မန္တလေးမြို့ရှိ မီးသင့်ခဲ့သည့် မင်္ဂလာဈေးမှ ဈေးသူဈေးသားများအတွက် ယာယီဈေးတခုကို ဈေးသူ ဈေးသားများ တောင်းဆိုထားသော ဂေါ်ရာအားကစားကွင်းတွင် ၂လအတွင်း ပြီးစီးအောင်တည်ဆောက်ပေးမည်ဖြစ်ကြောင်း
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ အတွင်းရေးမှူးဦးခင်မောင်တင်ကပြောသည်။
၂၀၁၆ ခုနှစ် မတ်လကုန်ပိုင်းက မီးသင့်ခဲ့သည့် မင်္ဂလာဈေးကြီး ပြန်လည်ဖွင့်လှစ်နိုင်ရန် တည်ဆောက်ပြုပြင်ရေး လုပ်ဆောင်နေသည့် ကြားကာလတွင် ဈေးသူဈေးသားများယာယီဈေးဖွင့်လှစ်နိုင်ရန်အတွက် မန္တလေးမြို့ ၃၅
လမ်းနှင့် ၇၁ လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်ရှိမဟာနွယ်စဉ်အားကစားကွင်း(ဂေါ်ရာကွင်း)အား အစားထိုး နေရာ ချပေးမည်ဟု သိရသည်။
“ဂေါ်ရာ”ယာယီဈေးတွင် အတည်ဆိုင်ခန်း ၃၃၆ ခန်း၊ ပျံကျဆိုင်ခန်း ၂၆၀ တို့ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက် မည်ဖြစ်ပြီး မေ ၃၀ ရက်နေ့တွင် မန္တလေးမြို့မှ ဆောက်လုပ်ရေးကုမဏီများကို တင်ဒါခေါ်ယူ၍ နေ့ချင်းပြီး ရွေးချယ်ခဲ့ကြောင်း၊ တင်ဒါကို မြန်မာခေတ်ဆောက်လုပ်ရေးကုမ္ဗဏီ ၊ KT Building Co.ltd နှင့် မဟာမြသိဂီ ၤ ကုမ္ဗဏီတို့က တင်ဒါရရှိခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီမှ သိရသည်။
“အကြမ်းဖျင်းအားဖြင့် ဈေးကြီးအသစ်ပြန်ပြုပြင်ရင် နှစ်နှစ်၊ သုံးနှစ်တော့ ကြာနိုင်မယ်။ ဒါကြောင့် ယာယီဈေး ဆိုပေမယ့် အနည်းဆုံးသုံးနှစ်လောက် ခိုင်ခံ့အောင်တည်ဆောက်ဖို့ လိုပါတယ်” ဟု ဦးခင်မောင်တင်က ပြောသည်။
မင်္ဂလာဈေးမှ ဆိုင်ခန်း ပိုင်ရှင်တစ်ဦးက “ယာယီဈေးကို ကျနော်တို့ဈေးသူ ဈေးသားတွေ တောင်းဆိုထား တဲ့နေရာမှာ ချထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ယာယီဈေး ဆောက်ပြီးရင် ဈေးသည်တွေ နေရာချ ထားတဲ့အပိုင်းမှာအဆင်ပြေဖို့နဲ့ မင်္ဂလာဈေးကြီးအမြန်ဆုံး ပြုပြင်ပြီး စီးဖို့ပဲ မျှော်လင့်ပါတယ်” ဟု ပြောသည်။
ဘောလုံးကွင်းငယ်တကွင်းစာအကျယ်ရှိသည့် ဂေါ်ရာအားကစားကွင်းတွင် ယာယီဆိုင်ခန်းများကို ဇွန်လဆန်းမှ စတင်ကာ တည်ဆောက်မည်ဖြစ်ပြီး ၂ လအတွင်း အပြီး တည်ဆောက်ရန် တင်ဒါ အောင် ဆောက်လုပ်ရေး ကုမ္ဗဏီများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ညွှန်ကြားထားကြောင်း သိရှိရသည်။
မတ်လ ၂၂ ရက်နေ့က မီးလောင်ကျွမ်းခဲ့မှုကြောင့် စုစုပေါင်းငွေကျပ် သန်းပေါင်း ၁ ထောင်ကျော် ဆုံးရှုံးခဲ့ပြီး ဆိုင်ခန်း ၃၀၀ ကျော် မီးသင့်ပျက်စီးသွားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သတင်း ထုတ်ပြန်ထားသည်။
မီးလောင်ရသည့် အကြောင်းအရင်းကို ၂ လကျော်ကြာသည့်တိုင်မသိရှိရသေးဘဲ လက်ရှိတွင် ဈေး အဆောက်အအုံ အခြေ အနေကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (မန္တလေး)၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပညာရှင်များက စစ် ဆေး နေဆဲဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
လက်ရှိတွင် မင်္ဂလာဈေးမှ ဈေးသူဈေးသားများက ဈေးကြီးအနီးရှိ နေအိမ်များတွင် ဆိုင်ခန်းနေရာ ဌားရမ်း ဖွင့် လှစ် ခြင်း၊ ယာယီနေရာချထားပေးသည့် ၃၁လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းဘေး တလျှောက်တွင် ဖွင့်လှစ် ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။