စီးပွားရေး

ငွေကြေးခဝါချမှု မြန်မာ့စီးပွားဖွံ့ဖြိုးမှုကို ခြိမ်းခြောက်နေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ စီးပွားရေး အလျင်အမြန် တိုးတက်လာခြင်းကို ငွေကြေးခဝါချမှု တိုးလာမည့် အန္တရာယ်က ခြိမ်းခြောက်နေသည်ဟု လေ့လာစောင့်ကြည့်သူများက ပြောနေကြသည်။

ယခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေး ၈.၄ ရာခိုင်နှုန်းတိုးတက်လာမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ခန့်မှန်း ထားသော်လည်း ငွေကြေးခဝါချမှုများကို လွှတ်ပေးထားခြင်းက ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ထိခိုက်စေနိုင်သည်။

အိမ်ခြံမြေလုပ်ငန်း ကဏ္ဍသည် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတခုတွင် ဆက်လက်ကောင်းမွန်နေမည်ဟု ခန့်မှန်းရသော်လည်း အဆိုပါလုပ်ငန်းကဏ္ဍကို တရားမဝင်ငွေများကို တရားဝင်ဖြစ်အောင် ပြောင်းလဲသည့်နေရာအဖြစ် အချို့က အသုံးပြုလေ့ရှိသည်။ မြန်မာနိုင်ငံမှ ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ စာရင်း အချက်အလက်များ ရှာဖွေရန် ခက်ခဲသော်လည်း ငွေကြေးခဝါချမှု ရှိနေကြောင်းကို အလွယ်တကူ သတ်မှတ်နိုင်ပါသည်။

“မန္တလေးမှာ တရားမဝင် မူးယစ်ဆေးနဲ့ ကျောက်စိမ်း တွေကို ဥပဒေနဲ့ အညီ အရေးယူမှုတွေ လုပ်လိုက်တဲ့အခါ အိမ်ခြံမြေ ဈေးနှုန်းတွေနဲ့ တခြားစီးပွားရေးတွေ အရှိန်လျော့သွားပါတယ်။ ဒါကြောင့် ပြောင်းပြန်တွက် ကြည့်မယ်ဆိုရင် ရွှေ့ပြောင်း လာတဲ့ ငွေကြေးတွေကြောင့်၊ ရွှေ့ပြောင်းလာတဲ့ လူတွေကြောင့်၊ မူးယစ်ဆေးနဲ့ ကျောက်စိမ်းကနေရတဲ့ ငွေတွေကြောင့် အိမ်ခြံမြေလုပ်ငန်းဈေးကွက် ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်” ဟု စီးပွားရေးဆိုင်ရာ ဆောင်းပါးရှင်တဦး ဖြစ်သော ဦးခင်မောင်ညို(ဘောဂဗေဒ)က ပြောသည်။

မြန်မာနိုင်ငံတွင် အများစုက တန်ဘိုးကြီး ပစ္စည်းများ ဝယ်ယူရာတွင် ငွေသားကိုသာ အသုံးပြုသည့် အလေ့အထရှိသောကြောင့် ငွေကြေးများနောက်သို့ ခြေရာခံလိုက်ရန် ခက်ခဲစေသည်။

“ငွေသား မသုံးတော့တဲ့ တိုင်းပြည်တပြည်မှာ ဆိုရင် ငွေပေးချေဖို့ အတွက် ချက်လက်မှတ် ဒါမှမဟုတ် ခရက်ဒစ် ကတ် ဒါမှမဟုတ် အီလက်ထရောနစ် ငွေလွှဲပြောင်း စနစ်ကို သုံးမှာ ဖြစ်တဲ့ အတွက် အဲဒီငွေလွှဲပြောင်းမှုတိုင်းကို ခြေရာခံ လိုက် လို့ ရတယ်” ဟု ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) မှ ငွေကြေးခဝါချမှု ဆိုင်ရာ အကြံပေး Chris Batt ကပြောသည်။

“ဒါကြောင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ငွေကြေးရဲ့ မူလ ဇစ်မြစ်နောက်ကို လိုက်ဖို့ လွယ်တယ်။ ဒီငွေတွေဟာ ရာဇဝတ်မှု တခုခုနဲ့ ပတ်သက်ခြင်း ရှိမရှိကိုလည်း တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးဖို့ လွယ်ကူစေပါတယ်။ ငွေသားကို အခြေပြုတဲ့ စီးပွားရေး စနစ်မှာတော့ ဒီလိုလုပ်ဖို့ သိပ်အဆင်မပြေပါဘူး”ဟု သူက ထပ်ပြောသည်။

၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းပြီး ငွေကြေးခဝါချမှုကို တိုက်ဖျက်ရန် ကတိပြုခဲ့သည်။ သို့သော်လည်း ဥပဒေဆိုသည်မှာ အသုံးချခြင်းမရှိပါက အသုံးမဝင်ကြောင်း ဝေဖန်သူများက ပြောကြသည်။

“ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေကိုပြဌာန်းပြီးတဲ့နောက်မှာ နည်းဥပဒေတွေနဲ့ လုပ်ထုံးလုပ်နည်းတွေက ထွက်မလာဘူး။ ကျင့်သုံး ဆောင်ရွက်မှု မရှိဘူး။ ကျနော် မှတ်မိသလောက် ငွေကြေးခဝါချမှုနဲ့ အရေးယူတဲ့ အမှုလည်း မရှိဘူး။ ဥပဒေ တခုတည်းနဲ့ မလုံလောက်ပါဘူး။ နည်းဥပဒေတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ အသေးစိတ် ညွှန်ကြားချက်တွေ လိုအပ်ပါတယ်။ တကယ်လို့ ကျနော်တို့မှာ အဲဒါ တွေ ရှိနေရင်တောင် အရေးယူဆောင်ရွက်မယ့် အာဏာပိုင်အဖွဲ့အစည်းတွေ အင်အားကောင်းဖို့ ခိုင်မာဖို့ လည်း လိုပါသေးတယ်” ဟု ဦးခင်မောင်ညိုက ပြောသည်။

UNODC ကလည်း သဘောတူသည်။ ငွေကြေးခဝါချမှုကို လွှတ်ထားခဲ့လျှင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်သည် ဟု သူတို့ကပြောသည်။ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံ၏ စီးပွားရေးသည် စစ်မှန်သော ဖြောင့်မှန်သော လုပ်ငန်းများပေါ်တွင် အခြေမခံဘဲ ရာဇဝတ်မှုနှင့် မကင်းသည့် အခြေအနေများပေါ်တွင် အခြေခံသည်ဟု ယူဆသွားခဲ့လျှင် သူတို့၏ ယုံကြည်မှု ဆုံးရှုံးသွားနိုင်သောကြောင့် ဖြစ်သည်။

အရှေ့တောင်အာရှဒေသက တစုတစည်းဖြစ်သော စီးပွားရေး အသိုင်းအဝိုင်းတခု ဖြစ်လာနေပြီး လူများနှင့် ငွေကြေး များ လွတ်လပ်စွာ စီးဆင်းခြင်းကြောင့် ငွေကြေးခဝါချမှုများ တိုးလာနိုင်သလို ငွေကြေးများနောက်သို့ ခြေရာခံလိုက်ရန် ခက်ခဲ လာနိုင်သည်ကိုလည်း လေ့လာစောင့်ကြည့်သူများက ထောက်ပြနေကြသည်။

(Channel NewsAsia မှ သတင်းထောက် May Wong ၏ Myanmar at risk of money laundering as economy grows: Observers ကို ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading