ယခုဘဏ္ဍာနှစ် ၂၀၁၆ – ၂၀၁၇ အတွက် နိုင်ငံတကာနှင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း)မှ သိရသည်။
“Target ကတော့ ၃၁ ဘီလီယံပေါ့။ အဲဒီအတွက်ကို ပြည်တွင်းထဲမှာ အလားအလာရှိတဲ့ ထုတ်လုပ်နိုင်တဲ့ကိစ္စ အပြင်ကို ကျနော်တို့က Re-export လိုဟာမျိုးကို ဆောင်ရွက်သွားဖို့ ပြင်ဆင်နေတာ ရှိပါတယ်။ ကုန်သွယ်မှုကို နယ်စပ်ဒေသကနေ တိုးမြှင့်နိုင်ဖို့ရော၊ ပင်လယ်ရေကြောင်းကနေ တိုးမြှင့်နိုင်ဖို့ရော၊ နောက် အခြားကုန်သွယ်ဖက် နိုင်ငံအသစ်တွေနဲ့ ဈေးကွက်အသစ်ရဖို့ရော ဆောင်ရွက် နေတယ်”ဟု စီးပွား/ကူးသန်း ညွန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။
နိုင်ငံတကာ ကုန်သွယ်မှုပမာဏသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၉ ဘီလီယံကျော်အထိ ရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် ၂၇ ဘီလီယံကျော်သာ ရရှိခဲ့ကြောင်း စီးပွား/ကူးသန်း ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပို့ကုန်တင်ပို့မှုတန်ဖိုး မြင့်မားလာစေရေးနှင့် ပတ်သက်ပြီး Re-export လုပ်ခြင်းကို ကုန်စည်အလိုက် သတ်မှတ်လုပ်ဆောင်နေကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ဆက်ပြောသည်။
“Re-export က သကြား၊ ကွမ်းသီး၊ နှမ်း၊ ဝါဂွမ်းလည်း တင်ပို့နေတယ်။ သကြားပမာဏ အရမ်းများနေပါတယ်။ သကြားက Re-export တင်ပို့တာ ခွင့်ပြုခဲ့တဲ့အချိန်ကစလို့ အခုအချိန်ထိဆိုရင် တန်ချိန် ၁ သန်းလောက် ရှိပါပြီ။ ဒါကမနှစ်က ၈ လပိုင်းလောက် က စပြီး ခွင့်ပြုခဲ့တာ”ဟုလည်း ၎င်းက ဆိုသည်။
အစိုးရသစ် လက်ထက် စီးပွား/ကူးသန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က မြန်မာနိုင်ငံ ပို့ကုန်တင်ပို့မှုကို အစိုးရသက်တမ်း ၅ နှစ်အတွင်း ၃ ဆအထိ တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထိုသို့ တင်ပို့နိုင်ရန် အတွက် အားစိုက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် မေလဆန်းပိုင်းက ရန်ကုန်မြို့ရှိ UMFCCI အသင်းချုပ်၌ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ စဉ် ပြောဆိုသည်။
ပို့ကုန်တိုးမြင့်လာရန် လယ်ယာအခြေခံသည့် ထုတ်ကုန်များနှင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ လယ်ယာနှင့်စက်မှုလုပ်ငန်းကို တွန်းအားပေးပါက ပို့ကုန် ၃ ဆ ရနိုင်မည်ဟု စဉ်းစားထားကြောင်းလည်း ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောဆိုထားသည်။
လက်ရှိအချိန်၌ မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် သွင်းကုန်တန်ဖိုးထက် များစွာနည်းပါးနေပြီး ကုန်သွယ်ရေး လိုငွေလည်း နှစ်စဉ်များပြားလျက် ရှိသည်။
နှစ်အလိုက် ကုန်သွယ်ရေး လိုငွေပြမှုသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၄.၉ ဘီလီယံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၅ ဘီလီယံ အထိ ရှိခဲ့ကြောင်း စီပွား/ကူးသန်း၏ မှတ်တမ်းအချက်အလက်များတွင် ဖော်ပြထားသည်။