁၅ ခုနှစ်တွင် ၁၇၀ ဘီလီယံအထိ ရှိလာပြီး၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ စုစုပေါင်း ကြွေးကျန်ပမာဏသည် ငွေကျပ် ၁၉၈ ဒသမ ၇၈ ဘီယီယံ ရှိလာကြောင်း တိုင်းမြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဧရာဝတီတိုင်း၌ ဘိုကလေးမြို့နယ်၊ လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်း မြို့နယ်တို့သည် စိုက်စရိတ်ချေးငွေ ကြွေးကျန်အများဆုံး ကျန်ရှိနေသည့် မြို့နယ်များဖြစ်ပြီး၊ ချေးငွေပြန် မဆပ်နိုင်သည့် လယ်သမားပေါင်း ၅၁၃၆၆ ဦး ရှိနေကြောင်း တိုင်းလယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးသန်းဌေးအောင်က ပြောသည်။
“ချေးငွေတွေ ပြန်မဆပ်တာတွေ များလာတဲ့အတွက် ကျနော်တို့ မလုပ်ချင်ပေမယ့်လည်း လယ်သမားတွေကို တရားစွဲဆိုပြီး တောင်းခံရတာတွေ လုပ်ရပါတယ်။ ပြန်ရတာတွေလည်း ရှိတယ်။ မရေသေးတာတွေလည်း ရှိတာပေါ့။ ဒီပုံအတိုင်းသာ တနှစ်ထက်တနှစ် ချေးငွေကြွေးကျန်တွေ လယ်သမားတွေဆီမှာ များလာရင် နောင်ဆို နိုင်ငံတော်က ထုတ်မချေးနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် နိုင်ငံတော် ဗဟိုဘဏ်နှင့် မြန်မာ့စီးပွားရေး ဘဏ်တို့ထံမှ ငွေများချေးယူ၍ လယ်သမားများအား စိုက်ပျိုးစရိတ်အဖြစ် တဆင့်ပြန်လည် ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း ဦးသန်းဌေးအောင်းက ပြောသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က မြန်မာတနိုင်ငံလုံးရှိ လယ်သမားများအား၂၀၁၆ မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေးရန်အတွက် ဗဟိုဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်မှ ငွေကျပ် ၁၇၀၀ ဘီလီယံ ထုတ်ချေးပေးရန် တောင်းခံထားကြောင်း သိရသည်။
ဧရာဝတီတိုင်း အတွင်းရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ၂၀၁၆ မိုးစပါး စိုက်ပျိုးရာသီအတွက် တိုင်းအတွင်းရှိ လယ်ဧက၂၆ ဒသမ ၅ သိန်းကျော်အတွက် စိုက်ပျိုးစရိတ်ကျပ်ငွေ ၃၉၇ ဒသမ ၅၇ ဘီလီယံ ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။