ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ အတွက် လိုအပ်သော ပို့ကုန်လိုင်စင်နှင့် သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို ရှေ့လာမည့် ဇွန် လ ၇ ရက်နေ့မှ စ၍ အွန်လိုင်းမှ တဆင့် အပြီးသတ် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
မေလ ၃၀ ရက်က မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တွင် ကျင်းပသော Fully Online Licensing System အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) ဒု ညွှန်ကြား ရေးမှူး ဦးဝင်းခိုင်ထွန်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
၎င်းက “၆ လပိုင်း ၇ ရက်နေ့ စမယ်။ အဓိကကတော့ လယ်ယာထွက်ကုန် ပစ္စည်းတွေ၊ နောက်ဆောက်လုပ်ရေး ပစ္စည်းအုပ်စုထဲက အချို့ပါမယ်။ လူသုံးကုန်ထဲက အမယ်တချို့ပါမယ်။ နောက် CMP(လက်ခစား) လုပ်ငန်းတွေပါမယ်”ဟု ပြောဆိုသည်။
ပို့ကုန် သွင်းကုန်လုပ်ငန်းများ အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် လိုင်စင်လုပ်ရန်လိုသော ကုန်စည် ပေါင်း ၄ ထောင်ကျော်ရှိပြီး ယခုအွန်လိုင်း စနစ်ကို ကုန်ပစ္စည်း အမည် ၅၀ ခန့်ဖြင့် စတင်ကြောင်း၊ အခြား ကုန်စည်များလည်း တဖြည်း ဖြည်း စုံလာရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆိုသည်။
ယခု အွန်လိုင်းလိုင်စင် လျှောက်ထားနိုင်သည့် ကုန်စည်များအနေဖြင့် www.myanmartradenet.com မှ တဆင့် လိုင်စင်လုပ်ထုံး လုပ်နည်းများ အတိုင်း ဖြည့်၍ လျှောက်ရမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားမှု ပြန်လည်ကျမည့် အချိန်သည် ၁၀ မိနစ်ဝန်းကျင် အတွင်း စံသတ်မှတ်ထားကြောင်း သိရသည်။
CMP လုပ်ငန်းများအနေဖြင့် www.myanmartradenet.com သို့ တိုက်ရိုက် လျှောက်ထားစရာမလိုဘဲ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းကိုသာ ဖြည့်စွက် လျှောက်ထားရုံဖြင့် စီးပွား/ကူးသန်း တွင် လျှောက်ထားပြီး ဖြစ်သည်ဟု ဆိုသည်။
ယခု လိုင်စင်လျှောက်ထားမှုတွင် ပုံမှန်လမ်းကြောင်း သင်္ဘောတင်ပို့မှုအတွက် လိုင်စင်ဖြစ်သည့် Oversea လိုင်စင်နှင့် နယ်စပ် တင်ပို့မှု လိုင်စင် ၂ခုလုံး ပါသော်လည်း နယ်စပ် ပို့ကုန် သွင်းကုန် လိုင်စင်အတွက် မြဝတီ ထွက်ပေါက်နှင့် မူဆယ်ထွက်ပေါက် ၂ခုသာ လောလောဆယ်ရမည် ဖြစ်ကြောင်း၊ အခြား နယ်စပ်ထွက်ပေါက် လိုင်စင်များ လတ်တလောရဦးမည် မဟုတ်ကြောင်း သိရ သည်။
နယ်စပ်သွင်းကုန်၊ ပို့ကုန် လိုင်စင် ကိစ္စနှင့် ပတ်သက်၍ ဦးမျိုးခိုင်ဝင်းက “နယ်စပ်လမ်းကြောင်းက မူဆယ် မြဝတီပဲ ရမယ်၊ ကျန်တဲ့ ဟာကျတော့ လိုင်စင်က ထုတ်ပေးလို့ရတယ်၊ ထုတ်ပေးတဲ့ လိုင်စင်ကို သက်ဆိုင်ရာ အကောက်ခွန်ကနေမှ အကောက်ခွန်ရှင်း လင်း ရေး လုပ်ငန်း ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ လောလောဆယ် နယ်စပ်လိုင်းတွေမှာ အကောက်ခွန် ရှင်းလင်းရေး အခက် အခဲ ရှိသေးတဲ့ အတွက် မူဆယ်နဲ့ မြဝတီကို စပြီး လုပ်ပေးတာပါ”ဟု ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနအနေဖြင့် ယခုစတင်မည့် အွန်လိုင်း လိုင်စင်စနစ်ကို ကနဦး စမ်းသပ်ကာလ အဖြစ် ၃လမှ ၆လ အထိ သတ်မှတ်ကာအချိန်ယူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ယခုကဲ့သို့ အွန်လိုင်း စနစ်ဖြင့် ပို့ကုန်သွင်းကုန် လိုင်စင်များကို ဆောင်ရွက်ပေးလိုက်ခြင်းဖြင့် အဂတိလိုက်စားမှု အခန်းကဏ္ဍကို လျော့ကြစေမည် ဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။
သွင်းကုန် လုပ်ငန်းရှင် ဦးမြတ်သင်းအောင်ကလည်း “အရင်တုန်းကဆိုရင် အန်ကယ်တို့ကုမ္ပဏီတွေက လိုင်စင်လျှောက်ဖို့လူက ၂ ယောက်လောက် ထားရတယ်။ နေပြည်တော်ကို သွားရတယ် အဲ့ဒီမှာနေရတယ်၊ တင်ရတယ်။ ပြင်ဆင်ချက်လာရင်လည်း ချက်ချင်းပြန်လာလုပ်၊ အခုလို အွန်လိုင်းမှာ ဆိုတော့ ဝန်ထမ်း မကုန်တော့ဘူးပေါ့။ ဒီဟာကို စာရွက်နောက်လိုက်ပြီး နေပြည်တော်မှာ နေခဲ့ ရတာမျိုးတွေ မလိုတော့ဘူးပေါ့။ ဟိုကမှားတယ်လို့ အကြောင်းပြန်လိုက်ရင် ဘာကြောင့်မှားတယ်ဆိုတာ သတင်းချက်ချင်းရပြီး မိနစ်ပိုင်းအတွင်း ပြန်ပြင် လုပ်လို့ရတာတွေ ဖြစ်လာတဲ့ အတွက် အားလုံးသွက်လက် မြန်ဆန်လာမယ်ပေါ့။ အခုတော့ အွန်လိုင်း ဆိုတော့ နိုင်ငံတကာ စံချိန်ဖြစ်သွားပြီပေါ့”ဟု ပြောဆိုသည်။