Huawei မိုဘိုင်းဖုန်း စက်ရုံများနဲ့ Brand Shop များ သွားရောက်လေ့လာနိုင်တဲ့ Huawei Media Tour အဖြစ် မီဒီယာများကို ဖိတ်ကြားပြသတဲ့ ခရီးစဉ်ကို မေလ ၁၀ ရက်နေ့မှာ စတင်ခဲ့ပါတယ်။
ပထမဆုံး အနေနဲ့ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပတဲ့ Shanghi New International Expo Center မှာ တနှစ်တခါ ကျင်းပတဲ့ CES Asia 2016 ကို သွားရောက်လေ့လာကြပါတယ်။ ဒီပြပွဲမှာ ကမ္ဘာ့နိုင်ငံ အသီးသီးက နည်းပညာ ကုမ္ပဏီ ၃၅၀ ကျော် ပါဝင်ပြသပြီး နည်းပညာနဲ့ ပတ်သက်တဲ့ နောက်ဆုံးပေါ် ပစ္စည်းများ အစုံအလင် ပြသထားတာကို တွေ့ရပါတယ်။ နောက်ဆုံးပေါ် ဂိမ်းပစ္စည်းမျိုးစုံကလည်း ဆွဲဆောင်မှု ရှိပါတယ်။
တရုတ်နိုင်ငံ Huawei Product Line ရဲ့ ဦးဆောင်သူဖြစ်တဲ့ Mr Kevin Ho ကလည်း နည်းပညာနဲ့ ပတ်သက်ပြီး ဟောပြောပွဲ ပြုလုပ်ပါတယ်။ Huawei အနေနဲ့ UK ၊ ဂျပန်၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီ စတဲ့ နိုင်ငံကြီးများစွာ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ Research & Development Centre တွေ ဖွင့်လှစ်ထားပြီး တနှစ်စာဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံပြီးတော့ တကမ္ဘာလုံးကို ချိတ်ဆက်ပေးထားတယ်လို့ သိရပါတယ်။
နောက်ရက်တွေမှာတော့ ရှန်ဟိုင်းမှာ ရှိတဲ့ Huawei အရောင်းစင်တာဆိုင်များကို လေ့လာခဲ့ကြပြီး Huawei ရဲ့ R&D Centre ကိုလည်း သွားရောက်ခဲ့ပါတယ်။ စင်တာ အပြင်ဘက်မှာ ပန်းခြံလျှောက်လမ်းနဲ့ ဘန်ဂလိုပုံစံ အဆောက်အအုံများ ဆောက်လုပ်ထားပြီး အစည်းအဝေးလည်း လုပ်လို့ရတယ်လို့ ဆိုပါတယ်။ ဒီဘန်ဂလိုတွေမှာ ဟောလီးဝုဒ် သရုပ်ဆောင် စကားလက် ဂျိုဟန်ဆင်လည်း လာရောက် တည်းခိုဖူးပါတယ်။ စကားလက် ဂျိုဟန်ဆင်က Huawei ရဲ့ နောက်ဆုံးထုတ် P9 ဖုန်းရဲ့ Brand Ambassador တဦး ဖြစ်ပါတယ်။
တရုတ်နဲ့ ဟောင်ကောင် နယ်စပ်ကြားက Shenzhen မြို့ရှိ Huawei University နဲ့ Huawei Factory များကိုလည်း သွားရောက် လေ့လာကြပါတယ်။ အဲဒီမှာ ဖုန်းတလုံး အဆင့်ဆင့် ထုတ်လုပ်ပုံများကို လေ့လာနိုင်ပါတယ်။ Huawei P9 နဲ့ P9 Plus ကို တရုတ်နိုင်ငံမှာ ဧပြီလအတွင်းက စတင်ရောင်းချခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ဇွန်လအတွင်း စတင်ရောင်းချမယ်လို့ သိရပါတယ်။ Huawei ဟာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၇၀ ကျော်မှာ ရောင်းချဝန်ဆောင်မှု ပေးနေကြောင်း သိရပါတယ်။