၂၀၁၆- ၁၇ အတွက် စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးနိုင်ရန် ဗဟိုဘဏ်မှ ငွေကျပ် ၅၀၀ ဘီလီယံ ချေးယူခြင်း သည် ငွေကြေးဖောင်းပွမှုအပေါ် တိုက်ရိုက် ဖိအားများစေနိုင်သောကြောင့် ချေးငွေကို ထိရောက်စွာ အသုံးချရန် လိုအပ် ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောသည်။
“အခုချေးငွေက ဗဟိုဘဏ်က ထုတ်ချေးပေးမယ့် ချေးငွေဖြစ်တဲ့ အတွက်ကြောင့် ငွေကြေးပမာဏကို တိုးလာစေမယ့် တိုက်ရိုက် သက်ရောက်မှုရှိပြီးတော့ ငွေကြေး ဖောင်းပွမှုအပေါ်မှာ တိုက်ရိုက် ဖိအား များမှာပါ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ချေးတဲ့ချေးငွေဟာ ငွေထုတ်ဝေမှုနဲ့ ဘီလီယံ ၅၀၀ ကို ဖြည့်ဆည်းပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် ငွေကြေးဖောင်းပွမှု အပေါ်မှာ ဖိအားများမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောသည်။
ဆက်လက်၍ သူက “အခုချေးငွေကို တောင်သူလယ်သမားများ လက်ဝယ်ကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ရောက်စေရေးနဲ့ သတ်မှတ် သက်တမ်းအပြီးမှာ ပြန်လည်ပေးဆပ်မယ် ဆိုရင်တော့ ငွေကြေးဖောင်းပွမှုအပေါ်မှာ ဖိအားကို လျော့နည်းစေမှာဖြစ်ပါတယ်။ အခုချေးငွေကို ထိရောက်စွာ အကျိုးရှိရှိ အသုံးချရန် လိုအပ်ပါတယ်”ဟု ရှင်းပြသည်။
ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တင်ပြသည့် ၂၀၁၆-၁၇ ဘဏ္ဍာ နှစ် စိုက်ပျိုးရာသီအတွင်း စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးနိုင်ရန် ဗဟိုဘဏ်မှ ကျပ် ၅၀၀ ဘီလီယံ ချေးယူခွင့်နှင့် ပတ်သက်ပြီး ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သက်သက်ခိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုး တို့ ဆွေးနွေးသည့် ဆွေးနွေးချက် အပေါ်တွင် ၎င်းက ထပ်မံထောက်ပြ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဗဟိုဘဏ်မှ ထုတ်ချေးပေးမည့် ငွေကျပ် ၅၀၀ ဘီလီယံသည် တောင်သူလယ်သမားအတွက် သက်သာသည့် အတိုးနှုန်းဖြင့် သုံးစွဲခွင့်ရရှိပြီး လယ်ယာကဏ္ဍ ထုတ်လုပ်မှုကို တိုးမြင့်စေသည့် အကျိုးရရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဥပဒေအရ တောင်သူလယ်သမားများကို တိုက်ရိုက် ငွေချေးခွင့် မရှိခြင်းကြောင့် ဥပဒေနှှင့် ညီညွှတ်စေရန် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ ထုတ်ချေးခြင်းဖြစ်ကြောင်း ဒေါ်ခင်စောဦးက ဆက်လက်ပြောဆိုသည်။
ဗဟိုဘဏ်က ချေးငွေ ထုတ်ချေးခြင်းနှင့် ပတ်သက်ပြီး ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်က “လက်ရှိ ငွေထုတ်ချေးခြင်းပုံံစံက စိုက်ပျိုးစရိတ်ချေးငွေတွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်မှာရှိတဲ့ မြန်မာလယ်ယာ စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှုဘဏ်ကဆင့် နှစ်စဉ် ဈေးကွက်ထဲမှာထက် သက်သာတဲ့ အတိုးနှုန်းဖြင့် ထုတ်ချေးနေတယ်လို့ သိရပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ချေးခြင်းဟာ မြန်မာ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ ချေးငွေပမာဏ လုံလောက်မှု မရှိတဲ့အတွက်လို့ ယူဆလို့ ရပါတယ်”ဟု လွှတ်တော် အစည်း အဝေးတွင် ပြောကြားခဲ့သည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ် စိုက်ပျိုးရာသီအတွင်း စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးနိုင်ရန် ဗဟိုဘဏ်မှ ကျပ် ၅၀၀ ဘီလီယံ ချေးယူခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၏ တင်ပြချက်အား ပြည်ထောင်စုလွတ်တော်တွင် လွတ်တော်ကိုယ်စားလှယ် ၁၇ ဦး က ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့သည်။