ဂျပန်နှင့် မြန်မာစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေါ်လာနေခြင်းက မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်၏ “မြန်မာပြည်တွင် ပြုလုပ်သည်” လှုပ်ရှားမှုအောက်တွင် ပို့ကုန် အချက်အချာနေရာတခု အဖြစ်သို့ ပြောင်းလဲရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ပါသည်။
ယခင်က မြန်မာနိုင်ငံတွင် အခြေခံအဆောက်အဦး တည်ဆောက်ရေးအတွက် နိုင်ငံခြားမှ တင်သွင်းသည့် ပစ္စည်းများသာ ရှိခဲ့သော်လည်း ယခုအခါ ပို့ကုန်များမှတဆင့် နိုင်ငံခြား ငွေကြေးများ ရှာဖွေနိုင်ပြီ ဖြစ်သည်ဟု ဆောက်လုပ်ရေး ဝန်ကြီး ဦးဝင်းခိုင်က မေလ ၈ ရက်နေ့တွင် ပြောသည်။ ထိုနေ့က ရန်ကုန်မြို့တွင် J&M Steel Solutions၏ စက်ရုံတခု တိုးချဲ့ခြင်း ပြီးစီးသည့်အခန်းအနားသို့ သူရောက်ရှိခဲ့ပါသည်။ အဆိုပါ စက်ရုံက တံတားများတွင် အသုံးပြုသည့် သံမဏိ ဘယ်ရင် (steel bearing) ကဲ့သို့ ပစ္စည်းများကို ထုတ်လုပ်ပေးနေသည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံမှ JFE Engineering တို့ ဖက်စပ်ဖွဲ့စည်းထားသည့် J&M က ၂၀၁၄ ခုနှစ် နွေဦးတွင် စက်ရုံစတင်ဖွင့်လှစ်ခဲ့သည်။ ၂ နှစ်အတွင်းတွင် ၎င်း၏ နှစ်စဉ်ထုတ်လုပ်မှုကို တန်ချိန် ၂၀၀၀၀ အထိ ၂ဆ မြှင့်တင်နိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ထွက်ကုန် တန်ချိန် ၂၅၀ ကို လာအိုနိုင်ငံသို့ တင်ပို့ နိုင်ပြီး ယခု ဘဏ္ဍာရေးနှစ် အတွင်းတွင်လည်း ပို့ကုန်မှ ဝင်ငွေရှာဖွေနိုင်ခဲ့ပါသည်။ J&M က ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် အခြား အိမ်နီးချင်းနိုင်ငံများမှ ဖွံ့ဖြိုးရေး စီမံကိန်းများကို အဓိက ဦးတည်ပြီး ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကို တင်ပို့နိုင်ရန် မျှော်လင့်ထားသည်။
ရန်ကုန်မှ စက်ရုံသည် JFE Engineering အနေဖြင့် နိုင်ငံခြားတွင် တံတား အစိတ်အပိုင်းများထုတ်လုပ်နေသည့် တခုတည်းသော စက်ရုံဖြစ်သည်။ “နောက်ဆုံးမှာ ဒီစက်ရုံက အရှေ့အလယ်ပိုင်းနဲ့ အာဖရိက အပါအဝင် အိန္ဒိယ သမုဒ္ဒရာဒေသတခု လုံး ကို တင်ပို့မယ့် အခြေခံစခန်းတခု ဖြစ်လာနိုင်ပါတယ်” ဟု J&M ၏ ဥက္ကဌ Yasuo Shoji ကပြောသည်။
အရှေ့တောင်အာရှတွင် လုပ်ခလစာ အနည်းဆုံးဖြစ်ပြီး တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှကို ဆက်သွယ်ပေးသည့်နေရာတွင် ရှိသောကြောင့် မြန်မာနိုင်ငံသည် ပို့ကုန်များအတွက် အချက်အခြာနေရာတခု ဖြစ်လာရန် အလားအလာ အလွန်ကောင်းနေသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အားနှင့် အခြေခံ အဆောက်အဦးအားနည်းမှု၊ ကျွမ်းကျင်လုပ်သား ရှားပါးမှု တို့ကြောင့် အစဉ်အလာအားဖြင့် စိုက်ပျိုးရေး ထွက်ကုန်များနှင့် သဘာဝအရင်း အမြစ်များ တင်ပို့သည့် နိုင်ငံတခုဖြစ်ခဲ့သည်။ ရာစုနှစ်ခန့် ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးကာလအတွင်း ယှဉ်ပြိုင်နိုင်မှုနှင့် ကျွမ်းကျင်မှုများကို ထိန်းသိမ်းထားနိုင်စွမ်း ပျောက်ဆုံးခဲ့ခြင်းတို့ကြောင့် စီးပွားရေးကလည်း ရပ်တန့်ခဲ့ရသည်။
JFE Engineering ၏ မိခင် ကုမ္ပဏီဖြစ်သည့် JFE Holdings က ၂၀၀၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံမှ သင်တန်းသား ၂၅၀ ခန့် ကို ဂျပန်နိုင်ငံရှိ ၎င်းတို့၏ တံတား အစိတ်အပိုင်း ထုတ်လုပ်သည့် စက်ရုံသို့ ခေါ်ယူလေ့ကျင့်ပေးခဲ့သည်။ သင်တန်းသားများကို ဂဟေဆော်ခြင်း၊ သံဖြတ်ခြင်းကဲ့သို့သော နည်းပညာကျွမ်းကျင်မှုများ တိုးတက်လာအောင် လေ့ကျင့်ပေးခဲ့သည်။ ၎င်းတို့ထဲမှ သင်တန်းသား ၄၀ ခန့်က ရန်ကုန်တွင် J&M တွင် ဆက်လက်လုပ်ကိုင်ခဲ့ကြပြီး ရန်ကုန်တွင် စက်ရုံတည်ထောင်သည့်အခါ ပါဝင်ကူညီခဲ့ကြသည်။ J&M က ဂျပန် စတိုင် ကုန်ထုတ်လုပ်ရေး စီမံခန့်ခွဲမှုနှင့် အရည်အသွေး ထိန်းချုပ်ရေး နည်းစနစ်များ ကို မြန်မာနိုင်ငံသို့ ယူဆောင်လာခဲ့သည်။
“ကျနော်တို့က ဂျပန်ရဲ့ နည်းပညာနဲ့ မြန်မာရဲ့ ပါရမီကို ပေါင်းစပ်ပြီး ဖွံ့ဖြိုးရေးအတွက် ခြေကုပ်တခု ဖန်တီးခဲ့ပါတယ်” ဟု Yasuo Shoji ကပြောသည်။
ဂျပန်နိုင်ငံမှ Hitachi ၏ လုပ်ငန်းခွဲတခုနှင့် မြန်မာပြည်တွင်း ကုမ္ပဏီတခု ပေါင်းစပ်ထားသည့် Hitachi Soe Electric & Machinery က ပြည်ပတင်ပို့ရန် ထုတ်လုပ်ထားသည့် ထရန်စဖော်မာများကို ယခုလကုန်ပိုင်းတွင် စတင် တင်ပို့နိုင်ရန် မျှော်လင့်ထားသည်။ Hitachi မှ ထုတ်လုပ်ထားသည့် သတ္တုစပ်များကို အသုံးပြုထားသည့် အဆိုပါ ထုတ်ကုန်များက သမားရိုးကျ ထရန်စဖော်မာများ နှင့် နှိုင်းယှဉ်လျှင် စွမ်းအင်လျော့ကျမှုကို ၄၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်။ စွမ်းအင် သက်သာသည့် ထိုထရန်စဖော်မာများကို စင်ကာပူနှင့် အခြားဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရန် ကုမ္ပဏီက ကြိုးစားနေသည်။
Soe Electric & Machinery သည် မြန်မာနိုင်ငံတွင် ထရန်စဖော်မာ အများအပြားကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည့် ပထမဆုံးသော ကုမ္ပဏီဖြစ်ပြီး ပြည်တွင်းဈေးကွက်၏ ၃၀ ရာခိုင်နှုန်းကို ရရှိထားသည်။ နည်းပညာစွမ်းရည်ကို မြှင့်တင်နိုင်ရန်အတွက် သူတို့က ၂၀၁၂ ခုနှစ်နွေရာသီတွင် Hitachi ကို ကမ်းလှမ်းခဲ့သည်။ Hitachi ကလည်း မြန်မာနိုင်ငံတွင် ထရန်စဖော်မာ လိုအပ်ချက်တိုးပွားလာနေမည်ကို မျှော်လင့်၍ ဖက်စပ်လုပ်ငန်းတည်ထောင်ရန် ပြီးခဲ့သည့်နှစ်က သဘောတူလက်ခံခဲ့သည်။
Hitachi Soe Electric & Machinery ၏ ဒုတိယဥက္ကဌ ဦးကျော်မင်းထွန်းက တရုတ် နယ်စပ်နှင့် အိန္ဒိယ နယ်စပ်များအနီး စက်ရုံများ တည်ထောင်ရန် ကုမ္ပဏီက စဉ်းစားနေသည်ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် အာဏာရရှိလာခဲ့သော မြန်မာအစိုးရသစ်၏ အကြီးဆုံး စီးပွားရေး ရည်မှန်းချက်မှာ အလုပ်အကိုင်နေရာများ ဖန်တီးပေးရန် ဖြစ်သည်။ သူတို့က နိုင်ငံခြားကုန်ထုတ်လုပ်ငန်းများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာနိုင်ရန် ဆွဲဆောင်နေပြီး တိုင်းပြည်၏ နိုင်ငံခြားတင်ပို့မှုကို နောက် ၅ နှစ်အတွင်းတွင် ၃ ဆ မြင့်တင်ရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးသန်းမြင့်က ဧပြီလအတွင်း ကြေညာခဲ့သည်။
ကမ္ဘာပေါ်မှ စီးပွားရေးလုပ်ငန်းများက မြန်မာနိုင်ငံနှင့် ၎င်း၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို အနီးကပ် စောင့်ကြည့်နေကြသည်။ သို့သော်လည်း အများစုမှာ သဘာ၀ အရင်းအမြစ်ကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ သို့မဟုတ် မြန်မာပြည်တွင်း ဝယ်လိုအားကို မှီခိုမည့်လုပ်ငန်းများ ဖြစ်ကြသည်။ ကုန်ထုတ်လုပ်ရေးပိုင်းမှ ကြည့်လျှင် မြန်မာနိုင်ငံတွင် ကာလကြာရှည်စွာ ပတ်သက်မှုရှိနေခဲ့သည့် ဂျပန် ကုမ္ပဏီများက ရှေ့ဆုံးမှ ဦးဆောင်နေသည်ဟု ယူဆရပါသည်။
Mazda Motors၊ Hino Motors၊ Panasonic နှင့် Kubota တို့က ဂျပန်နိုင်ငံ၏ ဒုတိယကမ္ဘာစစ်လျော်ကြေး တစိတ်တပိုင်းအနေဖြင့် မြန်မာနိုင်ငံမှ အစိုးရပိုင် ကုမ္ပဏီများကို ၁၉၆၀နှစ်များကထဲက အကူအညီများ ပေးခဲ့ကြသည်။ အဆိုပါ ကုမ္ပဏီ ၄ ခုက ကားနှင့် စက်ကိရိယာ ပစ္စည်းများ တပ်ဆင်ရန်အတွက် ပြည်တွင်းလုပ်ငန်းများကို ကူညီခဲ့ကြသလို အရေးကြီးသည့် စက်ပစ္စည်း အစိတ်အပိုင်းများလည်း ထောက်ပံ့ခဲ့ကြသည်။
၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် စစ်အစိုးရကို အနောက်နိုင်ငံများက ပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများ ချမှတ်လာသည့် အချိန်တွင် အဆိုပါ ကုမ္ပဏီများလည်း မြန်မာနိုင်ငံကို စွန့်ခွာခြင်း သို့မဟုတ် လုပ်ငန်းလျှော့ချခြင်းများ ပြုလုပ်ခဲ့ရသည်။ သို့သော်လည်း သူတို့၏ အားထုတ်မှုများက မြန်မာ နိုင်ငံတွင် ကာလကြာရှည်စွာ အကျိုးသက်ရောက်မှု ဖြစ်ခဲ့သည်။ Mazda ၏ အကူအညီဖြင့် ပြည်တွင်းတွင် ထုတ်လုပ်ခဲ့သည့် ကားငယ်များကို မြန်မာနိုင်ငံမြို့ကြီးများ၏ လမ်းများပေါ်တွင် မြင်တွေ့နေရဆဲဖြစ်သည်။ အဆိုပါ ပစ္စည်းများမှာ ဂျပန် အမှတ်တံဆိပ်များ၏ အရည်အသွေးနှင့် ကြာရှည်ခံမှုကြောင့် ပြည်တွင်းတွင် ယုံကြည်စိတ်ချမှုကို တည်ဆောက်နိုင်ခဲ့သည်။
စစ်ဘက်က အရပ်ဘက်သို့ အာဏာလွှဲပြောင်းပေးခဲ့ပြီး အသွင်ကူးပြောင်းရေး စတင်ခဲ့သည့် ၂၀၁၁ ခုနှစ် နွေရာသီ နောက်ပိုင်းတွင် အဆိုပါ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ပြန်လည်စတင်ခဲ့သည်။ Kubota က သီလဝါ အထူးစီးပွားရေးဇုန်၌ ယခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ကြိုစားနေပြီး စိုက်ပျိုးရေး လုပ်ငန်းသုံး စက်ပစ္စည်းများကို မြန်မာနိုင်ငံတွင်းတွင် တပ်ဆင်ထုတ်လုပ်ရန်လည်း စဉ်းစားနေသည်။ ဂျပန်ကုမ္ပဏီများ သူတို့ ၏ အစဉ်အလာကောင်းများ ရှိခဲ့ရာ မြန်မာနိုင်ငံ သို့ နောက်တကြိမ် ပြန်လည်ဝင်ရောက်လာနေကြပြီ ဖြစ်ပါသည်။
(Nekkei Asia Review ပါ Motokazu Matsui ၏ Japan, Myanmar economic cooperation bearing fruit ကို ဘာသာပြန်သည်)